ပုလော၊ ငါးမိုင်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးအပါအဝင် ငါးဦးသေဆုံး ၊ တော်လှန်ရေးရဲဘော်နှစ်ဦးလည်းကျဆုံးခဲ့

ပုလော၊ ငါးမိုင်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးအပါအဝင် ငါးဦးသေဆုံး ၊ တော်လှန်ရေးရဲဘော်နှစ်ဦးလည်းကျဆုံးခဲ့

ပုလောမြို့နယ်၊ ငါးမိုင်ရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အခုလ ၉ ရက်နဲ့ ၁၀ ရက်နေ့နှစ်ရက်ဆက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သားငါးဦးသေဆုံးခဲ့ပြီး တပ်ကြပ်နှစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းမှာ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရှိရပါတယ်။

အခုလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ငါးမိုင်ရွာဘက်ကိုလာတဲ့ အင်အား ၅၀ ပါစစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

ပစ်ခတ်မှုခဏရပ်ပြီး ရဲဘော်တွေမိုင်းထောင်နေတဲ့အချိန် မိုင်းမတော်တဆဖြစ်ပြီး မြိတ်ခရိုင်တပ်ရင်း(၁)က ရဲဘော်တစ်ဦးကျဆုံးခဲ့ရတာဖြစ်တယ်လို့ တပ်ရင်းရဲ့ပြောရေးဆိုခွင့်ရှိသူနဲ့ ဒေသတွင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေသိရပါတယ်။

“ကိုယ့်မိုင်းနဲ့ကိုယ်ဖြစ်တာပါ။ မိုင်းထောင်ရင်းရဲဘော်ကျဆုံးသွားတာ။ တခါတည်းနဲ့ကျသွားတာပါ။” လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပြီးနောက် ငါးမိုင်ရွာဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်တွေတပ်စွဲနေထိုင်ခဲ့ပြီး နောက်တစ်နေ့မနက် ၁၂ နာရီဝန်းကျင်မှာ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)က ခွဲမှူးကျဆုံးခဲ့တာဖြစ်တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဒုတိယနေ့တိုက်ပွဲအတွင်း ပုလောမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၂၈၅)က ဗိုလ်မှူးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ တပ်ကြပ်နှစ်ဦးနဲ့ ဒု-တပ်ကြပ်တစ်ဦးတို့ရဲ့ ရုပ်အလောင်းကိုဖမ်းဆီးရမိခဲ့သလို တပ်ကြပ်နှစ်ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းကနေ MA-7 ၆၀မမ စိန်ပြောင်း တစ်လက်၊ ၆၀မမ ကျည်သုံးခု၊ MA-1 ရိုင်ဖယ်တစ်လက်၊ MA-2 အပေါ့စားစက်သေနတ်နှစ်လက်၊ MA-3 ရိုင်ဖယ်သုံးလက်၊ MA-5 ပစ္စတိုတစ်လက်၊ အီနဂါတစ်ခု၊ လက်ပစ်ဗုံးရှစ်လုံး၊ MA-14 နင်းမိုင်းသုံးခု၊ MA ကျည်ဘောက် (၂၇)ခု၊ MA-2 ကျည်ဘောက်အဝိုင်းနှစ်ခု၊ ၅.၅၆(ကပစ) ကျည် (၂၄၁၂)တောင့်၊ စစ်ဦးထုပ်ခြောက်လုံး၊ စကားပြောစက်(အသေး) တစ်လုံး၊ လက်ကိုင်ဖုန်း လေးလုံး၊ ကျည်ကာအင်္ကျီငါးစုံ၊ အီကွေးမင်းငါးခု၊ ကျောဘိုးအိတ်တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့လည်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲပြင်းထန်းပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိပြီးနောက် ငါးမိုင်ရွာဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကလည်း တပ်ပြန်ဆုတ်သွားပြီး နာရီပိုင်းအကြာမှာ အင်အားအလုံးအရင်းနဲ့ ပြန်ဝင်လာခဲ့တယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။

လက်ရှိမှာတော့ ငါးမိုင်ရွာအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေရှိနေသေးတယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ပြန်ကြားရေးတာဝန်ခံနဲ့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။

အဲဒီတိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း (၇)တပ်ခွဲ(၅)၊ ပုလောဒေသကာကွယ်ရေးတပ်(PRDF)မဟာမိတ်ပူးပေါင်းတပ်တွေက ဝိုင်းရံတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲကာလအတွင်း ပုလောပင်လယ်ပြင်မှာရှိနေတဲ့ စစ်ကောင်စီတပ်သင်္ဘောကနေ ငါးမိုင်ရွာထဲကိုလက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

“ပင်လယ်ထဲကနေပစ်ထည့်နေတာ ဆက်တိုက်ပဲ။ နားပိတ်ပြီး လူအသေပျောက်မရှိဖို့ဆုတောင်းနေရတယ်။” လို့ ‌အသက် ၃၀ ကျော်တအရွယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကျည်တွေဟာ ငါးမိုင်ရွာထဲက ခြံတွေထဲကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား၊ နေအိမ် ထိခိုက်ပျက်စီးတော့မရှိသေးဘူးလို့ ကနဦးသိရပါတယ်။

မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာရှိတဲ့ ငါးမိုင်၊ ခြောက်မိုင်၊ ခုနှစ်မိုင်ရွာတောက်လျှောက်မှာ တိုက်ပွဲမကြာခဏဖြစ်လေ့ရှိတဲ့အတွက် အဲဒီရွာအနီးတဝိုက်က ဒေသခံအများစုဟာ နေရပ်စွန့်ခွာထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ပုလောမြို့နယ် ငါးမိုင်ရွာအနီးတဝိုက်တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာရှိတဲ့ မီးလောင်ချောင်းရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းခြောက်လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ပုလော(ပကဖ) တာဝန်ခံ ကိုလူထူးဆီက သိရပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကို ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုလော-ပကဖ) Drone တပ်စိတ်(shawdow squad)နဲ့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မီးလောင်ချောင်းရွာစစ်ကောင်စီစစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်ရင်းတွေကနေ ကြဲရွာကို လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုအတွင်း အရပ်သား၊ နေအိမ် ထိခိုက်တာတော့မရှိဘူးလို့ မြေပြင်ရဲဘော်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ပုလောမြို့အခြေစိုက် ခလရ (၂၈၅)တပ်ရင်း၊ ပုလောမြို့ပေါ်ရဲစခန်း၊ ပလမြို့ရဲစခန်းနဲ့ အဲဒီရဲစခန်းအရှေ့မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့ ဒရုန်းနဲ့ ဆက်တိုက်တိုက်ခိုက်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း ပုလောြမို့နယ် စပူပြင်ရွာ ခုနှစ်မိုင်ရွာနဲ့ ပုလောမြို့ရဲစခန်းတို့တိုက်ခိုက်ခံရပြီး တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

The Tanintharyi Times