ယူကရိန်းရှေ့တန်းစစ်မျက်နှာက ရဲသား
ယူကရိန်းရှေ့တန်းစစ်မျက်နှာက ရဲသား
(အက်ဆေး၊ ခေတ်ပြိုင်ဘဝများ)
ကျည်ဆန်ရာဗလပွနဲ့ကားတစ်စီးရှိပါတယ်။ ကားပေါ်မှာဆွယ်တာတွေ၊ ဘောင်းဘီတွေ၊ အရံသင့်စားစရာတချို့နဲ့ဆေးဝါးတချို့ပါတယ်။ ဒီကားဟာ ယူကရိန်းစစ်မျက်နှာရှေ့တန်းက ယူကရိန်းရဲမှူး ဗိုလိုဒီမာ နီကူလင်ရဲ့ ကားဖြစ်ပါတယ်။ ရုရှား-ယူကရိန်းစစ်မျက်နှာမှာတာဝန်ထမ်းဆောင်နေတဲ့ နီကူလင်ရဲ့ အတွေ့အကြုံဟာ ကမ္ဘာအရပ်ရပ်က တခြားရဲတွေရဲ့ဖြတ်သန်းမှုနဲ့အတော်ပဲကွာခြားလှပါတယ်။
သူ့အလုပ်ကတော့ စစ်ဒဏ်ကြောင့်ထွက်ပြေးနေရတဲ့ယူကရိန်းပြည်သူတွေကိုကူညီကယ်ဆယ်တာ၊ တောမီးလောင် တောကြောင်လက်ခမောင်းခတ်သူတွေကိုဆုံးမတာ၊ ရှေ့တန်းမှာသတင်းလာယူတဲ့ ဂျာနယ်လစ်တွေကို ကယ်ထုတ်ပေးတာနဲ့ ရုရှားစစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကိုတစ်ကိုယ်ရည် မှတ်တမ်းတင်တာတို့ပဲ ဖြစ်ပါတယ်။
သူကသူ့ကားကို “လပ်ကီး”လိုချစ်စနိုးနဲ့ခေါ်ပါတယ်။ ဒီကားဟာသူ့အသက်ကိုသေရေးရှင်ရေးအချိန်တွေမှာ အကြိမ်ကြိမ်ကယ်တင်ခဲ့ပြီးဖြစ်လို့ပါပဲ။ ရုရှားစစ်တပ်ကရှေ့တန်းမှာတစ်မြို့ပြီးတစ်မြို့ သိမ်းလာတဲ့အခါ နီကိုလင်ဟာသူ့ရဲ့”လပ်ကီး”နဲ့အတူလွတ်မြောက်ရာကိုတဖြည်းဖြည်းရွှေ့နေရတာပါ။ “လပ်ကီး”ဟာ သူ့ရဲ့စီးတော်ယာဉ်ဖြစ်သလိုသူ့ရဲ့အိမ်ဖြစ်ပြီး၊ သူ့ရဲ့တစ်ဦးတည်းသောအဖေါ်လည်းဖြစ်ပါတယ်။
“ဒီကားဟာ ကျွန်တော်အတွက်တော့ တကယ့်လပ်ကီးပဲ”လို့နီကူလင်ကပြောပါတယ်။
အသက် ၅၄ နှစ် အရွယ် နီကူလင်ဟာယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဒိုညက်စ်မြို့မှာကြီးပြင်းလာခဲ့တာပါ။ အဖေက ကျောက်မီးသွေးတွင်းလုပ်သားဖြစ်ပြီးတော့ အမေကတော့အထည်ချုပ်စက်ရုံအလုပ်သမဖြစ်ပါတယ်။ စစ်မဖြစ်ခင်တုန်းကတော့ဒိုညက်စ်မြို့ဟာမာဖီးယာဂိုဏ်းတွေရဲ့နယ်မြေလုပွဲတွေနဲ့နပန်းလုံးခဲ့ရပါတယ်။
နီကူလင်ကတော့သူ့မြို့ကိုသူသံယောဇဉ်ရှိသူပါ။သူအပျော်ရွှင်ခဲ့ဆုံးအချိန်ကတော့ ၂၀၁၂ ယူရိုဖလား ဘောလုံးပွဲကွာတားဖိုင်နယ်ကို ဒိုညက်စ်ကဘောလုံးကွင်းအသစ်ကြီးမှာကြည့်ခဲ့ရတာဖြစ်ပါတယ်။ ဒိုညက်စ်ကနေသူတာဝန်နဲ့ထွက်လာရတုန်းကတော့ယာယီခွဲခွါခြင်းလို့ပဲသူထင်ခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့တီရှပ်၊ဦးထုပ်တစ်လုံးနဲ့ဘောင်းဘီတိုတချို့ကိုသူယူလာခဲ့တာပါ။
