အစားအစာ တော်လှန်ရေး

အစားအစာ တော်လှန်ရေး

မိုးပေါ်ထောင်တက်သွားတဲ့ ကုန်ဈေးနှုန်းတွေနဲ့အပြိုင် အခြေခံလူသုံးကုန်ပစ္စည်းတွေ ပြတ်လတ်သွားနိုင်တယ်ဆိုတဲ့ သတင်းစကားကလည်း တောမီးပမာ ပျံ့နှံ့သွားခဲ့တယ်။ ဝယ်နိုင်ခြမ်းနိုင်ကြသူတွေက ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ကြက်သွန်စတဲ့ မရှိမဖြစ် စားသောက်ကုန်တွေကို ဝယ်ယူစုဆောင်းကြတော့တယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဒီဇယ်ဆီ ပြတ်သွားပြီ၊ ဘယ်ဆိုင်မှာမှ ဝယ်လို့မရတော့ဘူးဆိုတဲ့ သတင်းဆိုးတွေဟာ တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ပလူပျံနေခဲ့တယ်။

ဆီမရှိလို့ မြို့ပေါ်ကို ကားသွားလို့မရရင် ထမင်းငတ်ပါပြီ ဆိုတဲ့ အမေ့ရဲ့ ငြီးငြူသံအောက်မှာ တစုံတခုကို အလန့်တကြား သတိရသွားမိတယ်။ ဟုတ်တာပေါ့။ ကျွန်မတို့ စားနေတဲ့ဆန်ဟာ ကျွန်မတို့နဲ့ မိုင်ပေါင်းသုံးလေးရာဝေးတဲ့ နေရာကနေ ကားနဲ့သယ်လာရတာကိုး။

ဒီလို ရပ်ဝေးကဆန်ကို ဝယ်ယူစားသုံးနေတာက ကျွန်မပတ်ဝန်းကျင်မှာ မိသားစုတိုင်းလိုလိုပါပဲ။ မြို့ပြမှာနေထိုင်သူတွေအတွက် အဝေးကနေကုန်သွယ်လာတဲ့ ကုန်ပစ္စည်းကို မှီခိုရတယ်ဆိုတာ သာမန်ဖြစ်ပေမယ့် လယ်ကွင်းတွေဝန်းရံထားတဲ့ ကျွန်မတို့ကျေးလက်မှာလည်း ဘာဖြစ်လို့ အဝေးကသယ်လာတဲ့ဆန်ကို မှီခိုနေရတာလဲ။

ဒီလိုအဝေးကလာတဲ့ အစားအစာတွေကို ကျွန်မတို့ မှီခိုနေရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ ဈေးကွက်မှာ တင်ထားတာတွေကို အလွယ်တကူ ဝယ်ယူစားသုံးတတ်တဲ့ အလေ့အထဟာ ကျွန်မတို့ ကျေးလက်မှာ ဘယ်လောက်အထိ အခိုင်အမာ အမြစ်တွယ်နေပြီလဲ။

သေသေချာချာတွေးကြည့်တော့ ဆန်တစ်ခုတည်းမဟုတ်ပဲ တခြား စားသောက်ကုန်နဲ့ အသုံးအဆောင်တွေလည်း ကျွန်မတို့ဒေသနဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့နေရာကနေ သယ်လာရတာပါလားဆိုတာ တအံ့တသြ တွေ့လိုက်ရတယ်။

ဘယ်လောက်တောင်ဝေးသလဲဆိုရင် ပြည်တွင်းကနေတောင် မဟုတ်တော့ဘူး။ ထိုင်း၊ တရုတ်စတဲ့ ပြည်ပက သယ်လာတဲ့ ပစ္စည်းတွေကလည်း တော်တော်များများ နေရာယူထားကြတယ်။

