ကျွန်တော်နှင့် ပန်းကလေးများ (ကိုစိုးထိုက်(ဖဒို))

ကျွန်တော်နှင့် ပန်းကလေးများ (ကိုစိုးထိုက်(ဖဒို))

“ကလေးငယ်တွေဟာ ပန်းကလေးတွေလိုပါပဲ။ အပြစ်ကင်းစင်စွာနဲ့ လူ့လောကထဲ ရောက်ရှိလာကြပေမယ့် လူယုတ်မာတွေကြောင့် သူတို့ဘဝလေးတွေ ညှိုးနွမ်း ပျက်စီးသွားကြတယ်”

“ကိုစိုးထိုက်(ဖဒို)” ရေးသားထားတဲ့ “ကျွန်တော်နှင့် ပန်းကလေးများ” ဆိုတဲ့ စာအုပ်ထဲက စာသားလေးတစ်ပိုဒ်ကို အပြန်ပြန် ဖတ်ရင်းက ဖြူစင်လှတဲ့ ကလေးငယ်တို့ရဲ့ မျက်နှာကို မြင်ယောင်နေမိတယ်။

ကလေးတွေ။ ဆယ်နှစ်ဝန်းကျင် အရွယ်ပဲ ရှိသေးတဲ့ ကလေးတွေ။ လွတ်လပ်ပျော်ရွှင်နေရမယ့် အရွယ်လေးတွေ။ မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်လွယ်လိုက်ရသတဲ့။ ကလေးက ကလေးတစ်ယောက်ကို ဝမ်းနဲ့လွယ်ပြီး နာနာကျင်ကျင် မွေးထုတ်လိုက်ရသတဲ့။ မုဒိမ်းကျင့်ခံလိုက်ရတဲ့ ကလေးတွေရဲ့ စိတ်ဒဏ်ရာ အတိမ်အနက်ဟာ မမှန်းဆရဲလောက်အောင်ပါပဲ။

သက်ငယ်မုဒိမ်း ကျူးလွန်ခံရတဲ့ ကလေးများစွာကို အကူအညီပေးနေတဲ့ ကိုစိုးထိုက်က သူ့အတွေ့အကြုံကို အခြေခံပြီး ဒီလို အကြံပေးပါတယ်။ “ဒီနေရာမှာ ကျွန်တော်တစ်ခု သိလိုက်တာက သက်ငယ်မုဒိမ်းမှုမှာ မိသားစု သို့မဟုတ် ပတ်ဝန်းကျင်ရဲ့ အားပေးနားလည်မှုက တကယ်အရေးကြီးပါတယ်။ ကလေးရဲ့ စိတ်ဒဏ်ရာကို အများကြီး ကုစားပေးနိုင်ပါတယ်” တဲ့။

မုဒိမ်းကျင့်ခံရတာကိုပဲ ရွာနာတယ်ဆိုပြီး ရွာပြင်ထုတ်ခံရတာ၊ အသိုက်အဝန်းက အပြစ်တင် ဖယ်ကြဉ်ခံရတာမျိုးကို ကလေးတွေခမျာ ကြုံတွေ့နေရဆဲပါ။ ကျူးလွန်သူက အာဏာ၊ ငွေကြေး၊ ဂုဏ်ဒြပ် တစ်ခုခုမှာ သာနေတဲ့အခါ အပြစ်ကျူးလွန်သူကို မထိရဲကြတော့။ ကျူးလွန်ခံရသူကိုပဲ ပြစ်တင်ပြောဆို ကြတော့တယ်။

မုဒိမ်းမှုတိုင်းမှာ ပြုကျင့်သူကပဲ ၁၀၀ ရာခိုင်နှုန်း အပြစ်ရှိတယ်ဆိုတာ စွဲစွဲမြဲမြဲ မှတ်ထားဖို့ လိုပါတယ်။ ကျူးလွန်သူရဲ့ အပြစ်ဟာ ရာနှုန်းပြည့် ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်မှ ပြစ်ဒဏ်က ကင်းလွတ်ခွင့် မရစေရပါဘူး။ အမှုဖွင့်ပြီး တရားစွဲဖို့၊ တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ဝိုင်းဝန်းကြိုးစား ကြရပါမယ်။

“တရားခံက လွတ်နေရင် (သို့မဟုတ်) တရားခံကို ကျေအေးခွင့်လွှတ်ပေးလိုက်ရင် အဲဒီတရားခံဟာ နောက်ထပ် မုဒိမ်းမှုတွေကို ဆက်ကျင့်ဖို့ သိပ်လွယ်သွားပါပြီ။ သူဟာ နောက်ထပ်သားကောင် ရှာပါတော့မယ်။ သူ့ကြောင့် နောက်ထပ်ကလေးတွေ ဒုက္ခရောက်ပါတော့မယ်”။ တရားခံကို အပြစ်က ကင်းလွတ်ခွင့် ပေးတာဟာ သိပ်ကို အန္တရာယ်ကြီးမားပါတယ်။

