ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် ပလရဲစခန်းက စစ်ကောင်စီတပ်သားတွေ ဒေသခံတွေရဲ့နေအိမ်တွေပေါ်တက်ရောက်နေထိုင်
ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် ပလရဲစခန်းက စစ်ကောင်စီတပ်သားတွေ ဒေသခံတွေရဲ့နေအိမ်တွေပေါ်တက်ရောက်နေထိုင်
ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ရဲစခန်းမှာ မနေရဲတော့ပဲနေရာပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။
စစ်ကောင်စီတပ်သား ၅၀ ကျော်တပ်စွဲထားတဲ့ ပလမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက အခုလ ၂ရက်နေ့မှာဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရတဲ့နေ့မှာပဲ စစ်ကောင်စီတပ်သားတွေဟာ ရဲစခန်းအနီးဝန်းကျင်ကဒေသခံပြည်သူ့နေအိမ်တွေမှာ ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။
“အရင်က ဒီလိုတုံ့ပြန်တာမျိုးမရှိဘူး။ အခုက သူတို့ပိုကြောက်သွားတယ်။ ဗုံးသီးကွဲအားကြီးတာနဲ့လည်းဆိုင်တယ်။” လို့ မြိတ်ခရိုင်တပ်ရင်း(၁)ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပလရဲစခန်းအနီးဝန်းကျင်က အိမ်ခြေနှစ်ရာလောက်ဟာ စစ်ရေးအခြေအနေအရ လူမနေကြတော့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ အဲလိုလူမရှိတဲ့အိမ်တွေမှာ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်နေထိုင်နေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့ညနေအထိ ပြည်သူ့နေအိမ်တွေမှာ နေနေကြဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ မြိတ်ခရိုင်တပ်ရင်း(၁)ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“အရင်ကဆို သူတို့ရဲစခန်းမှာရှိနေတယ်ဆိုတဲ့ စိတ်နဲ့ စိတ်ချလက်ချသွားလို့ရတာပေါ့။ အခုလိုဝင်နေကြတော့ ကျမတို့မှာ ခိုးခိုးဝှက်ဝှက် သတိနဲ့သွားနေရတယ်။ ဘယ်အိမ်တွေမှာရှိနေမန်းမသိဘူးလေ။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပလမြို့ရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်တွေက မကြာခဏ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်နေတယ်လို့လည်း မြိတ်ခရိုင်တပ်ရင်း(၁)ပြောရေး ဆိုခွင့်ရှိသူနဲ့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၈ ရက်နေ့က တိုက်ပွဲမရှိဘဲ စစ်ကောင်စီလက်နက်ကြီးပစ်လို့ ပလမြို့ အမှတ်(၃)ရပ်ကွက်ကအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပါတယ်။
The Tanintharyi Times