တနင်္သာရီတိုင်းမှာ စက်တင်ဘာအတွင်း အရပ်သား ၂၀ ကျော် အသတ်ခံရ

တနင်္သာရီတိုင်းမှာ စက်တင်ဘာအတွင်း အရပ်သား ၂၀ ကျော် အသတ်ခံရ

တိုက်ပွဲအတွင်းမဟုတ်ဘဲ ပစ်ခတ်ခံရမှုတွေ၊ သတ်ဖြတ်ခံရမှုတွေကြောင့် တနင်္သာရီတိုင်းမှာပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သေဆုံးခဲ့တဲ့ အရပ်သား အရေအတွက်ဟာ စုစုပေါင်း ၂၁ ဦး ရှိခဲ့ပါတယ်။

သေဆုံးခဲ့သူတွေက စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တဲ့ အရပ်သားတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်က ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ပျူစောထီး/စစ်ကောင်စီသတင်းပေးလို့စွပ်စွဲခံရသူတွေနဲ့ လက်သည်မပေါ်ဘဲ ပစ်သတ်ခံရသူတွေ ဖြစ်ပါတယ်။

အဲဒီဖြစ်စဥ်တွေဟာ တနင်္သာရီတိုင်းထဲက မြို့နယ် ၁၀ ခုထဲက ၇ ခုမှာဖြစ်ပွားခဲ့တာပါ။ အဲဒီမြို့နယ်တွေကတော့ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူ၊ ပုလော၊ တနင်္သာရီ၊ မြိတ်နဲ့ ကော့သောင်းမြို့နယ်တွေ ဖြစ်ပါတယ်။

အသတ်ခံရသူတွေထဲမှာ ပျူစောထီး၊ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူတွေ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ၊ သာမန်အရပ်သားတွေ ပါဝင်ပါတယ်။

အသတ်ခံရသူတွေရဲ့ အချက်အလက်တွေကို အင်ဖိုဂရပ် မှာ ဖော်ပြထားပါတယ်။ အဲဒီအချက်အလက်တွေဟာ တနင်္သာရီတိုင်းမ်သတင်းဌာနက အတည်ပြုထားတဲ့အချက်အလက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ထုတ်ပြန်ချက်တွေကို အခြေခံထားတာဖြစ်ပါတယ်။ မြေပြင်မှာ တခြား ဖြစ်စဉ်တွေ ရှိနေနိုင်တဲ့အတွက် အရပ်သားအသတ်ခံရမှုဟာ ဒီအချက်အလက်ထက် ပိုများနိုင်ပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာနဲ့ စခန်းတွေ ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ လက်နက်ကိုင်ပျူစောထီးအရေအတွက်ကိုတော့ ဒီစာရင်းထဲမှာ ထည့်သွင်းမထားပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်အတွင်းမှာလည်း စစ်ကောင်စီတပ်ကအကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ အရပ်သားတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်က ပစ်သတ်ခဲ့တဲ့ ပျူစောထီး၊ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူတွေနဲ့ လက်သည်မပေါ်ဘဲ ပစ်သတ်ခံရသူ စုစုပေါင်း ၁၇ ဦးအထိရှိခဲ့ပါတယ်။

The Tanintharyi Times