ဒါပေမယ့် ဖြစ်ပြီးမှ ဖြေရှင်းတာထက် မဖြစ်ခင်က ကြိုတင်ကာကွယ် တားဆီးနိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကလေးထိန်းကျောင်းတာနဲ့ ပတ်သက်ပြီး အယူအဆမှားတွေ ရှိပါတယ်။ ကိုယ့်အိမ်က ကလေးကို သူစိမ်းနဲ့ လက်မလွှတ်ရဲပေမယ့် အနီးအနားက သူတွေ၊ မိတ်ဆွေ၊ ဆရာသမား၊ ဆွေမျိုးတော်စပ်သူ စတဲ့ အမျိုးသားတွေနဲ့တော့ ယုံယုံကြည်ကြည် လွှတ်ထားတတ်ကြလေ့ ရှိတယ်။

သက်ငယ် မုဒိမ်းမှုမှာ သူစိမ်းနဲ့ဖြစ်တဲ့အမှု တော်တော်လေး ရှားပါတယ်တဲ့။ စာရင်းဇယားအရ သက်ငယ်မုဒိမ်းမှု ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းဝန်းကျင်က အမျိုးတွေ၊ လူရင်းတွေနဲ့သာ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဒီတော့ ကိုယ့်ကလေးငယ်တွေကို အဲဒီလို အဖြစ်ဆိုးမျိုးနဲ့ မကြုံရ‌အောင် ဘယ်လို ကာကွယ်ကြမလဲ။

လိင်ပညာပေးဟာ အရေးကြီးတဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ကလေးအရွယ်မှာ ကတည်းက သူတို့လေးတွေ သိသင့်သိထိုက်တာကို နည်းမှန်လမ်းမှန်နဲ့ သင်ပြပေးဖို့ လိုပါတယ်။ လိင်ပညာပေး သင်ခန်းစာကို စာသင်ကျောင်းမှာ မဖြစ်မနေ ပြဌာန်းပြီး ထည့်သွင်းသင်ကြားရပါမယ်။

‘လိင်’ ဆိုတာနဲ့ မြန်မာမိဘတွေ ထိတ်လန့်တကြား ဖြစ်သွားတတ်ကြတယ်။ နိုင်ငံတကာမှာ သင်နေတဲ့ လိင်ပညာပေး သင်ခန်းစာထဲမှာ ဖို/မ ကျန်းမာရေးအပြင် သာသမီးနဲ့မိဘ ဆက်ဆံရေး၊ ဆရာ/တပည့် ဆက်ဆံရေး၊ လူမှုပေါင်းသင်း ဆက်ဆံရေးနယ်ပယ်၊ ကျား/မ အခြေပြု ပညာရပ်များ၊ ကိုယ်ကျင့်တရားများ၊ စိတ်ပညာနယ်ပယ်များ စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။

ကလေးတွေ စကားပြောတတ်စ အရွယ်ကတည်းက လိင်ပညာပေး (Sex Education)ကို သင်ကြားလို့ ရပါတယ်။ ငယ်ငယ်ကတည်းက လိင်ပညာပေးကို စနစ်တကျ သင်ပြပေးခဲ့ရင် သက်ငယ်မုဒိမ်း အကျင့်ခံရမယ့်ဘေးက ရှောင်ရှားနိုင်ဖို့ များစွာ အထောက်အကူ ပြုပါတယ်။ လိင်ပညာပေးနဲ့ ပတ်သက်ပြီး ကလေးတွေကို အဆင့်လေးဆင့်နဲ့ ပြောပြလို့ ရပါတယ်။

ပထမအဆင့် ကလေးတွေကို သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ သီးသန့်နယ်မြေလေးတွေ ရှိကြောင်း သင်ပေးပါ။ အဲဒါကတော့ “နှုတ်ခမ်း၊ ရင်ဘတ်၊ ရှူးပေါက်တဲ့ ပိပိနဲ့ အီးအီးပါတဲ့ ဖင်ဖင်လေးတို့ပဲ။ အဲဒီအရာတွေကိုတော့ ဘယ်သူကမှ လာထိတွေ့လို့ မရဘူး။ ဖေ‌ဖေ မေမေကလည်း သန့်ရှင်းရေးလုပ်ပေးတဲ့ အချိန်ကလွဲပြီး အဲဒီကိုယ်ပိုင်နေရာတွေကို မထိဘူးနော်” လို့ ကလေးတွေကို ရှင်းပြထားပါ။ အဲဒီနေရာတွေကို ရွံစရာကြီးဆိုပြီး သင်ပေးရမှာ မဟုတ်ဘူး။ တန်ဖိုးထားရမယ့် ကိုယ်ပိုင်ရပ်ဝန်းလေးလို့ သင်ပေးရမှာ၊ အဲဒီနေရာတွေကို စောင့်ရှောက်တတ်ဖို့ သင်ပေးရမှာပါ။