နယ်စပ်ဖြတ်ကျော် ဝင်လာတဲ့ စားသောက်ကုန်နဲ့ လူသုံးကုန် အမျိုးမျိုးဟာ ရွာထဲက ဈေးမှာ၊ လမ်းထိပ်က ကုန်စုံဆိုင်မှာ လွယ်လွယ်ကူကူ ဝယ်ယူနိုင်တာမို့ ဒီပစ္စည်းတွေဟာ အဝေးကြီးကနေလာတယ်ဆိုတာကို မေ့နေခဲ့တယ်။

တကယ်လို့များ ဒီပစ္စည်းတွေကို သယ်ဆောင်လာတဲ့ လမ်းကြောင်းမှာ ပြဿနာတစ်ခုခု ဖြစ်ခဲ့ရင် ဒီကုန်ပစ္စည်းတွေ ကျွန်မတို့ဆီကို မရောက်နိုင်ဘူးဆိုတဲ့ အတွေးမျိုး တစ်ခါမှ မတွေးမိခဲ့ဘူး။ လွယ်လွယ်ကူကူ ရနိုင်တာကို ဖောဖောသီသီ သုံးစွဲရင်း ဒေသထွက်ကုန်တွေဟာ ချောင်ထိုးခံထားရတဲ့ အနေအထားကို ရောက်မှန်းမသိ ရောက်လာတော့တယ်။

ကုန်ပစ္စည်းတွေကို များများထုတ်လုပ်၊ များများဝယ်သူစားသုံး ဆိုတဲ့အသံတွေနဲ့အပြိုင် ပိုက်ဆံတွေကို များများရှာ၊ မြန်မြန်ရှာ၊ များများသုံး၊ မြန်မြန်သုံးဆိုတဲ့ အရင်းရှင်စီးပွားရေးစနစ်နဲ့ စားသုံးသူပဓါနဝါဒရဲ့ အယုံသွင်းလှည့်ဖျားထားတဲ့ ကြော်ငြာစကားလုံးအောက်မှာ ကျွန်မတို့ ကျေးလက်နေပြည်သူတွေ မျောပါစီးဆင်းနေတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။

လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော် ကျွန်မမှတ်မိခါစအရွယ်တုန်းကတော့ စိုက်ပျိုးစားသုံးတဲ့ ဓလေ့ဟာ ကျွန်မနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ တွင်ကျယ်နေတုန်းပါ။ မိုးဦးရာသီရောက်ပြီ ဆိုတာနဲ့ ကျွဲနွားတွေ ထွန်တုံးတွေနဲ့ လယ်ထဲကို ဆင်းသွားကြတဲ့ လယ်သမားတွေ၊ စပါးရိတ်သိမ်းချိန်ရောက်ရင် လယ်ကွင်းထဲကို မိသားစုလိုက် ပြောင်းရွှေ့ကြပြီး အလုပ်လုပ်ရင်း လယ်တဲထဲမှာ လနဲ့ချီ ပျော်ပျော်ပါးပါး နေထိုင်ကြတဲ့ ဓလေ့တွေက ရှိတုန်းပါ။

ဟင်းသီးဟင်းရွက်ဆိုလည်း မိသားစုတိုင်းလိုလို တပိုင်တနိုင် စိုက်ပျိုးကြတယ်။ စိုက်ပျိုးရေးအတွက်သုံးတဲ့ မြေသြဇာတွေကလည်း ကျွဲချေး၊ နွားချေးတွေနဲ့ အခိုးတဝေဝေ မီးရှို့ထားတဲ့ မြေဆွေးတွေပါပဲ။ ခြံစိုက်တောင်သူတွေဆိုရင် ခြံထဲမှာ စီးပွားဖြစ်သီးနှံတွေအပြင် အခြားသီးထပ်သီးညှပ် ဟင်းသီးဟင်းရွက်၊ အသီးအနှံမျိုးစုံ စိုက်ထားတဲ့အတွက် ရာသီအလိုက် လတ်လတ်ဆတ်ဆတ် ခူးယူစားသုံးခွင့်ရကြတယ်။