“ဒီလောက်အကြာကြီးခွဲခွါရမယ်လို့ဘယ်သူမှမတွေးမိခဲ့ကြဘူး”လို့နီကူလင်ကဆိုတယ်။ သတင်းပတ် အနည်းငယ်အတွင်းမှာအိမ်ကိုပြန်ရမယ်ပေါ့။ “ထာဝရဆိုတဲ့စကားကိုတော့မပြောချင်ဘူး”လို့ သူက ဆိုပါတယ်။
“ကျွန်တော်တို့ဟာရုရှားတွေရဲ့ပစ်မှတ်တွေပဲလို့နီကူလင်ကဆိုတယ်။ ကာကီရောင်ဂျက်ကတ်ကို ဝတ်ထားပေမယ့်ဘာတံဆိပ်မှတပ်မထားပါဘူး။ သတင်းပေးတွေကလှမ်းပြောရင်သူရှိရာနေရာကို ရုရှားတွေကလှမ်းပစ်မှာပါ။
နီကူလင်နဲ့သူ့ရဲတပ်ဖွဲ့ဟာ တောင်ဘက်က မာရီယူပူးမြို့ကိုရွှေ့ခဲ့ကြတယ်။ နောက်တော့မာရီယူပူးလည်း အဝိုင်းခံရတော့တာပါပဲ။ မြို့နေပြည်သူတွေကိုရွှေ့ပြောင်းရတာဟာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အထူးသဖြင့်သက်ကြီးရွယ်အိုတွေက မရွှေ့ပြောင်းချင်ကြဘူး။ ကိုယ့်မြို့ကလွဲရင်ဘယ်မှမရောက်ဖူးတဲ့ လူတွေကလည်းရှိနေပါတယ်။
ရုရှားလေတပ်ကဗုံးတွေမိုးရွာချသလိုကြဲတဲ့အခါမြို့သူမြို့သားတွေကို သူကယ်တင်ရတယ်။ ဂျာနယ်လစ်တွေကိုလည်းမြို့ထဲကနေလွတ်မြောက်ဖို့ကယ်ထုတ်ခဲ့ရပါတယ်။ ရုရှားတပ်တွေဝင်လာတဲ့ အခါ အေပီသတင်းဌာနကသတင်းစာဆရာတွေကိုဖြစ်ရပ်မှန်ကိုသတင်းပေးပို့ နိုင်ဖို့အတွက်အင်တာနက် ရအောင်သူရှာပေးခဲ့တယ်။
ရင်ခုန်စရာအကောင်းဆုံးကတော့ အေပီသတင်းသမားတွေကိုမြို့ထဲကနေထွက်လို့ရအောင် သူ့ကားထဲမှာဝှက်ပြီးခေါ်ထုတ်သွားခဲ့တာပါပဲ။ သူ့ကားမှန်တွေကိုပလတ်စတစ်နဲ့ကာပြီးကင်မရာကိုတော့ထိုင်ခုံအောက်မှာထည့်လာခဲ့ပါတယ်။ဗုံးဆန်တွေမှန်ထားတဲ့သူ့ကားလေးက သတင်းစာဆရာတွေကို လွတ်မြောက်ရာကိုခေါ်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့ဖြတ်သန်းခဲ့တာဟာရုရှားစစ်တပ်တွေရဲ့ စစ်ဆေးရေးဂိတ် ၁၅ခုဖြစ်ပါတယ်။
“အရမ်းစိတ်ဖိစီးခဲ့ရတယ်” လို့ ရပ်ရှားစစ်သားတွေကိုစီးကရက်ပေးပြီးစည်းရုံးခဲ့တဲ့နီကိုလင်ကပြန်ပြောပြပါတယ်။ သူ့လုပ်ဖေါ်ကိုင်ဖက် မီခေလိုဗာရှီလင်က “သတင်းသမားတွေအတွက်တော့ သူ(နီကူလင်) ဟာ အဖေလိုပဲ”လို့မှတ်ချက်ချတယ်။ “သူကမာရီယူပူးမှာဘာတွေဖြစ်နေတယ်ဆိုတာကို ကမ္ဘာကြီးကို အရမ်းသိစေချင်တာ”။
“သူကအလုပ်ကိုတာဝန်ကျေလုပ်တာမဟုတ်ဘူး”လို့နောက်လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်ကလည်းပြောပါတယ်။ နီကူလင်ရဲ့စွန့်စားမှုဟာအချည်းနှီးမဖြစ်ခဲ့ပါဘူး။ အဲဒီအေပီသတင်းသမားတွေရိုက်ကူးတဲ့”20 Days in Mariupol”ဆိုတဲ့ သတင်းမှတ်တမ်း ဇါတ်ကားကအော်စကာဆုရခဲ့ပါတယ်။
