ကမ္ဘာကြီးကို ဘယ်သူက ကျွေးမွေးနေသတုန်း

ကမ္ဘာကြီးကို ဘယ်သူက ကျွေးမွေးနေသတုန်း

“ကမ္ဘာကြီးကို ဘယ်သူက ကျွေးမွေးနေသတုန်း” ဆိုတဲ့ မေးခွန်းနဲ့ ခေါင်းစဉ်နာမည်ပေးထားတဲ့ စာအုပ်ကို ညွှန်းချင်နေမိပါတယ်။

ဆရာကိုတာက အိန္ဒိယပြည်က မျိုးစေ့လွတ်လပ်ရေးလှုပ်ရှားသူ ထင်ရှားတဲ့ အမျိုးသမီးကြီး ဒေါက်တာ ဗင်ဒါနာရှီဗာ ရေးတဲ့ Who really feeds the world? The failure of agribusiness and the promise of agroecology (2016) By Vandana Shiva ကို ဘာသာပြန်ထားတာပါ။ မူရင်း စာရေးသူဟာ ရူပဗေဒသိပ္ပံပညာရှင် ပါရဂူတစ်ဦးဖြစ်ပြီး လူအများစုကြီး သတိမမူမိကြတဲ့ စားနပ်ရိက္ခာ အချုပ်အခြာ ကိစ္စ၊ မျိုးစေ့လွတ်မြောက်ရေး၊ သဘာဝပတ်ဝန်းကျင်ရေးရာကိစ္စတွေကို တွန်းတွန်းတိုက်တိုက် ထဲထဲဝင်ဝင် ဦးဆောင်ဦးရွက်ပြုနေတဲ့ ကမ္ဘာကျော် အမျိုးသမီး သိပ္ပံပညာရှင်ကြီးပါ။

သူ့ဘဝအကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းသလို စာအုပ်နာမည်ကလည်း စိတ်ဝင်စားဖို့ကောင်း၍ အစားအစာစားပြီး အသက်ရှင်နေရသူတိုင်း အတွက် သိသင့်တယ်လို့ ယူဆတဲ့အတွက်ကြောင့် ဖတ်ကြည့်ဖို့ အညွှန်းလေးမျှဝေချင်တာရယ်ပါ။

ကျမတို့ လူသားတွေကို ဘယ်သူက အမှန်တကယ်ကျွေးနေတာလဲ။

ဒီမေးခွန်းက အတော်လေး ရိုးစင်းပေမဲ့ သာမန် မေးခွန်းတော့ မဟုတ်ပါဘူး။ ကျမတို့ကို ကျွေးနေတာက မိဘများလား၊ လယ်သမားများလား၊ တောင်သူတွေလား၊ စတိုးဆိုင်တွေကလား၊ အစားအစာထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေကလား၊ အစိုးရတွေကလား၊ စူပါမားကက်တွေကလား။ ကျမတို့ ငယ်စဉ်က ကျောင်းသင်ရိုးမှာပါသလို ကျေးဇူးရှင် တောင်သူဦးကြီးများကပဲ ကျွေးနေသလား။ ဒီမေးခွန်းသူကို စာဖတ်သူတွေလည်း စဉ်းစားကြည့်စေ့ချင်ပါတယ်။

ဘာလို့ဆို ကျမတို့က နေ့တိုင်း အစားအစာ စားနေရတယ်မဟုတ်လား။ ကိုယ့်ငွေနဲ့ကိုယ်ဝယ်စားတာမို့လို့ ကိုယ့်ဝမ်းကိုယ်ကျောင်း တယ်ရယ်လို့တော့ ခပ်ပေါ့ပေါ့မဖြေဖို့ မျှော်လင့်ပါရဲ့။

ကမ္ဘာပေါ်မှာ ငွေမရှိဘဲ အသက်ရှင်နေထိုင်ကြတဲ့သူတွေ၊ လူမျိုးနွယ်စုတွေ အခုထိရှိကြပါသေးတယ်။ သူတို့လို လူတွေကိုကော ဘယ်သူက ကျွေးထားသတုန်း။

