ဒေသမှုပြုခြင်းနဲ့ အစားအစာ ဖက်ဒရယ်လစ်ဇင်

ဒေသမှုပြုခြင်းနဲ့ အစားအစာ ဖက်ဒရယ်လစ်ဇင်

နွေဦးတော်လှန်ရေးကာလတလျှောက်မှာ ဝေဝေဆာဆာ သုံးစွဲပြောဆိုနေကြတဲ့ စကားတစ်ခွန်းရှိပါတယ်။ “ဖက်ဒရယ်” ဆိုတဲ့ စကားလုံးပါ။

တော်လှန်ရေးရဲ့ နောက်ဆုံးပန်းတိုင်ဟာလည်း “ဖက်ဒရယ် ဒီမိုကရေစီ” နိုင်ငံတော် ဖြစ်ဖို့ပဲ မဟုတ်လား။ ဒီတော့လည်း “ဖက်ဒရယ်” “ဖက်ဒရယ်လစ်ဇင်” ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကျင့်သုံးမှုပုံစံတွေကို ပြောကြဆိုကြ ဆွေးနွေးကြရတယ်။

“ဖက်ဒရယ်လစ်ဇင်” ဆိုတာ ဗဟိုထိန်းချုပ်မှုကို လျှော့ချတဲ့စနစ်လို့ အကြမ်းဖျဉ်း နားလည်မိပါတယ်။ ဗဟိုချုပ်ကိုင်မှု လျှော့ချတဲ့နေရာမှာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ သုံးရပ်ကိုပဲ အလေးဂရုပြု ပြောဆိုလေ့ ရှိတတ်ကြတယ်။ တိုင်းပြည်တည်ဆောက်ရေးမှာ အရေးကြီးတဲ့ မဏ္ဍိုင်တွေမို့ အဓိကထား ပြောဆိုဆွေးနွေးရတာ မှန်ပေမယ့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ သယံဇာတအရေး စတဲ့ ကဏ္ဍအသီးသီးမှာလည်း “ဖက်ဒရယ်” ဖြစ်ဖို့ အရေးကြီးပါတယ်။

ကျွန်မက ဖက်ဒရယ်စနစ်အကြောင်းကို ခရေစေ့တွင်းကျ သိထားတဲ့သူမျိုးတော့ မဟုတ်ပါဘူး။ အတန်အသင့် သိမြင်နားလည်ဖို့အတွက် လက်လှမ်းမီသမျှ စာအုပ်စာပေတွေကို လေ့လာဖတ်ရှုရင်း စာအုပ်တစ်အုပ်ကို ဖတ်ခွင့်ရလိုက်တယ်။ စာအုပ်အမည်က “အစားအစာ ဖက်ဒရယ်လစ်ဇင်” တဲ့။

အစားအစာနဲ့ ဖက်ဒရယ်လစ်ဇင်ကို တွဲဖက်ထားတဲ့ စကားလုံးကြောင့် စိတ်ဝင်တစားပဲ ဖတ်မိပါတယ်။ အစားအစာဆိုတာ လူတိုင်းအတွက် မရှိမဖြစ် အရေးကြီးဆုံးအရာပဲ မဟုတ်လား။ ဗဟိုထိန်းချုပ်မှု လျှော့ချတဲ့စနစ် “ဖက်ဒရယ်လစ်ဇင်” နဲ့ “အစားအစာကဏ္ဍ” ကို ဘာ့ကြောင့်တွဲဖက်ထားတာပါလိမ့်။

