စစ်ကောင်စီ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေကို စစ်ရေးအရပါ အရေးယူမယ်လို့ MSFC ပြော

စစ်ကောင်စီ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေကို စစ်ရေးအရပါ အရေးယူမယ်လို့ MSFC ပြော

Photo - ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေကို စစ်ဆေးနေတဲ့ စစ်ခေါင်းဆောင်

စစ်ကောင်စီကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်တဲ့သူတွေကို စစ်ရေးအရပါ အရေးယူမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို အားပေး‌ထောက်ခံတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဆန့်ကျင်အရေးယူတိုက်ဖျက်သွားမှာ ဖြစ်ပြီး လိုအပ်ပါက စစ်ရေးအရပါ အရေးယူမယ်လို့ MSFC ရဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေး ကော်မတီ အဖွဲ့ခေါင်းဆောင် ဒေါက်တာ သီရိမွန်ချမ်းက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

လာမယ့် ၂၀၂၅ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုလာအပြီး အဆိုပါ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားရန်အတွက် စက်တင်ဘာ ၁၇ ရက်နေ့မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ကော်မတီတရပ် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေး ကော်မတီမှာ မွန်ပြည်ကာကွယ်တပ် MSDF ဥက္ကဌ ဖြစ်သူ ဒေါက်တာ သီရိမွန်ချမ်းက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူကာ အဖွဲ့ဝင် ၇ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ယင်းကော်မတီကနေ ပြည်သူတွေကို အတုအယောင် ရွေးကောက်ပွဲအကြောင်း အသိပေးတာ၊ နိုင်ငံတကာအသိုင်းအဝိုင်းက ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့နဲ့ အကူအညီ မပေးဖို့ အသိပေးတဲ့ ကိစ္စတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ နိုင်ငံရေး စစ်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ပျက်ပြားသွားအောင် တိုက်ဖျက်သွားဖို့ စတာတွေကို လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ဒေါက်တာ သီရိမွန်ချမ်းက ဆိုပါတယ်။

“စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် အမျိုးမျိုး သက်ဆိုးရှည်စေရေးအတွက် ပထမအဆင့်အနေနဲ့ နိုင်ငံရေး လူမှုရေးအရ သတိပေးတားမြစ်တာတွေ ရှိမယ်၊ သတိပေးတားမြစ်တာကို လျစ်လျူရှု မလိုက်နာရင် စစ်ရေးနဲ့ဆိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်” လို့ ကော်မတီအဖွဲ့ခေါင်းဆောင်က ပြောဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မြေပြင်မှာ စည်းရုံးတာ လှုပ်ရှားတာ ပါဝင်ပတ်သက်တာ ပြုလုပ်နေသူတွေအနေနဲ့လည်း သတိပေးတားမြစ်တာကို မလိုက်နာရင် စစ်ရေးဆိုင်ရာ နည်းလမ်းမျိုးစုံနဲ့ ပြတ်ပြတ်အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကို ခံနေရပြီး စစ်ရေး နိုင်ငံရေး စီးပွားရေး အဘက်ဘက်ကနေ ကျရှုံးနေတာကြောင့် နိုင်ငံရေးထွက်ပေါက်တခုအဖြစ် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ MSFC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကိုလည်း စစ်ကောင်စီရဲ့ အပေါင်းအပါအဖြစ် သတ်မှတ်ကာ ဆန့်ကျင်တိုက်ဖျက်သွားမှာ ဖြစ်သလို စစ်ကောင်စီရဲ့ အကြမ်းဖက်နေတဲ့ လုပ်ငန်းတွေ မိမိတို့ မျိုးဆက်မှာ ရပ်တန့်သွားရန်အတွက် ပြည်သူတွေကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ MSFC က တိုက်တွန်းထားပါတယ်။

“တတိုင်းပြည်လုံးရှိ ပြည်သူအတွက်ရော တိုင်းရင်းသားလူမျိုးစုံတွေအတွက်ရော ဘာမှအကျိုးဖြစ်လာမှာ မဟုတ်ဘူး၊ စစ်ကောင်စီက ကျူးလွန်လာခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကနေ ရှောင်ထွက်နိုင်ဖို့ နောက်ပြီး အတုအယောင် ရွေးကောက်ပွဲက မြန်မာပြည်နိုင်ငံရေးမှာ စစ်အုပ်စုကနေ ဆက်လက်အာဏာထိန်းထားနိုင်ရေးနဲ့ အခုလောလောဆယ် ကြုံတွေ့နေရတဲ့ နိုင်ငံရေး စစ်ရေး အကြပ်အတည်း အရပ်ရပ်ကနေ နိုင်ငံရေးထွက်ပေါက်တခုအဖြစ်သာ ဖြစ်တဲ့အတွက် ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ရတာ ဖြစ်တယ်” လို့ ဒေါက်တာ သီရိမွန်းချမ်းက ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲစာရင်းမှန်ကန်ရေးအတွက်ဆိုပြီး လာမယ့် အောက်တိုဘာ ၁ ရက်နေ့ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ခံသွားမယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပါတယ်။

“သန်းခေါင်စာရင်းကောက်မယ့်ကိစ္စက ပြည်သူတွေအတွက် အကျိုးထက် အဆိုးဖြစ်စေမယ့် လုပ်ရပ်ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်မှုတွေ မလုပ်ဘဲ ရှောင်နိုင်သလောက်ရှောင်ကြပါ၊ အာဏာရှင်တွေမှာတော့ ဒီအချက်အလက်တွေကို ပြည်သူ့ဝန်ဆောင်တွေမှာ အသုံးပြုဖို့ထက် ပြည်သူတွေကို ပြည်လည်ဖိနှိပ်ချုပ်ချယ်မှု ယန္တရားမှာ အသုံးပြုဖို့ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ရှောင်လို့ရသလောက် ရှောင်ကြပါ” လို့ ဒေါက်တာ သီရိမွန်ချမ်းက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်းပြည်ကို အာဏာသိမ်းလိုက်ပြီးနောက် အခု အချိန် ၄ နှစ်နီးပါးအကြာမှာတော့ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ရွေးကောက်ပွဲမှာ ပါဝင်ကြဖို့ စစ်ကောင်စီဘက်က ဖိတ်ခေါ်ထားပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်ကတော့ လက်ခံနိုင်စရာမရှိဘူးလို့ တုံ့ပြန်ပြောဆိုထားကြပါတယ်။

The Tanintharyi Times