မောင်မယ်ရှောင်‌ကျေးရွာကို စစ်ကောင်စီတပ်ဝင်ပြီး ရွာသားတချို့ကိုဖမ်းဆီးထား၊ လက်နက်ကြီးငယ်တွေလည်းပစ်ခတ်နေ

မောင်မယ်ရှောင်‌ကျေးရွာကို စစ်ကောင်စီတပ်ဝင်ပြီး ရွာသားတချို့ကိုဖမ်းဆီးထား၊ လက်နက်ကြီးငယ်တွေလည်းပစ်ခတ်နေ

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်‌ကျေးရွာကို စစ်ကောင်စီတပ်သားတွေရောက်လာပြီး ရွာသားတွေကိုဖမ်းဆီးထားသလို ရွာထဲမှာပစ်ခတ်သံတွေလည်းထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်မယ်ရှောင်ရွာထဲကို ဒီနေ့မနက် ၅ နာရီ‌လောက်မှာ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်ရောက်လာပြီး ၈ နာရီဝန်းကျင်လောက်မှာတော့ နောက်ထပ်စစ်ကား လေးစီးထပ်ရောက်လာခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ ရွာသားတွေနဲ့ လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေစစ်ဆေးခဲ့ပြီးနောက် ရွာသားဆယ်ဦးဝန်းကျင်လောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“အင်အားက နည်းနည်းနောနောမဟုတ်ဘူး။ စရောက်ရောက်ချင်းရွာအဝင်မှာ ကားဆိုင်ကယ်တွေကိုစစ်နေတာ။ အဲမှာလူတချို့ကိုဖမ်းတယ်။ ပြီးတော့ ရွာထဲထပ်ဝင်ချလာတာ” မောင်မယ်ရှောင်ရွာခံ အမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ကဖမ်းဆီးထားသူတွေထဲမှာ အမျိုးသမီးရော အမျိုးသားရောပါတယ်လို့ဒေသခံကဆိုပါတယ်။

အခုမနက် ၁၁ နာရီဝန်းကျင်‌လောက်မှာတော့ မောင်မယ်ရှောင်ရွာထဲက သေနတ်ပစ်ခတ်သံတွေအများအပြားထွက်ပေါ်နေသလို နှစ်မိုင်ခန့်ဝေးတဲ့ ဇဟာရွာအမြောက်တပ် (၃၀၂)ကလည်း မောင်မယ်ရှောင်‌ကျေးရွာတဝိုက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ ရွာခံတွေက ဆိုပါတယ်။

“ပစ်သံတွေက တိုက်ပွဲပုံစံလိုမျိုးပဲ။ အဝေးကကြားတာတောင် အသံတွေတော်တော်ကြမ်းနေတယ်” လို့ ရွာထဲကနေတိမ်းရှောင်လာတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီပစ်ခတ်သံတွေဟာ စစ်ကောင်စီတပ်ကတဖက်တည်းပစ်ခတ်နေတာလား တိုက်ပွဲဖြစ်ပွားနေတာလားဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မောင်မယ်ရှောင်ကျေးရွာက ဒေသခံတချို့ကတော့ စစ်ကောင်စီတပ်သားတွဝင်လာကတည်းက နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး တချို့ကလည်း ရွာထဲမှာပဲဆက်ရှိနေတယ်လို့ ရွာခံတွေက ဆိုပါတယ်။

အခုလအစကတော့ အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီဗိုလ်ကြီးတစ်ဦး မောင်မယ်ရှောင်ရွာအနီးမှာ ပစ်သတ်ခံခဲ့ရဖူးပါတယ်။

အဲဒီနောက်မှာလည်း မောင်မယ်ရှောင်ကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေရောက်လာပြီး နှစ်ရက်အကြာတပ်စွဲခဲ့ဖူးပါတယ်။ ရွာထဲကပြန်ထွက်သွားချိန်မှာလည်း နေအိမ်နဲ့ စျေးဆိုင်တွေကနေ မြေတင်ကားသုံးစီးစာ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့နှစ်ရက် အခုလ ၁၂ ရက်နေ့ ညနေပိုင်းလည်း ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် ဆယ်မိနစ်ခန့်အကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

The Tanintharyi Times