ထားဝယ်ထောင် ဆေးပေးခန်းမှာ တစ်ဦးတည်းရှိတဲ့ ဆရာဝန် ရုတ်တရက်နေမကောင်းဖြစ်ပြီးသေဆုံး
ထားဝယ်ထောင် ဆေးပေးခန်းမှာ တစ်ဦးတည်းရှိတဲ့ ဆရာဝန် ရုတ်တရက်နေမကောင်းဖြစ်ပြီးသေဆုံး
ထားဝယ်အကျဥ်းထောင်က ဆေးပေးခန်းမှာ တစ်ဦးတည်းကျန်ရှိတဲ့ ဆရာဝန် ဒေါက်တာအောင်မင်းခန့်ဟာ ရုတ်တရက်နေမကောင်းဖြစ်ပြီး သေဆုံးသွားတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်တဲ့ အကျဥ်းသားမိသားစုဝင်တွေကပြောပါတယ်။
မနေ့ညပိုင်းက ရုတ်တရက်နေမကောင်းဖြစ်လာတာကြောင့် အိမ်ရှေ့ပြင်ရပ်ကွက်က အမှတ်-၁၂ ကုတင် ၁၀၀ စစ်ဆေးရုံကိုတင်ဆောင်သွားပြီး အဲဒီမှာပဲသေဆုံးသွားတာလို့ အကျဥ်းသားမိသားစုဝင်တွေက ဆိုပါတယ်။
ထားဝယ်အကျဉ်းထောင်က အကျဉ်းသား၊ အကျဉ်းသူတွေရဲ့ ကျန်းမာရေး အတွက်ထားရှိတဲ့ ဆေးပေးခန်းမှာ ကျန်းမာရေးဝန်ထမ်းအနေနဲ့ ဒေါက်တာအောင်မင်းခန့် တစ်ဦးတည်းရှိနေတာဖြစ်ပါတယ်။
“အကောင်းကြီးကနေဖြစ်သွားတာပါ။ ရှေ့ရက်ကအထိထောင်ထဲအဝင်အထွက်လုပ်နေတာပဲ။ အရက်တော့ တော်တော်သောက်တယ်” လို့ အကျဥ်းထောင်နဲ့နီးစပ်တဲ့ အကျဥ်းသားမိသားစုဝင်တစ်ဦးကပြောပါတယ်။
သူဘာရောဂါနဲ့ သေဆုံးသွားတယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။
သူ့ရဲ့အလောင်းကိုတော့ ဒီနေ့မနက်ပိုင်းမှာ စစ်ဆေးရုံကတဆင့်နေအိမ်ကို သယ်ဆောင်လာတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်တဲ့သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒေါက်တာ အောင်မင်းခန့်ဟာ ထားဝယ်အကျဥ်းထောင်ကိုမရောက်ခင် မြိတ်မြို့မှာရှိတဲ့ စစ်တပ်ဆေးရုံတစ်ခုမှာတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ဝန်းကျင်လောက်မှာတော့ ထားဝယ်အကျဥ်းထောင်ကို တာဝန်ချထားခံရတာလို့ တနင်္သာရီတိုင်းမ်က စုံစမ်းသိရှိရပါတယ်။
ထားဝယ်အကျဥ်းထောင်ကဆေးခန်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်လယ်လောက်အထိ ဒေါက်တာအောင်မင်းခန့်နဲ့ ဆေးမှူးနှစ်ဦးကတာဝန်ထမ်းဆောင်ခဲ့တာပါ။
အဲဒီထဲက ဆေးမှူးကြီး ဦးဝင်းဇော်ကိုတော့ ထောင်ထဲမှာစျေးရောင်းချတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပုဒ်မနှစ်ခုနဲ့တရာစွဲပြီး မနှစ်က သြဂုတ်လမှာ ထောင်ဒဏ် ၁၁ လ အမိန့်ချမှတ်ခဲ့ပါတယ်။
ထောင်ချခံရတဲ့ ဆေးမှူးကြီးပြီးခဲ့တဲ့လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းနဲ့ပြန်လွတ်လာခဲ့ပေမဲ့ ပြန်လည်တာဝန်ထမ်းဆောင်တာမရှိတော့ဘူးလို့ အကျဥ်းသာမိသားစုဝင်တွေက ပြောပါတယ်။
နောက်ထပ် ဆေးမှူးတစ်ဦးကလည်း အခုနှစ်မတ်လအလယ်လောက်မှာပဲ CDM ပြုလုပ်လိုက်တာကြောင့် အဲဒီနောက်ပိုင်းမှာ ဒေါက်တာအောင်မင်းခန့်တစ်ဦးကပဲ ထားဝယ်ထောင်တွင်း ဆေးကုသတဲ့အပိုင်းတွေကို လုပ်ဆောင်နေတာပါ။
လက်ရှိမှာ သူကွယ်လွန်သွားတာကြောင့် ထားဝယ်ထောင် ဆေးခန်းမှာ ဆရာဝန်နဲ့ဆေးမှူး တစ်ဦးမှမရှိတော့ဘူးလို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေကဆိုပါတယ်။
ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးကတော့ ကိုယ့်သဘောအတိုင်း ဆေးရုံဆေးခန်းတွေသွားလို့ရတဲ့ နေရာမဟုတ်တာကြောင့် ထောင်ထဲမှာ ဆရာဝန်နဲ့ ဆေးမှူးအသစ်တွေ အမြန်ဆုံးအစားထိုးဖို့ လိုတယ်လို့ထောက်ပြပါတယ်။
“အသက်ကြီးရွယ်အိုတွေနဲ့ လူအမျိုးမျိုး ရောဂါအမျိုးမျိုးရှိတဲ့နေရာပါ။ အရေးပေါ်ဆိုတာမျိုးလည်းရှိတယ်။ တစ်ရက်တောင် ဆရာဝန်မရှိလို့ မရပါဘူး” လို့ ထားဝယ်အကျဥ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောပါတယ်။
ထားဝယ်ထောင်တွင်းဆေးခန်းဟာလည်း အခုလအစမှာ အဖျားပျောက်ဆေးတစ်မျိုးကလွဲလို့ ကျန်တဲ့ဆေးဝါးတွေ လုံးဝပြတ်တောက်တဲ့အထိဖြစ်ခဲ့ပါသေးတယ်။
ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းသားနဲ့အကျဥ်းသူစုစုပေါင်း ၁၂၀၀ ကျော်ရှိပြီး အဲဒီထဲက တစ်ဝက်နီးပါးဟာ နိုင်ငံရေးအမှုတွေနဲ့ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဥ်းသား၊ အကျဥ်းသူတွေဖြစ်ပါတယ်။
The Tanintharyi Times