ဇါတ်ကားရဲ့ အဖွင့်မှာနီကူလင်က “ရုရှားတင့်ကားတွေ ဝင်လာနေပြီ”ဆိုတာကိုဆေးရုံတစ်ရုံထဲကနေ သူ့တပ်ဖွဲ့ တွေကိုစကားပြောစက်ကတစ်ဆင့် လှမ်းပြောနေတာကိုတွေ့ရပါတယ်။ ဒီဇါတ်ကားကိုကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်းပြသခဲ့ပါတယ်။
မာရီယူပူးပြီးတော့နောက်တစ်မြို့ကိုသူရွှေ့ရတာပါပဲ။ နီကူလင်ရဲ့မိုဘိုင်းဖုန်းထဲမှာဗီဒီယိုဖိုင်တွေ ရာနဲ့ချီပြီးရှိပါတယ်။ရုရှားရဲ့ဗုံးကြဲတဲ့အောက်မှာအရပ်သားတွေရဲ့အိမ်ယာတွေဘယ်လောက်ပြားပြား ဝပ်သွားလဲဆိုတာတွေကိုသူမှတ်တမ်းတင်ထားခဲ့တာပါ။ ပြီးခဲ့တဲ့နွေတုန်းကတော့သူနဲ့မလှမ်းမကမ်းမှာလာကျတဲ့ဒုံးကျည်ကြောင့်သူ့နောက်ကျောမှာဒဏ်ရာရခဲ့တယ်။ နီကူလင်ကတော့ဒဏ်ရာကြီးနဲ့ အလုပ်ဆက်လုပ်နေတာပါပဲ။ ခဏနားလို့ရတဲ့အချိန်မှမြို့တော်ကိယက်ကိုသွားပြီးသုံးကြိမ်လောက်ခွဲစိတ်ကုသရပါတယ်။
ရုရှားရဲ့ထိုးစစ်အောက်မှာမြို့တွေအများကြီးကျသွားပေမယ့်နီကူလင်ကတော့မျှော်လင့်ချက်တွေရှိနေတုန်းပါပဲ။ ယူကရိန်းဟာဆုံးရှုံးခဲ့တဲ့နယ်မြေတွေကိုပြန်သိမ်းပိုက်နိုင်မယ်လို့သူကယုံကြည်တယ်။
“မျှော်လင့်ချက်ဟာကျွန်တော်တို့အတွက်စွမ်းအားပဲ”လို့သူကဆိုတယ်။
အပျက်အစီးပုံတွေကြားမှာပိတ်မိနေတဲ့ပြည်သူတွေကိုသူဆွဲထုတ်ကယ်ဆယ်ခဲ့ရတယ်။ သူ့လုပ်ဖေါ် ကိုင်ဖက်တွေလည်းရုရှားရဲ့ဗုံးဒဏ်အောက်မှာကျဆုံးသွားခဲ့ကြရပါပြီ။ သူက တစ်နေ့တော့ဇာတိမြို့ ဒိုညက်စ်ကိုပြန်နိုင်ဦးမယ်လို့မျှော်လင့်နေဆဲပါပဲ။
သူလက်ရှိတာဝန်ထမ်းဆောင်နေတဲ့မြို့လေးကိုလည်းရုရှားတွေတိုက်နေပါပြီ။ သူထပ်ပြီးရွှေ့ပြောင်းရဦးတော့မှာပါ။ခုနေနေတဲ့အိမ်
ကလေးကသူ့ဇနီးဘက်ကမိသားစုရဲ့အိမ်ကလေးပါ။
“Home Sweet Home”လို့သူကအင်္ဂလိပ်လိုပြောပါတယ်။ နံရံပေါ်မှာတော့ပန်းပွင့်တွေနဲ့Wall Paperကိုမြင်ရတယ်။ မီးဖိုချောင်ထဲက စားပွဲပေါ်မှာပန်းသီး၊ ရေနွေးကရားတစ်အိုးနဲ့ဆလတ်ရွက်တွေတွေ့ရပါတယ်။
သူ့ဆီကသက်ပြင်းချသံထွက်လာတယ်။ စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ထားရပုံပါပဲ။
“ဂွဒ်ဘိုင်လို့မပြောချင်ဘူး”လို့သူကဆိုပါတယ်။
ခဏနေရင်တော့သူနဲ့လပ်ကီးနဲ့မပြီးဆုံးနိုင်သေးတဲ့ခရီးကိုဆက်ကြရဦးမှာပါ။
သူ
(The New York Times က As Russia Advances in Ukraine, A Cop Has to Flee City After City နဲ့ 20 Minutes in Mariupol မှတ်တမ်းရုပ်ရှင်ကအချက်အလက်များကိုအခြေခံပြီးပြန်ရေးပါတယ်။)
The Tanintharyi Times