ဒုတိယအဆင့် အနေနဲ့ တကယ်လို့များ အဲဒီနေရာတွေကို သူတစ်ပါးက လာကိုင်တွယ်ရင် “ငြင်းဆန်ပါ၊ အော်ဟစ်ပါ၊ တွန်းထုတ်ပါ၊ အဲဒီနေရာကနေ အမြန်ဆုံး ထွက်ပြေးလာပါ” ဆိုပြီး သင်ပေးရပါမယ်။

နောက်ဆုံးအဆင့်ကတော့ “ကလေးတို့ ယုံကြည်ချစ်ခင်ရတဲ့၊ ရင်းရင်းနှီးနှီး ရင်ဖွင့်တိုင်ပင်ရဲတဲ့ လူကြီး တစ်ယောက်ယောက်ကို ဒီအကြောင်း ပြောပြပါ” တဲ့။ တချို့ကလေးတွေက မိဘ၊ မိသားစုဝင်ကို မယုံကြည်တာ၊ ကြောက်ရတာတွေ ရှိတတ်ပြီး၊ ဆရာမ၊ အဒေါ် စတဲ့ သူတွေကို ပိုယုံကြည်ကြတာလည်း ရှိလို့ပါ။

ကလေးတွေ ဒီလောက်သိတယ် ဆိုရင်ပဲ မုဒိမ်းကောင်ရဲ့ရန်က လွတ်မြောက်နိုင်ချေ များပါတယ်။ ဒါပေမယ့် ဒီလိုသင်ကြားပေးခံရတဲ့ ကလေးတွေ မရှိသလောက် နည်းနေတယ် ဆိုတာကတော့ ဝမ်းနည်းစရာ အမှန်တရား ဖြစ်နေဆဲပါ။

သက်ငယ်မုဒိမ်းမှု ဘာလို့ ဖြစ်ရတာလဲ။ မုဒိမ်းကောင်တွေကြောင့်လို့ ပြောလို့ရပေမယ့် ပြည့်စုံတဲ့ အဖြေတော့ မဟုတ်ပါဘူး။ မြင်ကွင်းကျယ်ကို မြင်ကြည့်တဲ့အခါ တစ်ခြားအကြောင်းတွေလည်း များစွာ ရှိနေပါသေးတယ်။ နိုင်ငံတစ်နိုင်ငံမှာ သက်ငယ်မုဒိမ်းမှု ဖြစ်စေနိုင်တဲ့ အခြေအနေ (၆) မျိုး ရှိတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ –

(၁) ပြည်တွင်းစစ်

(၂) နိုင်ငံ ဆင်းရဲမွဲတေမှု

(၃) သဘာဝ ဘေးအန္တရာယ်

(၄) နိုင်ငံပညာရေး နိမ့်ကျနေမှု

(၅) တရားဥပဒေ စိုးမိုးမှု မရှိခြင်း

(၆) လိင်ပညာပေး မရှိခြင်း

ဒီအချက် ၆ ချက်ထဲက တစ်ချက်ချက်နဲ့ ငြိနေရင်ကို အဲဒီနိုင်ငံမှာ သက်ငယ်မုဒိမ်းမှု အဖြစ်များတယ်လို့ ပညာရှင်တွေက သတ်မှတ်ကြပါတယ်။ ကျွန်မတို့ ရွှေပြည်ကြီးဟာ အဲဒီအချက် (၆) ချက်စလုံးနဲ့ ထိပ်တိုက်တိုးပါတယ်။

ကလေးတွေကို ချစ်တယ်။ ကလေးတွေရဲ့ အနာဂတ်ကို တောက်ပစေချင်တယ်။ ကလေးတွေဟာ တိုင်းပြည် အနာဂတ်ဖြစ်တယ်လို့ ယုံကြည်တယ်ဆိုရင် ကျွန်မတို့ ပြည်သူအားလုံး ဘာဆက်လုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ဖို့ အချိန်တန်ပါပြီ။

တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ပြီး၊ လူသားတိုင်း လုံခြုံမှုရှိတဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်တဲ့ စနစ်ကောင်းအောက်မှာ ပွင့်သောပန်းတိုင်း လန်းဆန်းနိုင်မယ့် နေ့ရက်တွေကို အမြန်ဆုံး ရောက်ရှိနိုင်ပါစေ။ ။

ငြိမ်းပန်

The Tanintharyi Times