လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တယ်ဆိုတဲ့ အိန္ဒိယကိုယ်စားလှယ်ကို တာဝန်ကနေ ယာယီရပ်ဆိုင်းတယ်လို့ NUG ထုတ်ပြန်
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တယ်ဆိုတဲ့ အိန္ဒိယကိုယ်စားလှယ်ကို တာဝန်ကနေ ယာယီရပ်ဆိုင်းတယ်လို့ NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်က အတွင်းရေးမှူး အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တယ်ဆိုတဲ့ တိုင်ကြားမှုအပေါ် ဌာနတွင်း စုံစမ်းစစ်ဆေးနေတယ်လို့ NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဌာနတွင်း ကြားနာစစ်ဆေးမှု ပြုလုပ်နေစဉ်ကာလမှာ တိုင်ကြားခံရသူ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်း အိုက်ဇက်ခင်ကို တာဝန်ကနေ ယာယီရပ်ဆိုင်းထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဌာနတွင်း စစ်ဆေးကြားနာမှု အစီရင်ခံစာနဲ့ ဆက်စပ်စာရွက်စာတမ်းတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း ၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒအကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို လွှဲပြောင်းပေးအပ်ခဲ့ပြီလို့လည်း NUG က ထုတ်ပြန်ထားပါတယ်။
NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဗဟိုကော်မတီရဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာလို့ ပြောဆိုထားပါတယ်။
လောလောဆယ် တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ခြင်းသာ ဖြစ်ပြီး ထိရောက်တဲ့ အပြစ်ပေးအရေးယူမှု လုပ်ဆောင်ရဦးမှာ ဖြစ်သလို စုံစမ်းစစ်ဆေးတဲ့နေရာမှာလည်း ဖြစ်စဉ်တခုလုံးအပေါ် တရားမျှတမှု ရှိ/မရှိကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ရဲ့ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
“ကာယကံရှင်အမျိုးသမီးအတွက် တရားမျှတမှု ရသလား မရဘူးလားဆိုတာက ပြောဖို့ စောသေးတယ်၊ စုံစမ်းစစ်ဆေးရေး လုပ်တဲ့အခါမှာ ဘယ်လောက်ထိ မျှမျှတတနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သလဲ၊ စုံစမ်းစစ်ဆေးလို့ ရလာတဲ့ အချက်အလက်တွေအပေါ်မှာ ဘယ်လိုဆုံးဖြတ်မလဲ၊ ကျူးလွန်သူကို ဘယ်လိုမျိုး အပြစ်ပေးမလဲ၊ ကျူးလွန်ခံရတဲ့ အမျိုးသမီးရဲ့ နစ်နာမှုကို ဘယ်လိုပြန်ကုစားမလဲဆိုတဲ့ အပေါ်မှာ အများကြီးကို စောင့်ကြည့်ဖို့ လိုသေးတယ်” လို့ WLB ရဲ့ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က ပြောပါတယ်။
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးမှာ အတွင်းရေးမှူး တာဝန်ယူနေတဲ့ အမျိုးသမီးက ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ဟာ သူမအပေါ် လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်စေမှုနဲ့ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းတွေအပေါ် နှိမ့်ချပြောဆိုမှုတွေကြောင့် နိုင်ငံခြားဝန်ကြီးဌာနကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ကြီးဌာနဘက်ကတော့ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို နှုတ်နဲ့ သတိပေးခဲ့တယ်လို့ ပြောဆိုပြီး ၁၀ ရက်အကြာမှာ အဲဒီ အမျိုးသမီးနဲ့ အခြားဝန်ထမ်း ၁ ဦးကို တာဝန်ကနေ ရပ်နားလိုက်ပါတယ်။
ဒါကြောင့် အတွင်းရေးမှူးတာဝန်ယူထားသူ အမျိုးသမီးဘက်က ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိသလို လက်ခံနိုင်ခြင်းမရှိတာကြောင့် မိမိဆန္ဒအလျောက်ရာထူးကနေ နှုတ်ထွက်မယ်လို့ ပြောဆိုခဲ့အပြီးမှာ လက်ရှိ NUG ဘက်က အိန္ဒိယကိုယ်စားလှယ်ကို တာဝန်ကနေ ယာယီရပ်ဆိုင်းပြီး ဗဟိုကော်မတီကို စုံစမ်းစစ်ဆေးမှု လွှဲပြောင်းခဲ့ကြောင်း ထုတ်ပြန်တာပါ။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ရဲ့ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့ကတော့ စုံစမ်းစစ်ဆေးမှုပြီးလို့ ဆုံးဖြတ်ချက်မှတ်တဲ့အခါမှာ တာဝန်ရှိသူတွေဘက်က အပြစ်ပေးအရေးယူမှု တစုံတရာ လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။
The Tanintharyi Times