မြန်မာစစ်တပ်ကို တားဆီးပိတ်ဆို့ဖို့ စင်ကာပူအစိုးရထံ ပြည်တွင်းပြည်ပတော်လှန်ရေးအဖွဲ့ ၄၀၀ ကျော် အိတ်ဖွင့်ပေးစာ ပေးပို့
မြန်မာစစ်တပ်ကို တားဆီးပိတ်ဆို့ဖို့ စင်ကာပူအစိုးရထံ ပြည်တွင်းပြည်ပတော်လှန်ရေးအဖွဲ့ ၄၀၀ ကျော် အိတ်ဖွင့်ပေးစာ ပေးပို့
မြန်မာစစ်အုပ်စုဆီကို လက်နက်၊ ငွေကြေး၊ လေယာဉ်ဆီ ကုန်သွယ်ရောင်းချနေတာတွေ အမြန်ဆုံး ရပ်တန့်ဖို့ ပြည်တွင်း ပြည်ပရှိ တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၄၃၀ တို့က စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာ တစ်စောင် ဒီကနေ့မှာ ပေးပို့လိုက်ပါတယ်။
စစ်အုပ်စုအာဏာာလုဖို့ ကြိုးစားနေတဲ့ ရက်ပေါင်း ၁၀၀၀ ပြည့်မှာ စင်ကာပူအစိုးရဆီ ပြည်သူအယောက် ၃ သောင်းနီးပါးရဲ့ လက်မှတ်နဲ့အတူ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်တာလို့ ထုတ်ပြန်ထားပါတယ်။
စင်ကာပူဟာ စစ်အုပ်စုဆီကို စစ်လက်နက်နဲ့ စစ်ဘက် - အရပ်ဘက်သုံး ကုန်ပစ္စည်းတွေ ကုန်သွယ်ရောင်းချပေးနေတဲ့ တတိယအကြီးဆုံးနိုင်ငံဖြစ်တယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းဖို့ ကြိုးစားချိန်ကစပြီး စင်ကာပူအခြေစိုက် လက်နက်ကုမ္ပဏီ ၁၃၈ ခုကနေ အမေရိကန်ဒေါ်လာ ၂၅၄ သန်း တန်ဖိုးရှိ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာစစ်တပ်ဆီ ရောင်းချခဲ့တယ်လို့ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်ကတော့ အစီရင်ခံစာပါ ထုတ်ပြန်ချက်ကို ငြင်းဆိုထားပြီး စင်ကာပူနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချခြင်းကို တားမြစ်ထားတယ်လို့ ပြောဆိုထားပါတယ်။
စင်ကာပူအစိုးရအနေနဲ့ လွှတ်တော်ထဲကနေ မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှု ပိုကျယ်လာလေ သံတမန်နည်းအရ ကြည့်ကောင်းကြားကောင်းအောင် ပြောနေလို့မရပါဘူး။ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေကို နောက်ကွယ်ကနေ တိတိကျကျပံ့ပိုးပေးနေတာတွေကို စင်ကာပူက တကယ် အဆုံးသတ်ပေးရပါလိမ့်မယ် လို့ စစ်တပ်ဝင်ငွေ ဖြတ်တောက်ရေး လှုပ်ရှားနေတဲ့ သွေးစွန်းငွေအဖွဲ့ တာဝန်ရှိသူက တနင်္သာရီတိုင်းမ်ကို ပြောထားပါတယ်။
ဒီကနေ့ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ မြန်မာပြည်သူတွေရဲ့ သွေးတွေ စွန်းထင်းနေတဲ့ ငွေကြေးတွေကနေ စင်ကာပူအစိုးရက အကျိုးအမြတ်ရယူဖို့ ဆက်လက်ရွေးချယ်မှာလား၊ ဒါမှမဟုတ် သန့်ရှင်းစင်ကြယ်တဲ့ စီးပွါးရေးလုပ်ငန်းတွေနဲ့ ဂုဏ်သိက္ခာရှိစွာ ရပ်တည်မှာလားလို့ မေးခွန်းထုတ်ထားပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ရဲ့ မြန်မာ့နိုင်ငံခြားအရံငွေဟာ စင်ကာပူနိုင်ငံက ဘဏ် ၉ ခုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံအထိ အပ်နှံထားတာ ရှိပါတယ်။ ကုလအထူးကိုယ်စာလှယ်ရဲ့ အစီရင်ခံစာထဲမှာတော့ စစ်အုပ်စုအတွက် လက်နက်နဲ့ ဗုံးကြဲ လေယာဉ်ဆီ ဝယ်ယူပေးနေသူတွေဟာ စင်ကာပူဘဏ်ကို ကျယ်ပြန့်စွာ အသုံးပြုနေတယ်လို့ ဆိုထားပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားပြည်သူတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်လုပ်ဆောင်တဲ့နေရာမှာ လိုအပ်နေတဲ့ အရင်းအမြစ်တွေအတွက် စင်ကာပူနိုင်ငံဟာ ငွေကြေးဗဟိုချက်အဖြစ် ရပ်တည်ပေးနေတယ်လို့ အိတ်ဖွင့်ပေးစာမှာ ပြောထားပါတယ်။
ဒီကနေ့ ပေးပို့လိုက်တဲ့ အိတ်ဖွင့်ပေးစာထဲမှာ စစ်လက်နက်၊ လေယာဉ်ဆီ၊ စစ်ဘက် - အရပ်ဘက်သုံး ကုန်ပစ္စည်း နည်းပညာတွေကို လွှဲပြောင်းရောင်းချနေတာတွေ ရပ်တန့်အောင် ဒဏ်ခတ်ပိတ်ဆို့ပေးဖို့၊ စင်ကာပူမှာရှိနေတဲ့ နိုင်ငံခြားအရံငွေ ၄ ဒသမ ၆ ဘီလီယံကို စစ်အုပ်စုက သုံးစွဲခွင့်မရဖို့အတွက် ငွေကြေးခဝါချမှု၏ အရေးယူပြဌာန်းချက်ကို အသုံးပြုပြီး ဒဏ်ခတ်အရေးယူဖို့နဲ့ စစ်အုပ်စုဆီ စစ်လက်နက်ရောင်းနေတဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီတွေကို လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုတွေ ပိုလုပ်ဆောင်ဖို့ စတဲ့ အချက် ၃ ချက်ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။
အခုတောင်းဆိုချက်နဲ့ ပတ်သက်ပြီး စင်ကာပူအစိုးရဘက်က တစုံတရာ ထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါ။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ စစ်အာဏာသိမ်းကြိုးစားမှု ရက် ၁၀၀၀ အတွင်း အရပ်သားပြည်သူ ၄၀၀၀ ကျော် သေဆုံးခဲ့သလို ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ပြည်သူပေါင်း ၂ သိန်း နီးပါးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ်ဩဂုတ်လအထိ စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှု အကြိမ် ၉၀၀ ကျော် ရှိခဲ့ကြောင်း ဥာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
The Tanintharyi Times
