စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ “သူတို့ကိုယ်သူတို့ အာဏာပြန်ပေး” ဖို့လုပ်ဆောင်ချက်သာဖြစ်တယ်လို့ အမေရိကန်ပြော
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ “သူတို့ကိုယ်သူတို့ အာဏာပြန်ပေး” ဖို့လုပ်ဆောင်ချက်သာဖြစ်တယ်လို့ အမေရိကန်ပြော

မြန်မာစစ်တပ် လက်အောက်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် (Beth Van Shaack) ကပြောပါတယ်။
စစ်အုပ်စု အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ပေါ်ပေါက်လာမယ်ဆိုတာ စိတ်ကူးကြည့်ဖို့ပင် မဖြစ်နိုင်ဘူးလို့ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် က အောက်တိုဘာလ ၁၀ ရက်နေ့မှာပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ လူထုမဲနဲ့ရွေးချယ်ထားတဲ့ အရပ်သားအစိုးရ ဆီကနေ အထောက်အထားမပြနိုင်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာစွပ်စွဲချက်တွေ နဲ့ အဓမ္မအာဏာသိမ်းယူခဲ့ပြီး ထောင်နဲ့ချီ နဲ့ တက်ကြွလှုပ်ရှား သူတွေ ကိုဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး နိုင်ငံရေးပါတီ အများအပြားကိုလည်းဖျက်သိမ်းခဲ့ပါတယ်။
လက်ရှိမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံရဲ့ နယ်မြေအတော်တော်များများ သိမ်းယူထားတဲ့တိုင် စစ်ကောင်စီ ဘက်က ၂၀၂၅ ခုနှစ်မှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။
“ ဘယ်လိုသုတေသန အချက်အလက်နဲ့ပဲကြည့်ကြည့် မြန်မာစစ်တပ်ဟာ သူတို့ကိုယ်သူတို့ အာဏာပြန်ပေးမယ့် ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတာသာဖြစ်တယ်” သံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ဆိုပြီး တတ်နိုင်သမျှ အမြန်ဆုံးကျင်းပဖို့ စီစဉ်နေတယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုထားပါတယ်။
လာမယ့်ရွေးကောက်ပွဲ အတွက် အောက်တိုဘာလ ၁ ရက်နေ့ ကစပြီး နိုင်ငံတစ်ဝန်းမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ကိုထောက်ခံတယ်လို့ပြောဆိုခဲ့ပြီးနောက်စစ်ကောင်စီ က ဟန်ပြရွေးကောက်ပွဲလုပ်ဖို့ မြန်မြန်ဆန်ဆန် ပြင်ဆင်လာတာဖြစ်ပါတယ်။
လတ်တလောကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာလည်း မြန်မာအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ထူးထူးခြားခြား ရလဒ်ထွက်မလာဘူးလို့ လည်းနိုင်ငံတကာသတင်းတွေက ဖော်ပြနေပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် (Beth Van Shaack) ဟာ ထိုင်းနိုင်ငံကို အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ မြန်မာအရေးဆွေးနွေးဖို့ ထိုင်းနိုင်ငံကိုလာရောက်ခဲ့ပါတယ်။
(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times