မြို့ကနေလာတဲ့ စည်သွပ်အစားအစာတွေ၊ အချိုရည်တွေလိုမျိုးက တစ်နှစ်နေမှ တစ်ခါလောက် မြင်ရဖို့ မလွယ်ပါဘူး။ ကျွန်မတို့ကလေးတွေအတွက် သွားရေစာဟာ ခြံထောင့်က အဖိုးစိုက်ထားတဲ့ သခွားသီးတွေ ခူးစားရတာ ဖြစ်နိုင်သလို ခြံထဲက ခူးထားတဲ့ ပိန္နဲသီး၊ နာနတ်သီး၊ သရက်သီးတွေ ဖြစ်နေတတ်ပါတယ်။

ဒီလိုနေလာတဲ့ ကျွန်မတို့ကျေးလက်ဘဝတွေဟာ ဂလိုဘယ်လိုင်ဇေးရှင်း (Globalization) ဆိုတဲ့ ကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်လာတဲ့ ဖြစ်စဉ်ကြီးရဲ့ ကူးစက်လွှမ်းမိုးတာကို တစ်စတစ်စ ခံလာရပါတယ်။

ကျွန်မဆယ်ကျော်သက်အရွယ်မှာ အဖေရဲ့ ဟင်းရွက်စိုက်ခင်းဟာ မြို့ကဝယ်လာတဲ့ ဓါတ်မြေသြဇာတွေနဲ့ ကျဲပက်ထားတာ ခံနေရပါပြီ။ လယ်သမားတွေဟာ အထွက်နှုန်းတိုးဖို့ ဓါတ်မြေသြဇာတွေ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ လှိုင်လှိုင်သုံးလာကြသလို ကျွဲရောင်း နွားရောင်းပြီး လယ်ထွန်စက်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ထွန်ယက်စိုက်ပျိုးလာကြပါတယ်။

ခြံစိုက်တောင်သူတွေကလည်း ခြံထဲက သီးထပ်သီးညှပ်စိုက်ထားတဲ့ သီးပင်စားပင်တွေကို ခုတ်ထွင်ရှင်းလင်းပြီး စီးပွားဖြစ် အပင်တစ်မျိုးတည်း စိုက်ပျိုးတဲ့ (monoculture) စိုက်ပျိုးနည်းကို ပြောင်းလဲစိုက်ပျိုးလာကြပါတယ်။

ခြံစိုက်တာဟာ အစားအစာဖူလုံဖို့ ဆိုတာထက် ပိုက်ဆံများများရဖို့ ဆိုတဲ့ အတွေးအခေါ်က လွှမ်းမိုးတာကို ခံနေကြရပါပြီ။

ဟင်းသီးဟင်းရွက်စိုက်မယ် ဆိုပြန်တော့လည်း ဘယ်ကနေလာမှန်းမသိတဲ့ ပလပ်စတစ်အိတ်လှလှလေးနဲ့ ထုပ်ထားတဲ့ မျိုးစေ့တွေဟာ အနီးဆုံးဈေးမှာ လွယ်လွယ်ဝယ်လို့ရတာမို့ အဲဒီမျိုးစေ့ကိုပဲ စိုက်ပျိုးကြတော့တယ်။ ဘယ်သူမှ ဒေသမျိုးရင်းမျိုးစေ့ကို အပင်ပန်းခံ သိမ်းဖို့ကို စိတ်မဝင်စားကြတော့။

မျိုးဗီဇပြောင်းထားတဲ့ မျိုးစေ့တွေဟာ တစ်ခါစိုက်ပျိုးပြီးရင် မျိုးစေ့ပြန်သိမ်းလို့ မရတော့တာမို့ နောက်တစ်ရာသီစိုက်ဖို့ဆိုရင် နောက်ထပ်မြို့ကလာတဲ့ မျိုးစေ့တွေကိုပဲ လှမ်းဝယ်ကြရပါတယ်။

