စစ်ရေးတင်းမာနေတဲ့ ဆင်ထိုးကြီးရွာမှာအရပ်သားတချို့ ကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်

စစ်ရေးတင်းမာနေတဲ့ ဆင်ထိုးကြီးရွာမှာအရပ်သားတချို့ ကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်တပ်စွဲထားတဲ့ ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာအရှေ့ကမ်းမှာ အရပ်သားတချို့ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလ ၁၅ ရက်နေ့ ညက ဆင်ထိုးကြီးရွာအရှေ့ကမ်းကို စစ်ကောင်စီတပ်သားတွေရောက်လာပြီး ရွာထဲမှာရှိနေတဲ့ အသက် ၃၀ ကျော်အရွယ် ကိုသန်းထိုက်နဲ့ အသက် ၂၀ ကျော်အရွယ် ကိုပြဲပြဲ တို့ကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ဆိုပါတယ်။

“ဖမ်းပြီး သစ်ပင်မှာ ကြိုးနဲ့ချည်ထားတယ် မျက်နှာမှာလည်းထိုးခံထားရတယ်တဲ့။ သန်းထိုက်က ပိုနှိပ်စက်ခံရတယ်။ သူ့ဖုန်းထဲမှာ pdf တွေနဲ့စကားပြောထားတာတွေ့တယ်လည်းကြားတယ်။” လို့ စစ်ဘေးရှောင်နေရတဲ့ ဆင်ထိုးကြီးရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။

သူတို့နှစ်ဦးဖမ်းဆီခံရပြီး နာရီပိုင်းအကြာမှာ ကိုပြဲပြဲ ထွက်ပြေးလွတ်မြောက်လာပြီး ကိုသန်းထိုက်ကတော့ ဆက်ပြီးအဖမ်းခံထားရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ပြဲပြဲက စစ်တပ်လစ်တုန်း သူ့ကြိုးသူဖြည်ပြီး ထွက်ပြေးလာတာ။ သန်းထိုက်က နှိပ်စက်ခံထားရတော့ မပြေးနိုင်ဘဲကျန်ခဲ့တာ။” လို့ ဒေသခံအမျိုးသားက ပြောပါတယ်။

ကိုသန်းထိုက်ဖုန်းကို ညကအထိ ဆက်သွယ်လို့ရနေပေမယ့် ဒီနေ့မနက်မှာ ဖုန်းအဆက်အသွယ်မရတော့ဘူးလို့လည်း အဆိုပါအမျိုးသားကပြောပါတယ်။

တစ်နေ့တည်းမှာပဲ အသက် ၆၀ ကျော်အရွယ် ဦးကြည်စိုးဟာလည်း စစ်ဘေးရှောင်နေချိန် လက်မောင်းမှာ သေနတ်ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

“သူ့မိသားစုက အရင်ရက်တွေကတည်းက ပြေးပြီ။ သူပဲကျန်ခဲ့တာ။ ရွာထဲစစ်တပ်ဝင်မှတစ်ယောက်တည်းထပြေးတော့ ပစ်ခံရတယ်ဆိုတာပဲသိလိုက်တယ်။ နောက်ပိုင်းသူဘယ်လိုဖြစ်နေလဲမသိရတော့ဘူး။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဦးကြည်စိုးသေဆုံးသွားပြီလို့လည်း သတင်းတွေထွက်ပေါ်နေပြီး တနင်္သာရီတိုင်းမ်က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

အရပ်သားဖမ်းဆီး၊ ပစ်ခတ်ခံရတာတွေမတိုင်ခင် အခုလ ၁၄ ရက်နေ့ညနေက ဆင်ထိုးကြီးရွာအရှေ့ကမ်းဘုန်းကြီးကျောင်းမှာရှိနေတဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ သရက်ချောင်းမြို့နယ်(ပကဖ)ဒုတာဝန်ခံဆီက သိရပါတယ်။

တချိန်တည်းမှာပဲ ပလမြို့ရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ရဲဘော်တွေ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ အမှတ်(၁)တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေကိုလက်နက်ချဖို့ အော်လံနဲ့အော်ပြီးစည်းရုံးကမ်းလှမ်းတဲ့အချိန် မထင်မှတ်ဘဲ နှစ်ဖက်ပစ်ခတ်မှုဖြစ်သွားတာလို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

“လိုချင်လို့ရှိရင်တက်လာတိုက်လို့ပြောတော့ ရည်ရွယ်ချက်မရှိဘဲ ပစ်ခတ်မှုဖြစ်သွားတာပါ။” လို့ ပစ်ခတ်မှုအတွင်းပါဝင်ခဲ့တဲ့ ရဲဘော်က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး နောက်နှစ်နာရီလောက်အထိ စစ်ကောင်စီတပ်ရင်းတွေကနေ ပလမြို့အနီးတဝိုက်ကို လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တစ်နေ့တည်းမှာပဲ သရက်ချောင်းမြို့နယ်၊ ပန်းပြင်ရွာမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“စာသင်ကျောင်းနားမှာဖြစ်တာ။ လူထိခိုက်တော့မရှိဘူး။ ပစ်ပြီးတာနဲ့ထားဝယ်ဘက်ပြန်တက်သွားတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ပုလောမြို့နယ်က ဆင်ထိုးကြီးရွာအရှေ့ကမ်းရွာ တစ်ရွာလုံးနဲ့ သရက်ချောင်းမြို့နယ် ပန်းပြင်ရွာက အိမ်ထောင်စု တချို့တဝက် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလ ဒုတိယပတ်အတွင်းမှာလည်း တနင်္သာရီမြို့နယ်က ဘန်းလမွတ်၊ ကမ်းတို၊ ချောင်းညီကို၊ တမုတ်ချုံး၊ မြေမအုံ၊ ညောင်ပင်ကွင်းအရှေ့နဲ့ ညောင်ပင်ကွင်းအနောက်ရွာတွေမှာ တိုက်ပွဲတောက်လျှောက်ဖြစ်ခဲ့ပါတယ်။

The Tanintharyi Times