အခု ဥရောပမှာ ယူကရိန်း - ရုရှား စစ်ကြောင့်ကော၊ ကိုဗစ်ကြောင့်ကော နိုင်ငံတော်တော်များများမှာ စီးပွားရေးစနစ်တွေ ရုန်းကန်နေရတယ်။ ဂျုံ၊ စားဆီ၊ လောင်စာဆီ၊နဲ့ ဓာတ်မြေဩဇာထုတ်တဲ့ နိုင်ငံတွေ စစ်ဖြစ်ကြတော့ ကျန်တဲ့နိုင်ငံတွေမှလည်း ဒုက္ခရောက်ပါတယ်။

စားနပ်ရိက္ခာတွေ ဈေးတက်ကုန်လို့ထမင်း နပ်မှန်ဖို့တောင် အနိုင်နိုင်ဖြစ်လာကြတယ်၊ တချို့ငတ်ကုန်ကြပါပြီ။ ကမ္ဘာကြီးမှာ ပုံမှန်အခြေအနေမှာတောင် ငတ်မွတ်ပြီး အာဟာရချို့တဲ့နေသူ သန်းတစ်ထောင်လောက်ရှိပါတယ်။ အခုတော့ ပိုဆိုးဖို့ပဲရှိပါတယ်။

စစ်အာဏာရှင်တွေ မင်းမူနေတဲ့ ကျမတို့ဆီမှာတော့ ပို၍ပို၍ ဆိုးသော အခြေအနေဖြစ်ပါတယ်။ တော်လှန်ရေး ကာလကြီးမှာ အငတ်ဘေးဆိုက်ရင်တော့ ဗိုက်ဟောင်းလောင်းနဲ့ တော်လှန်ဖို့ ဟာ မဖြစ်နိုင်သလောက်ပါ။ ဒီလို အငတ်ဘေးဆိုက်တဲ့ အခြေအနေတွေကိုလည်း စစ်အာဏာရှင်တွေက လိုလားနေဖို့များပါတယ်။

သူတို့ကို ဆန့်ကျင်နေသူတွေ ငတ်ပြတ်ပြီး ဘာမှမလုပ်နိုင်၊ ထမင်းနပ်မှန်ဖို့ ရုန်းကန်ရင်း အချိန်ကုန်စေချင်တယ်၊ အစားအသောက်အတွက် စစ်အာဏာရှင်ကို မှီခိုလာစေချင်ပြီး ကျေးဇူးရှင်အဖြစ်မြင်လာစေချင်တယ်၊ နောက်ဆုံးမှာ လူတွေရဲ့ အစားအသောက် အကုန်လုံးကို သူတို့က ထိန်းချုပ် ဖြတ်တောက်တာမျိုး လုပ်ပါလိမ့်မယ်။

ဒီလိုသာဓကတွေ အဖြစ် ဖြတ်လေးဖြတ် ဆိုတာမျိုး၊ ရိက္ခာသယ်ခွင့်ကန့်သတ်တာမျိုးတွေဟာ ကျမတို့နဲ့ မစိမ်းခဲ့ပါဘူး။ ဒီလိုမျိုး ငွေရှိလို့တောင် လိုချင်သလို မဝယ်နိုင်တဲ့ ကာလမျိုးမှာ၊ မတန်တဆ ငွေပေးမှ ရမယ့်အခြေအနေမျိုးမှာ ကျမတို့ကို မငတ်အောင် ဘယ်သူတွေက ကျွေးထားမတုန်း။

ကမ္ဘာပေါ်မှာရှိတဲ့ လူတစ်စုဟာ ကျမတို့ အတွက် မရှိမဖြစ် အရေးကြီးတဲ့ အစားအသောက်တွေကို လိုသလို ထိန်းချုပ်ဖို့ အကွက်ကျကျ စနစ်တကျ ကြံစည်အားထုတ်နေကြပါပြီ။ ခရီးလည်းအတော်ပေါက်နေပြီ။