စာရေးသူ “မြင့်မိုရ်မေတ္တာ(လွိုင်ကော်)” ရဲ့ အမှာစာမှာ “ဒေသခံတောင်သူလယ်သမားတွေရဲ့ အရင်းအနှီးတွေ၊ ထုတ်ကုန်တွေ၊ စားသောက်ကုန်တွေကို စားသုံးခြင်း၊ ဒေသစီးပွားရေးစနစ်ကို ဒေသခံတွေနဲ့ပဲ လည်ပတ်အောင် လုပ်ဆောင်ခြင်းက ဖက်ဒရယ်လစ်ဇင်ရဲ့ တစိတ်တဒေသဖြစ်ပြီးတော့ ရေရှည်တည်တံ့တဲ့ ကမ္ဘာမြေအတွက်လည်း အကျိုးပြုမှုတစ်ခု ဖြစ်ပါမယ်” လို့ ရေးသားထားပါတယ်။

၂၀၂၃ ဩဂုတ်လက ထုတ်ပြန်လိုက်တဲ့ “အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ” ရဲ့ “လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ မူဝါဒ” စာတမ်းမှာ အရှိန်အဟုန်မြင့်လာတဲ့ ပဋိပက္ခအခြေအနေနဲ့ ငွေကြေးဖောင်းပွမှုဒဏ်များကြောင့် လူထု (၁၅) သန်းခန့် စားနပ်ရိက္ခာ မဖူလုံတဲ့ အခြေအနေမှာ စိုးရိမ်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

ပြည်သူအများစုဟာ စစ်ပွဲကြားမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ စိုက်ပျိုးမြေ ရှိရင်တောင် မစိုက်နိုင်မပျိုးနိုင်ကြဘူး။ စိုက်ပျိုးဖို့ အခြေအနေပေးတဲ့သူတွေကလည်း စိုက်ပျိုးရေးအတွက်သုံးတဲ့ ဓါတ်မြေဩဇာဈေးနှုန်းဟာ အာဏာမသိမ်းခင်ကထက် ငါးဆလောက်မြင့်တက်သွားလို့ မဝယ်နိုင် မခြမ်းနိုင်ပြန်ဘူး။

ဓါတ်မြေဩဇာ ကြဲပက်တာကို အကျင့်လုပ် စိုက်ပျိုးလာတာ နှစ်အတန်ကြာပြီမို့ ဓါတ်မြေဩဇာမှ မထည့်ရင် လယ်မြေနဲ့ ဥယျာဉ်ခြံတွေဟာ ဖြစ်ထွန်းမယ့် အနေအထားမှာ မရှိကြတော့ဘူး။

ဒါ့အပြင် မိုးကြီးရေလျှံတဲ့အတွက် လယ်မြေတွေ ရေနစ်မြှုပ်ကုန်ပြီး စိုက်ပျိုးလို့ မရတော့တဲ့ လယ်မြေတွေကလည်း အများအပြား။ အထူးသဖြင့် မိုးများဒေသဖြစ်တဲ့ မွန်၊ ကရင်၊ တနင်္သာရီ ဒေသတွေမှာ အခုနှစ် ရေနစ်မြှုပ်လို့ စပါးစိုက်ပျိုးလို့ မရတဲ့ လယ်မြေတွေဟာ ဧက သောင်းနဲ့ချီ ရှိတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။

ပြည်သူတွေ စားနပ်ရိက္ခာ မဖူလုံပဲ ဆင်းရဲငတ်ပြတ်ရတဲ့ အဓိက တရားခံဟာ အကြမ်းဖက်စစ်တပ်ကြောင့်ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။ ဒါပေမယ့် ရေရှည်မှာ စားနပ်ရိက္ခာ ဖူလုံဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ဖြစ်ဖို့အတွက်ဆိုရင် တခြားအချက်အလက်တွေလည်း ထည့်သွင်းစဉ်းစားရမှာ အမှန်ပါပဲ။

ဗဟိုထိန်းချုပ်မှု လျှော့ချတဲ့ စနစ်ကို ကျင့်သုံးကြတဲ့အခါ အစားအစာကဏ္ဍကိုလည်း ရေရှည်အတွက် ထည့်သွင်းစဉ်းစားကြရမှာပါ။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာအသွင်ဖြစ်လာတဲ့ ခေတ်စနစ်ကြောင့် ကုန်သွယ်မှုတွေဟာ အမြန်ဆုံးနှုန်းနဲ့ အဝေးဆုံးနေရာကို အလွယ်တကူ ဖြန့်ဝေစီးဆင်းသွားကြပါတယ်။

