ထိုင်းနယ်စပ်က စွန့်ပစ်ဂိုဒေါင်တစ်ခုမှာ ပွဲစား ၃ ဦးနဲ့အတူ မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်မဲ့ မြန်မာ‌ ၃၆ ဦးဖမ်းဆီးခံရ

ထိုင်းနယ်စပ်က စွန့်ပစ်ဂိုဒေါင်တစ်ခုမှာ ပွဲစား ၃ ဦးနဲ့အတူ မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်မဲ့ မြန်မာ‌ ၃၆ ဦးဖမ်းဆီးခံရ

တရားမဝင် မြန်မာ‌ရွှေ့ပြောင်းအလုပ်သမား ၃၃ ဦးနဲ့ ပွဲစား ၃ ဦးတို့ကို ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဘန်ကလမ်ခရိုင်မှာရှိတဲ့ စွန့်ပစ်ဂိုဒေါင်တစ်ခုမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံကို တရားမဝင်‌ ဝင်ရောက်ဖို့အတွက် အဲဒီ စွန့်ပစ်ဂိုဒေါင်ကို ယာယီစခန်းအဖြစ် အသုံးပြုကာခိုလှုံနေကြကြောင်း သတင်းရရှိတဲ့အတွက် ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်ရှာဖွေစဉ်အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အသက် ၂၀ နှစ်ကနေ ၂၅ နှစ် ကြား လူငယ်တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေက မြန်မာနိုင်ငံသား ပွဲစားတွေဖြစ်တဲ့ အသက် ၃၄ နှစ်အရွယ် ကိုတန်းချင်းထွန်းနဲ့ အသက် ၃၄ နှစ်အရွယ် ကိုအောင်ကန်သာ၊ ထိုင်းနိုင်ငံသား အသက် ၄၈ နှစ်အရွယ် ပရာဆတ်တို့လည်း ပါဝင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံမှာ သွားရောက်လုပ်ကိုင်နိုင်ဖို့အတွက် တစ်ဦးကို ထိုင်းဘတ်ငွေ ၄၅,၀၀၀ နှုန်းနဲ့ မြန်မာပွဲစားတွေကို ပေးချေခဲ့ရကြောင်း သတင်းမှာဖော်ပြထားပါတယ်။ မြန်မာငွေနဲ့ဆိုရင် ရွှေပြောင်းလုပ်သားတစ်ဦးကို ကျပ်သိန်း ၃၈ သိန်းနီးပါးခန့် ပေးချေခဲ့ရတာပါ။

ဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်လိုဖြေရှင်းသွားမယ်ဆိုတာကိုတော့ သတင်းမှာ ရေးသားဖော်ပြထားခြင်းမရှိပါဘူး။

အခုလ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဘန်ကလန်ခရိုင်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၉ ဦးနဲ့ ပွဲစား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

The Tanintharyi Times