ဒီလိုနဲ့ ဒေသထွက်မျိုးရင်းတွေရဲ့ အခန်ကဏ္ဍဟာ မှေးမှိန်မှန်းမသိ မှေးမှိန်လာခဲ့တယ်။

ဗီဇပြောင်းထားတဲ့ GMO (Genetically Modified Organisms) မျိုးစေ့တွေက ဒေသမျိုးရင်းနေရာမှာ အစားထိုးနေရာယူရင်း တောင်သူတွေဟာ GMO မျိုးစေ့ရဲ့ လွှမ်းမိုးချုပ်ကိုင်တာကို ခံနေရမှန်းမသိ ခံနေရတော့တယ်။ တောင်သူတွေရဲ့ဘဝဟာ မျိုးစေ့ ကုမ္ပဏီ ကော်ပိုရေးရှင်းကြီး (Corporation) တွေရဲ့ လက်ဖဝါးထဲကို ရောက်မှန်းမသိ ရောက်လာခဲ့တယ်။

အခုဆိုရင် GMO မျိုးစေ့ ကော်ပိုရေးရှင်းကြီး (၄) ခုက ကမ္ဘာ့မျိုးစေ့ ငါးဆယ်ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နေရာယူထားခဲ့ပြီ။

ဒါ့ကြောင့်လည်း ကမ္ဘာမှာ မျိုးစေ့ကုမ္ပဏီ လေးခုလောက်ကသာ ကြီးစိုးလွှမ်းမိုးနေလို့ တောင်သူတွေအနေနဲ့ ကိုယ့်ရဲ့ဒေသမျိုးရင်းကို တန်ဖိုးထား ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ ပညာရှင်တွေက အရေးတကြီး ထောက်ပြခဲ့ကြတာပါ။

ဒေသမျိုးရင်းမျိုးစေ့တွေ ပျောက်ဆုံးသွားတဲ့အကြောင်း စဉ်းစားနေရင်း အိန္ဒိယနိုင်ငံက ဒေါက်တာဗင်ဒါနာရှီဗာကို မြင်ယောင်သွားမိပါတယ်။

ရူပဗေဒနဲ့ ပါရဂူဘွဲ့ရထားပေမယ့် ဒေသမျိုးစေ့တွေကို ထိန်းသိမ်းတဲ့နေရာမှာ ဦးဆောင်သူ၊ သဘာဝမြေသြဇာသုံးတဲ့ အော်ဂဲန်နစ်စိုက်ပျိုးရေးကို ကြိုးပမ်းဖော်ဆောင်သူ။ သူဘာဖြစ်လို့ ရူပဗေဒပညာရှင်ဘဝကို စွန့်လွှတ်ပြီး တောင်သူတွေအတွက် ရှေ့ဆောင်လုပ်ပေးနေရတာလဲ။

သူ့ရဲ့ သုတေသနပြုချက်အရဆိုရင် ခေတ်မီစက်မှုစိုက်ပျိုးရေးကြောင့် စားဝတ်နေရေး ပိုမိုကျပ်တည်းလာတဲ့ အိန္ဒိယတောင်သူတွေဟာ (၁၄) နှစ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသူ သုံးသောင်းနီးပါး ရှိသွားပြီလို့ ဆိုပါတယ်။

ကျွန်မရဲ့ အဝန်းအဝိုင်းမှာလည်း ခေတ်မီစိုက်ပျိုးနည်းတွေရဲ့ ဆွဲဆောင်မှုအောက်မှာ ဓါတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ၊ အဝေးကြီးကလာတဲ့ မျိုးစေ့တွေနဲ့ စိုက်ပျိုးကြရင်း အထွက်တိုးအောင် ကြံဆောင်ကြတယ်။ ကြော်ငြာတွေရဲ့ အမျိုးမျိုး အယုံသွင်းမှုကြားမှာ ခေတ်မီစိုက်ပျိုးရေးတွေ တွင်တွင်လုပ်ရင်း နှစ်ကြာလာတဲ့အခါ မြေဆီလွှာတွေ တဖြည်းဖြည်း ပျက်စီးလာခဲ့ပြီး ထွက်တဲ့အသီးအနှံနဲ့ စိုက်ပျိုးစရိတ်တွေ မကာမိတဲ့ အနေအထားကို ရောက်လာခဲ့တယ်။