ထိုင်း၊ တရုတ်ကနေ ဝင်ရောက်လာတဲ့ အသင့်ထုတ်အစားအစာတွေ၊ ပလပ်စတစ်အိတ်လှလှနဲ့ ထုပ်ပိုးထားတဲ့ မျိုးစေ့မျိုးဆံတွေကလည်း လမ်းထိပ်ကုန်စုံဆိုင်မှာတင် ပေါများပြည့်လျှံနေတယ်။ ‌အဝေးက ထုတ်ကုန်တွေကို မှီခိုမှုများလာလေလေ ဒေသထွက်အစားအစာနဲ့ ထုတ်ကုန်တွေဟာ သုံးစွဲသူမရှိ အမေ့ခံဘဝကို ရောက်လာကြတယ်။

အာဟာရပြည့်ဝခြင်း မပြည့်ဝခြင်း၊ လတ်ဆတ်သန့်ရှင်းမှု ရှိခြင်း မရှိခြင်းကို မစဉ်းစားကြတော့ဘူး။ လွယ်လွယ်ကူကူ ရနိုင်ပြီး ပြုပြင်ထားတဲ့ အနံ့အရသာတွေရဲ့ ဆွဲဆောင်မှုနောက်ကိုပဲ လိုက်ကြတော့တယ်။ ဓါတုဗေဒနည်းနဲ့ ပြုပြင်ထားတဲ့ မျိုးစေ့တွေကို အလွယ်တကူ ဝယ်ယူလို့ ရနေတဲ့အခါ တောင်သူတွေကလည်း ဒေသမျိုးရင်းမျိုးစိတ်တွေကို မထိန်းသိမ်း မစိုက်ပျိုးကြတော့။ ဘယ်ကနေမှန်းမသိ တင်သွင်းတဲ့ မျိုးစေ့ကိုပဲ ဝယ်ယူစိုက်ပျိုးလာကြတယ်။

မြို့ပြပတ်ဝန်းကျင်မှာတင် မဟုတ်ပဲ စိုက်ပျိုးမြေပေါများတဲ့ ကျေးလက်ဒေသတွေမှာလည်း အဝေးကလာတဲ့ အစားအစာကို မှီခိုစားသုံးမှု များလာတာ နှစ်ပေါင်းအတန်ကြာနေပါပြီ။

စိုက်ပျိုးရေးလုပ်ကိုင်ကြသူတွေကလည်း အပင်တစ်မျိုးတည်း စိုက်ပျိုးတဲ့ (Monoculture) ဓလေ့ကိုပဲ အများစု ကျင့်သုံးကြတော့တယ်။ ခေတ်မီစိုက်ပျိုးရေး ဖြစ်ဖို့အတွက် အဝေးကလာတဲ့ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတယ်။

အဝေးက အစားအစာကို ဝယ်ယူစားသုံးတာ၊ အဝေးက မျိုးစေ့နဲ့ပဲ တခါသုံး စိုက်ပျိုးကြတာ၊ အဝေးကလာတဲ့ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကိုပဲ အသုံးပြုနေရတာ စတဲ့ အဝေးက စီးဆင်းလာတဲ့ ကုန်စည်ကို မှီခိုမှုဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ တနေ့တခြား ပိုများလာခဲ့တယ်။

အဝေးက ကုန်စည်ကို မှီခိုမှုများလာတာဟာ အရင်းရှင်ကုမ္ပဏီကြီးတွေကို ပိုမိုအားကောင်းလာစေတယ်။ အာဏာရှင် အစိုးရတွေကို သက်ဆိုးရှည်စေတယ်။ ဗဟိုထိန်းချုပ်မှု အားကောင်းအောင် အထောက်အပံ့ပေးနေတာနဲ့ တူပါတယ်။ ဗဟိုချုပ်ကိုင်မှု အားကောင်းလေလေ အာဏာရှင်စနစ် အမြစ်တွယ်မှု ခိုင်မာအားကောင်းလေလေပါပဲ။

