ဆန်းချီ ရွာသား ၃၀ လောက်ကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထား

ဆန်းချီ ရွာသား ၃၀ လောက်ကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထား

ရေဖြူမြို့နယ်အနောက်ဖက်ကမ်းမှာ စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့က ဆန်းချီရွာထဲကို မနေ့ကဝင်လာပြီး အမျိုးသမီးနဲ့အမျိုးသား သုံးဆယ်လောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒူးတောင်ရွာဘက်ကနေ ဆန်းချီရွာကို မနေ့က နေ့လည်ပိုင်းလောက်မှာ ဝင်ရောက်လာပြီးနောက် ရွာအနောက်ဖက်ကမ်းမှာနေထိုင်တဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တာပါ။

“အဲဒီရွာဘက်ကို စစ်တပ်ကတစ်ခါမှမဝင်ဖူးဘူး။ အဲတော့ ရွာသားတစ်ချို့လည်း စစချင်းမပြေးကြ​​ဘူးပေါ့နော်။ အဲဒီအချိန်ဖမ်းခံရတာ” လို့ ဆန်းချီရွာရဲ့ အနီးအနားရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ဆန်းချီရွာဘက်မှာ ရှိနေတဲ့အချိန် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေအများအပြားကို မနေ့က မွန်းလွဲဲ ၁ နာရီခွဲလောက်မှာ ကြားရတယ်လို့ ဒေသခံကဆက်ပြောပါတယ်။ အဲဒီပစ်ခတ်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒီကနေ့မနက် ၈ နာရီလောက်မှာလည်း ဆန်းချီရွာအနောက်ဖက်ကမ်းဘက်က လက်နက်ကြီးပစ်ခတ်သံ ၃ ချက်ကြားရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မနေ့က ဖမ်းဆီးခံရသူတွေရဲ့ နောက်ဆက်တွဲအခြေအနေအသေးစိတ်ကိုတော့ တနင်္သာရီတိုင်းမ် အနေနဲ့ ဆက်ဘက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပစ်ခတ်မှုနဲ့ ရွာသားတွေဖမ်းဆီးခံရတာတွေကြောင့် ​ဒူးတောင်နဲ့ ဆန်းချီရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အဲဒီမတိုင်ခင်ကတော့ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ရငဲ၊ ကုန်းသာယာအင်း၊ ဝဇွမ်းတောရွာက ဒေသခံတွေ ရွာလုံးကျွတ်စစ်ရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလ ၂၁ ရက်နေ့ကတည်းက ရေဖြူမြို့ အနောက်ဖက်ကမ်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး စစ်ကြောင်းထိုးတာနဲ့ တောနင်းရှာဖွေတာတွေလုပ်ဆောင်နေတာပါ။ လက်ရှိအချိန်ထိလည်း တပ်တွေ ဖြန့်ထားပြီး စစ်ကြောင်းထိုးနေဆဲဖြစ်ပါတယ်။

အဲဒီလိုစစ်ကြောင်းထိုးနေတဲ့ ဆယ်ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ထက်မနည်းဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ရဲ့စခန်းနှစ်ခုလည်း ဝင်ရောက်စီးနင်းသိမ်းပိုက်ခံခဲ့ရပါတယ်။

The Tanintharyi Times