ဒီလို ခေတ်မီပါတယ်ဆိုတဲ့ လူနေမှုဘဝကို ကူးလူးဖြစ်သန်းကြရင်းက လယ်ယာစိုက်ပျိုးရေးဟာ ပညာမတတ်တဲ့သူတွေ အောက်ကျနောက်ကျ လုပ်ရတဲ့အလုပ်မျိုးလို့ ဦးနှောက်မှိုင်း အတိုက်ခံထားရတဲ့ အတွေးအခေါ်ကလည်း ကျွန်မတို့ ပတ်ဝန်းကျင်မှာ စိမ့်ဝင်မှု အားကောင်းလာခဲ့တယ်။

“စာမတတ်ရင် နွားကျောင်းရမယ်” ဆိုတဲ့ အတွေးအခေါ် အဆုံးအမကြားမှာ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်အနေနဲ့ လယ်ယာအလုပ်ကို အထင်သေးသွားတာလည်း အပြစ်လို့ မဆိုသာ။

ဒီတော့ ဖြေရှင်းနည်းဟာ လက်ရှိစိုက်ပျိုးနေတဲ့ လယ်ယာမြေကိုပစ်ပြီး နိုင်ငံခြားမှာ အလုပ်ထွက်လုပ်တာ၊ မြို့ပြမှာ အလုပ်သွားလုပ်တဲ့ ရွေးချယ်မှုတွေ များလာခဲ့တယ်။ ဒီလိုလယ်ယာမြေတွေကိုပစ်ပြီး စက်ရုံလုပ်သားဘဝ ပြောင်းသွားရတာဟာ အရင်းရှင်စီးပွားရေးစနစ်ရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကြောင့်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

လေးစားရတဲ့ ဆရာတစ်ယောက် ဘာသာပြန်ထားတဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က “ပန်ပန်အော်ဂဲင်နစ်ခြံ” ကို စိုက်ပျိုးတည်ထောင်သူ “ဂျိုးဂျန်ဒိုင်” တဲ့ စကားကို ကြိုက်နှစ်သက်လွန်းလို့ ပြန်လည်မျှဝေပါရစေ။

“အရင်းရှင် စီးပွားရေးစနစ်က လွတ်လပ်ခြင်း၊ အမှီအခိုကင်းကင်း နေထိုင်ခြင်းနဲ့ ပျော်ရွှင်သာယာခြင်း တွေကို ကြောက်ရွံ့နေကြတယ်။ တကယ်လို့ လူတွေက ပျော်တယ်၊ လွတ်လပ်တယ်၊ အမှီအခိုကင်းကင်း နေနိုင်တယ်လို့ ခံစားတတ်ကြရင် ဝယ်ယူစားသုံးမှု နည်းသွားမယ်လေ။ ငွေကြေးနောက် တကောက်ကောက် လိုက်တာလည်း နည်းသွားမယ်။ ဒီလို အခြေအနေမျိုးကို အရင်းရှင်ဈေးကွက် စီးပွားရေးစနစ်က မကြိုက်ပါဘူး”

(ဂျိုးဂျန်ဒိုင်၊ ပန်ပန်အော်ဂဲနစ်ခြံ၊ ချင်းမိုင်မြို့)

အခုဆိုရင် ဂလိုဘယ်လိုင်ဇေးရှင်း (Globalization) ဆိုတဲ့ “ကမ္ဘာ့ရွာပြုမှုဖြစ်စဉ်” ထက် လိုဂယ်လိုင်ဇေးရှင်း (Localization) ဆိုတဲ့ “ဒေသမှုပြုခြင်းဖြစ်စဉ်” ဆိုတဲ့စကားကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေကြားမှာ တွင်တွင်ကျယ်ကျယ် ကြားလာရပါတယ်။