ထို လူစုဟာ သီးနှံမျိုးစေ့တွေ ထိန်းချုပ်မယ်၊ အခြားသူတွေ သူတို့ရဲ့ မျိုးစေ့တွေကို မယူနိုင်အောင် နည်းပညာနဲ့၊ ဥပဒေနဲ့ထိန်းချုပ်မယ်၊ ကမ္ဘာတဝန်းက၊ ကျမတို့ဆီက တောင်သူတွေကို မျိုးစေ့၊ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေ ရောင်းမယ်၊ သူတို့ရဲ့ မျိုးစေ့ဟာ သူတို့ရဲ့ ဓာတ်မြေဩဇာသုံးမှ ပိုးသတ်ဆေး သုံးမှ အဆင်ပြေမယ်၊ ပြီးရင် တောင်သူက ထွက်လာတဲ့ သီးနှံကနေ မျိုးအဖြစ်ချန်လို့မရဘူး၊ အဲလိုချန်ပြီးထားတဲ့ မျိုးဟာလည်း မအောင်မြင်အောင် သူတို့မရောင်းခင်ကတည်းက ဗီဇပြုပြင်ထားပြီးသား။

ကဲ ဒီလိုဖြင့် ကျမတို့ဟာ သူများလက်ခုပ်ထဲကရေ၊ သူများပေးသလောက်ပဲ စားရသောက်ရမယ့်အနေအထားမျိုးတွေ အဖြစ်ခံကြမှာလား။

ဒီလိုမဖြစ်အောင် ကျမတို့ ဘာလုပ်နိုင်ကြမလဲ။ ကျမကတော့ သည်စာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။

ကမ္ဘာပေါ်မှာ လူတွေငတ်နေတာကို ဖြေရှင်းဖို့၊ တိုးပွားလာတဲ့ လူဦးရေကို ကျွေးမွေးဖို့ စဉ်းစားကြတဲ့အခါမှာ လူအများက စက်မှုလယ်ယာစနစ်နဲ့ အမြောက်အများထုတ်ပြီး ကျွေးရင်တော့ဖြင့် အဆင်ပြေမယ်ထင်ကြပါတယ်။ ဒါပေသိဖြစ်ပုံက စာရင်းဇယားတွေအရဆိုရင် ငတ်တဲ့သူတွေကလည်း မလျော့၊ ထုတ်တာလည်း တိုးနေပါရဲ့။

ဒါပေမဲ့ အလဟဿဖြစ် လွှင့်ပစ်ရတဲ့ အလေအလွင့် အစားအစာတွေကများများလာသတဲ့။ အစားအစာတွေ ကြောင့် လူတွေ မကျန်းမာကြဘဲ ရောဂါဖြစ်သူတွေလည်း တိုးလာပါသတဲ့။

စိုက်တဲ့ပျိုးတဲ့ နည်းနာ အသစ်တွေ တိုးလာသလောက် စိုက်ပျိုးနိုင်တဲ့မြေတွေဟာ ပျက်ပျက်လာလို့ ဓာတ်မြေဩဇာမကူရင် စိုက်လို့မရလောက်အောင် ဖြစ်လာပြီး ဓာတ်မြေဩဇာ ကုမ္ပဏီ၊ ပိုးသတ်ဆေးကုမ္ပဏီကိုပဲ မှီခိုမှုတိုးတိုးလာရသတဲ့။

ဆိုတော့ ကျမတို့ အသက်ရှင်ရေး ကျန်းမာရေးအတွက် အင်မတန် အရေးပါတဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှုမှာ တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီလို့ ဆိုရမှာပဲ။

ဘာတွေမှားနေခဲ့လဲဆိုတာကို ဆရာမကြီးကတော့ ထောက်ပြထားပါတယ်။ ပြီးတော့ တကယ်တမ်းမှာ ကျမတို့ကို အာဟာရဖြစ်ဖြစ်၊ လတ်ဆတ်စွာနဲ့ ရေရှည်ကျွေးမွေးနေတဲ့ အရာတွေကို ဆရာမကြီးကပြောပြထားပါတယ်။

ဆိုတော့ ကျမတို့ရဲ့ အသက်ဆက်ရေး စားနပ်ရိက္ခာဖူလုံမှုကို ဂရုဓမ္မပြု ကာကွယ်လိုသူ၊ ထိန်းသိမ်းလိုသူတိုင်း သည်စာအုပ်ကလေးကို ဖတ်ကြပြီး အလေးအနက် ဆင်ခြင်ကြည့်၊ လုပ်စရာရှိတာ ပြင်ပြင်ဆင်ဆင်လုပ်ကြဖို့ တိုက်တွန်းလိုက်ပါရဲ့ရှင်။

The Tanintharyi Times