ထိုင်းအစိုးရ က စစ်ကောင်စီထံလွှဲပြောင်းပေးတဲ့ လူပေါင်းနှစ်ရာနီးပါး အဓမ္မစစ်သားစုဆောင်းခံရ

ထိုင်းအစိုးရ က စစ်ကောင်စီထံလွှဲပြောင်းပေးတဲ့ လူပေါင်းနှစ်ရာနီးပါး အဓမ္မစစ်သားစုဆောင်းခံရ

ပုံစာ - ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသားတွေ။(ပုံဟောင်း)

ထိုင်းနိုင်ငံ ရနောင်းခရိုင်ထိန်းသိမ်းရေးစခန်းကနေ စစ်ကောင်စီထံလွှဲပြောင်းပေးခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ရာနီးပါးကို စစ်ကောင်စီတပ်က အဓမ္မစစ်သားစုဆောင်းဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဓမ္မစစ်သားစုဆောင်းဖမ်းဆီးခံခဲ့ရသူတွေဟာ အခုလ ၁၃ ရက်နေ့ကပြန်ပို့လိုက်တဲ့ အမျိုးသား၊ အမျိုးသမီး ၁၈၆ ဦးဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီအထဲက ကော့သောင်းမြို့ခံအမျိုးသမီးတွေကိုတော့ အိမ်ထောင်စုစာရင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာနဲ့ ငွေကျပ်တစ်သိန်းဝန်းကျင်ပေးရင် ပြန်လွှတ်ပေးတာတွေလည်း ရှိခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“နေရပ်ပြန်အားလုံးပါသွားတာကွယ်။ ရောက်ရောက်ခြင်း စစ်တပ်ကားကြီးပေါ်ခေါ်တင်သွားတာ။ လွတ်လာတဲ့သူဆိုတာကလည်း ဝန်ထမ်းတချို့နဲ့ တော်တော်ဆက်ဆံရေးကောင်းတဲ့သူ လက်မြန်တဲ့သူတွေပဲ ရတာ။” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ထိုင်းအစိုးရ ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား ၁၈၆ ဦးကို ကော့သောင်းမြို့ လှေဆိပ်ကိုရောက်တာနဲ့ စစ်ကောင်စီတပ်သားတွေက ပိတောက်ရွှေဝါရပ်ကွက်မှာရှိတဲ့ မိုးလုံလေလုံအားကစားရုံ တခါတည်းခေါ်ဆောင်သွားခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

အားကစားရုံမှာပဲ အသက် ၁၈နှစ်ကနေ ၃၅ နှစ်အတွင်းအုပ်စုတစ်ခု အသက် ၃၅ နှစ်ကနေ ၆၀ နှစ်ကြားအုပ်စု တစ်ခုဆိုပြီး အုပ်စုနှစ်ခုခွဲလိုက်တယ်လို့ ဆိုပါတယ်။

အဲဒီအုပ်စုနှစ်ခုစလုံးကို စစ်ကောင်စီတပ်ကားတွေနဲ့ မိုးလုံလေလုံအားကစားရုံကနေ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၃၄၂)ကိုဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

တပ်ရင်းထဲကို ဖမ်းခေါ်သွားပြီးနောက်ပိုင်း နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရသေးပါဘူး။

အရင်ကဆိုရင် ကော့သောင်းလှေဆိပ်မှာပဲ စစ်မှုထမ်းသက်အကျုံးဝင်တဲ့အမျိုးသား သီးသန့် ခွဲထုတ်လိုက်ပြီး စစ်မှုထမ်းသက်အကျုံးမဝင်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေကိုတွေ လွှတ်ပေးခဲ့တာပါ။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ စစ်မှုထမ်းစုဆောင်းခံရတဲ့အထဲမှာ အမျိုးသမီးတွေပါ ပစ်မှတ်ဖြစ်လာနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

‌”အမျိုးသားတွေကလည်း ပြည်ပအထွက်များ‌တော့ လိုသလောက် စစ်သားမရဘူးဆိုပြီး အတွင်းသတင်း‌ ရထားတယ်။ အရင်လတွေကလည်း ဒီလိုဆွဲတာရှိခဲ့တယ်။” လို့ ကော့သောင်းခရိုင်ထဲက ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ထိုင်းကနေ နေရပ်ပြန်ပို့ခံရတဲ့မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ဝင်ရောက်နေထိုင်၊ အလုပ် လုပ်တာတွေကြောင့် အရေးယူခံရသူတွေ ဖြစ်တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်ကလည်း ထိုင်းမှာ ပြစ်ဒဏ်ကျခံပြီး ပြန်လာတဲ့ မြန်မာနိုင်ငံသား ၉၈ ဦးကို စစ်မှုထမ်းဖို့ စုဆောင်းခဲ့သေးတယ်လို့ သိရပါတယ်။

The Tanintharyi Times