လိုဂယ်လိုင်ဇေးရှင်း(Localization) “ဒေသမှုပြုခြင်းဖြစ်စဉ်” ဆိုတာ ဘာပါလဲ။ ဒေသမှုပြုခြင်းကို ယုံကြည်ပြီး ကိုယ်တိုင်စိုက်ပျိုးစားသုံးတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်ဆရာတစ်ယောက်ကတော့ ဒီလို ရေးသားထားတာ တွေ့ရပါတယ်။

“ဒေသမှုပြုခြင်းဖြစ်စဉ် (Localization) ကတော့ လူတစ်စုထိန်းချုပ်တဲ့ ဒီမိုကရေစီကို လူအများစုက ပါဝင်ရယူလိုက်ခြင်း။ ထိန်းချုပ်မောင်းနှင်ခံနေရတဲ့ စီးပွားရေးနဲ့ဈေးကွက်ကို ဒေသအတွင်းက လူထုများလက်ထဲ ပြန်လည်အသက်ဝင် ရောက်ရှိလာစေခြင်း။ ထိန်းချုပ်ခံ ပညာရေး၊ ကျန်းမာရေး စနစ်များကလည်း ဒေသတွင်း နေထိုင်သူ လူထုက မိမိတို့နဲ့ သင့်တော်လိုက်ဖက်မယ့် ပညာရေး၊ ကျန်းမာရေး ပုံစံ ဖြစ်လာအောင် လုပ်ဆောင်နိုင်ခြင်းများ ဖြစ်လာစေပါကြောင်း ဖော်ထုတ်တင်ပြလာနေကြတယ်”

ဒီစာပိုဒ်တွေကို ဖတ်လိုက်ရတော့ ကျွန်မတို့ ပတ်ဝန်းကျင်က လူတွေဟာ အရင်းရှင်စနစ်ရဲ့ ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်အုပ်စိုးတာကို ခံနေရတာ ဆယ်စုနှစ်တွေ ဘယ်လောက်တောင် ကြာခဲ့ပြီးလဲလို့ အထိတ်တလန့် သတိထားမိလာတော့တယ်။

ဒါ့အပြင် ကျွန်မတို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်ဖို့ဆိုရင် ဒေသမှုပြုခြင်းဖြစ်စဉ်ဟာ ကျွန်မတို့တစ်တွေ မဖြစ်မနေ ကျင့်သုံးရမယ့် နည်းလမ်းဆိုတာ နားလည်သွားခဲ့တယ်။

ကျွန်မတို့ဟာ အာဏာရှင်စနစ်ကို မုန်းတယ်။ ဗဟိုချုပ်ကိုင်မှု ကြီးစိုးတဲ့ စနစ်ကို မုန်းတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီစနစ်အောက်မှာ နေထိုင်ချင်ကြတယ်။ ဒါ့ကြောင့်လည်း အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းပစ်မယ့် နွေဦးတော်လှန်ရေးကြီးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်တယ်။

ဆိုးသွမ်းယုတ်မာလှတဲ့ ဖက်ဆစ်ဘီလူးတွေကို အင်တိုက်အားတိုက် ချေးမှုန်းတိုက်ခိုက်ရသလိုပဲ ကျွန်မတို့တစ်တွေကို ဂုတ်သွေးစုပ်ချုပ်ကိုင်ထားပြီး ဆင်းရဲငတ်မွတ်အောင် အမြဲခြိမ်းခြောက်နေတဲ့ အရင်းရှင်စီးပွားရေးစနစ်ကိုလည်း ဒေသမှုပြုခြင်းဖြစ်စဉ်နဲ့ ပြန်လည်တွန်းလှန်ဖို့ အရေးကြီးလှပါတယ်။ ။

Photo- CJ ( တရုတ်ရဲ့ မူဝါဒပြောင်းလဲမှုကြောင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ အချိန်ကြန့်ကြာခဲ့ပြီး ပျက်စီးခဲ့ရတဲ့ ဖရဲသီးတွေကို ကုန်သည်တွေက လမ်းဘေးမှာပဲ စွန့်ပစ်ခဲ့ကြတယ်။)

ငြိမ်းပန်

The Tanintharyi Times