ဒါ့အပြင် ပဋိပက္ခဖြစ်နေတဲ့၊ ဥပဒေ စည်းနှောင်အား ဖရိုဖရဲဖြစ်နေတဲ့၊ လာဘ်စားမှု ပေါများတဲ့ နိုင်ငံထဲကို ဖြတ်သန်းဝင်ရောက်လာတဲ့ အစားအစာတွေဟာ ဘေးဥပါဒ်ဖြစ်စေတဲ့အရာတွေ ဘယ်လောက်အထိ ပါဝင်နေတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းအမျိုးမျိုးကို အစားအစာတွေထဲ ထည့်ချင်သလို ထည့်ထားတဲ့ အဖြစ်မျိုးတွေက ဒီနိုင်ငံမှာ မမြင်ချင်မှ အဆုံးပါပဲ။

ဒီအတိုင်း ဆက်သွားနေရင် တိုင်းပြည်တည်ဆောက်ရေးကာလမှာလည်း သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၊ စိုက်ပျိုးထုတ်လုပ် နည်းစနစ် မှားယွင်းမှု၊ အဟာရတန်ဖိုး မရှိတဲ့ အဝေးက အစားအစာ ကုန်စည်အပေါ်မှာ မှီခိုမှု တို့ရဲ့အကျိုးဆက်ကို ပြည်သူတွေ ခါးစည်းခံနေကြရဦးမှာပါ။ အာဟာရချို့တဲ့မှုနဲ့ စားနပ်ရိက္ခာပြဿနာတွေလည်း ကြုံနေကြရဦးမှာပါပဲ။

“အစားအစာ ဖက်ဒရယ်လစ်ဇင်” စာအုပ်မှာပါတဲ့ ဆောင်းပါးတွေက လက်ရှိစားနပ်ရိက္ခာအကျပ်အတည်းကို မဖြေရှင်းနိုင်ပေမယ့် ရေရှည်ကြုံရမယ့် စားနပ်ရိက္ခာနဲ့ အဟာရချို့တဲ့မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ အထောက်အကူပေးနိုင်တယ်လို့ ယူဆမိပါတယ်။

စားနပ်ရိက္ခာဖူလုံဖို့နဲ့ အာဟာရပြည့်ဝတဲ့ အစားအစာရဖို့အတွက်ဆိုရင် ကမ္ဘာ့ရွာပြုမှုဖြစ်စဉ် (Globalization) ကနေ ဒေသမှုပြုခြင်း (Localization) ဆီ ပြောင်းလဲကျင့်သုံးကြဖို့ပါပဲ။ ဗဟိုထိန်းချုပ်မှုစနစ်ကို လျှော့ချတဲ့ ဖြစ်စဉ်မှာ ဒေသမှုပြုခြင်းက မရှိမဖြစ် အရေးပါလှပါတယ်။ ဒေသအခြေပြု စီးပွားရေးစနစ် တွင်ကျယ်ပျံ့နှံ့လာလျှင် ဗဟိုဦးစီးထိန်းချုပ်မှုအောက်ကနေ ကင်းလွတ်သွားစေမှာပါ။ ဒေသအခြေပြုစီးပွားရေး (သို့) ဒေသမှုပြုခြင်းဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကို နည်းစေသလို စားနပ်ရိက္ခာလုံခြုံမှုကိုလည်း တိုးလာစေနိုင်ပါတယ်။

အစားအစာ ကုန်သွယ်မှုလမ်းကြောင်းကို အတတ်နိုင်ဆုံး ချုံ့ပစ်ကြဖို့ လိုပါတယ်။ ဒေသမျိုးစေ့ကို ထိန်းသိမ်းပြီး “အော်ဂဲနစ်” နည်းနဲ့ သဘာဝအပေါ်အခြေခံ စိုက်ပျိုးစားသုံးနည်းတွေကို ကျင့်သုံးကြဖို့ အရေးကြီးပါတယ်။

စာရေးဆရာနဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် အတိုင်ပင်ခံတစ်ဦးဖြစ်တဲ့ “Herbert Girardet” ဆိုသူကတော့ “အော်ဂဲနစ်လို့ပြောရင် မြေဆီလွှာတွေရဲ့ အသက်ရှင်သန်မှုကို ကာကွယ်ဖို့နဲ့ အားကောင်းလာဖို့ တာဝန်ရှိတယ်။ ထို့နည်းတူ လူသားတွေရဲ့ ကျန်းမာပျော်ရွှင်မှုကိုလည်း ကာကွယ်စောင့်ရှောက်ပေးရမယ်။ မြေဆီလွှာရဲ့ကာဗွန်သိုလှောင်မှုနဲ့ သစ်တောပြန်လည်ဖြစ်ထွန်းစေခြင်း နည်းလမ်းတွေအားဖြင့် ရာသီဥတုပြောင်းလဲမှု စိန်ခေါ်ချက်ကိုလည်း ရင်ဆိုင်ကျော်လွှားဖို့လိုတယ်” လို့ ဆိုပါတယ်။

ဒေသပြုမှုစနစ်ကို ကျင့်သုံးတော့မယ်ဆိုရင် ဒေသအခြေပြု ဗဟုသုတ၊ အသိပညာရဲ့ အရေးကြီးမှုကို အသိအမှတ်ပြုဖို့နဲ့ ပျောက်ဆုံးသွားတဲ့ ရှေးဘိုးဘေးတွေရဲ့ စနစ်တွေကိုလည်း ပြည်လည်ဖော်ထုတ်ဖို့ လိုပါမယ်။ မူဝါဒချမှတ်သူတွေ အနေနဲ့ ခေါင်းပုံဖြတ် အမြတ်ကြီးစားတွေရဲ့ လက်ထဲကနေ နိုင်ငံသားတွေရဲ့ စီးပွားရေးဆိုင်ရာနဲ့ အရင်းအမြစ်ဆိုင်ရာ အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ မူဝါဒတွေ၊ ဥပဒေတွေကို ချမှတ်ပြဌာန်းပေးဖို့ လိုအပ်ပါတယ်။

ဒီတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး ဖက်ဒရယ်ယူနစ်အသီးသီးက ကိုယ်ပိုင်ပြဌာန်းခွင့်တွေနဲ့ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်နိုင်ဖို့ပါ။ ဖက်ဆစ်တပ်ကို တော်လှန်နေချိန် တပြိုင်တည်းမှာပဲ စားနပ်ရိက္ခာနဲ့ ပတ်သက်တဲ့ ရေရှည်အကျိုးအတွက် လုပ်ဆောင်ရမယ့်အရာတွေကိုလည်း လစ်လျူမရှုစေချင်ပါဘူး။

အမေရိကန် လယ်သမားနဲ့ စာရေးဆရာတစ်ဦးဖြစ်သူ “Joel Salatin” ရဲ့ စကားလေးနဲ့ပဲ ဒီဆောင်းပါးကို အဆုံးသတ်ပါရစေ။ “သင့်ရဲ့အနာဂတ် ရင်သွေးငယ်လေးတွေ ဆက်ခံမယ့် ကမ္ဘာမြေကြီးကို အကောင်းဆုံးဖြစ်အောင် ပုံဖော်တဲ့နေရာမှာ သင်ကိုယ်တိုင် တက်ကြွစွာပါဝင်ဖို့ အခွင့်အရေး ရှိပါတယ်” တဲ့။ ကျွန်မတို့ရဲ့ အနာဂတ်မျိုးဆက်တွေအတွက် ကျွန်မတို့မှာရှိတဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးချကြရအောင်ပါ။

ငြိမ်းပန်

The Tanintharyi Times