တနင်္သာရီကမြို့ကြီးနှစ်မြို့မှာ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးဆင်း
တနင်္သာရီကမြို့ကြီးနှစ်မြို့မှာ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးဆင်း
တနင်္သာရီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ ထားဝယ်မြို့နဲ့ ဆိပ်ကမ်းမြို့တော်ဖြစ်တဲ့ မြိတ်မြို့တို့ကို ပြီးခဲ့တဲ့အပတ်က ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူတွေလာရောက်ပြီး ဒေသခံလုပ်ငန်းရှင်တွေ၊ ပါတီဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
ပြည်ခိုင်ဖြိုးပါတီရဲ့ ဒုတိယဥက္ကဌနဲ့ အဖွဲ့ဟာ ထားဝယ်မြို့မှာ ပါတီဝင်တွေနဲ့ အခုလ ၁၇ ရက်က တွေ့ဆုံခဲ့ပြီး ၁၈ ရက်နေ့မှာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေ၊ ပါတီထောက်ခံသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သူတို့ပါတီက သတင်းထုတ်ပြန်ထားပါတယ်။
အခုလ ၁၉ ရက်မှာလည်း ထားဝယ်မြိုနည်းတူ တွေ့ဆုံပွဲတွေ မြိတ်မြို့မှာလည်း ပြုလုပ်ခဲ့ပါတယ်။ ပါတီရဲ့ ထုတ်ပြန်ချက်မှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေ ဒေသအကျိုးဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ထားဝယ်မြို့ခံတချို့ကတော့ စစ်ကောင်စီက ကျင်းပဖို့စီစဥ်နေတဲ့ရွေးကောက်ပွဲအတွက် ကြိုတင်ပြီး စည်းရုံးရေးဆင်းနေတဲ့အပေါ် ဝေဖန်နေကြပါတယ်။
“ရွေးကောက်ပွဲလုပ်မယ်လို့ မင်းအောင်လှိုင်ကထုတ်ပြောထားတယ်လေ။ ဘယ်အချိန်လုပ်မလဲပဲ မသေချာသေးတာ။ သူတို့က လက်ဦးမှုယူပြီး လာစည်းရုံးတာလို့ပဲ ထင်တယ်” လို့ နိုင်ငံရေးစိတ်ဝင်စားတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွေမှာ တနင်္သာရီတိုင်းထဲက မဲဆန္ဒနယ်အားလုံးမှာ ရှုံးနိမ့်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပါတီတွေကို မှတ်ပုံပြန်တင်ခိုင်းတဲ့အချိန်မှာ တစ်နိုင်ငံလုံးမှာယှဥ်ပြိုင်မယ့် ပါတီအဖြစ် ပြည်ခိုင်ဖြိုးပါတီက မှတ်ပုံပြန်တင်ထားပါတယ်။
ပြည်ခိုင်ဖြိုးပါတီအပါအဝင် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံပြန်တင်ကြတဲ့ပါတီတွေထဲက တနင်္သာရီတိုင်းမှာ ယှဥ်ပြိုင်ဖူးတဲ့ ပါတီရှစ်ခုရှိပါတယ်။ အဲဲဒီပါတီတွေကတော့ ပြည်သူ့ပါတီ(PP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ ကရင်ပြည်သူ့ပါတီ(KPP)၊ အမျိုးသမီးပါတီ(မွန်) နဲ့ မွန်ညီညွတ်ရေးပါတီ တို့ပဲဖြစ်ပါတယ်။
The Tanintharyi Times
