ပုလောမြို့က စစ်ကောင်စီတပ်စခန်းတွေ နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲခံရ

ပုလောမြို့က စစ်ကောင်စီတပ်စခန်းတွေ နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲခံရ

ပုံစာ - ပလမြို့ရဲစခန်းကိုဒရုန်းနဲ့တိုက်ခိုက်နေတဲ့မြင်ကွင်း (ပုံဟောင်း)

ပုလောမြို့နယ်က စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ တပ်စခန်းတွေကို နှစ်ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ပုလောမြို့နယ်ထဲမှာ ရှိတဲ့ စစ်ကောင်စီတပ်သားတွေ အခြေစိုက်နေထိုင်ရာ မကျည်းကုန်းရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ်၊ ပလရဲစခန်း၊ တိုရွာက တာဝါတိုင်စခန်းကုန်းနဲ့ ပလရဲစခန်းဂိတ်တွေ ကို အခုလ ၃၀ ရက်နေ့ နဲ့ ၃၁ ရက်နေ့တို့မှာ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နှစ်ရက်ဆက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာရှိတဲ့ မကျည်းကုန်းရွာက စစ်ကောင်စီစစ်ဆေးရဲ့ ဂိတ်ကို အခုလ ၃၁ ရက် မနက် ၇ နာရီ အချိန်မှာ ဒရုန်းတွေ ၊ စနိုက်ဘာသေနတ်တွေ ၊ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ 79 ဗုံးသီးပစ်သေနတ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

“ကလေးတွေကျောင်းမလာခင်သွားပစ်ခဲ့တာပါ။ ခဏပဲ ပစ်တာ ခလရ(၂၈၅) ထဲကလက်နက်ကြီးပြန်ပစ်တာကတော့ မိုးချုပ်မှပဲ ရပ်တော့တယ်။” လို့ သူကပြောပါတယ်။

မကျည်ကုန်းရွာစစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ရွာရဲ့မူလတန်းကျောင်းနဲ့ ပေ ၂၀၀ လောက်သာဝေးတဲ့အတွက် ကျောင်းသားတွေအန္တရာယ်မဖြစ်အောင် မနက်စောစော သွားပစ်ခဲ့တာလို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ ပြောရေးဆိုခွင့်ရှိသူကဆက် ပြောပါတယ်။

အဲဒီနေ့ ညနေ ၅ နာရီမှာတော့ ပလရဲစခန်းဂိတ်ကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ပလဂိတ်ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦးကျဆုံးခဲ့တာကို ဒရုန်းရုပ်သံမှတ်တမ်းအရ အတည်ပြုနိုင်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူတွေဆီက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုနှစ်ခုလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ T2 Drone Teamက လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေနရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလ ၃၀ ရက်န့ ညနေပိုင်းကလည်း စစ်ကောင်စီတပ်သားတွေအထိုင်ချထားတဲ့ တို‌ရွာက တာဝါတိုင်စခန်းကုန်းနဲ့ ပလရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒရုန်းနဲ့ဗုံးသီးခြောက်လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ပုလော မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်မှုမှာတော့ တိုရွာ တာဝါတိုင်စခန်းကုန်းက စစ်ကောင်စီတပ်သားတစ်ဦး၊ ပလရဲစခန်းဂိတ်က စစ်ကောင်စီတပ်သားနှစ်ဦးတို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

ဒဏ်ရာရတပ်သားသုံးဦးစလုံး ရေလမ်းကနေ မြိတ်ကိုသွားပြီး မြိတ်မှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ပုလော (ပကဖ) Drone တပ်စိတ် (Shadow Squad) နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၂၈၅)၊ ပလရဲစခန်း၊ ပုလောရဲစခန်း၊ မီးလောင်ချောင်းဂိတ်စခန်းနဲ့ တိုရွာတာဝါတိုင်စခန်းကုန်းတို့ ဒရုန်းနဲ့ဗုံးသီးကြဲချတိုက်ခိုက်ခံခဲ့ရပါတယ်။

လက်ရှိ ပုလောမြို့နယ်အတွင်းက ဆင်ထိုးကြီးကျေးရွာအုပ်စုထဲနဲ့ အထက်ပေါင်းရွာအနီးတဝိုက်မှာ စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းရှိနေပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့လည်း ဒေသတွင်းတော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

The Tanintharyi Times