ထားဝယ်အကျဥ်းထောင်က အမျိုးသမီးအဆောင်မှာ အပူဒဏ်နဲ့ လူပြည့်ကြပ်တဲ့ဒဏ်ကြောင့်နေမကောင်းဖြစ်သူတွေများလာ
ထားဝယ်အကျဥ်းထောင်က အမျိုးသမီးအဆောင်မှာ အပူဒဏ်နဲ့ လူပြည့်ကြပ်တဲ့ဒဏ်ကြောင့်နေမကောင်းဖြစ်သူတွေများလာ
ထားဝယ်အကျဥ်းထောင်က အမျိုးသမီးအဆောင်မှာ အပူဒဏ်နဲ့ လူပြည့်ကြပ်တဲ့ဒဏ်တွေကြောင့် နေမကောင်းဖြစ်တဲ့သူတွေများလာတယ်လို့ အကျဥ်းသားမိသားစုဝင်တွေနဲ့ ထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။
ထားဝယ်ထောင်မှာ အကျဥ်းသူစုစုပေါင်း ၁၄၀ ကျော်ရှိပြီး အိပ်ခန်းအနေနဲ့ အခန်းသုံးခန်းရှိပါတယ်။ လက်ရှိအကျဥ်းသူအရေအတွက်နဲ့ ရှိတဲ့နေရာမလုံလောက်တာကြောင့် ညဘက်မှာကြပ်သိပ်ပြီးအိပ်နေရတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေကဆိုပါတယ်။
“ညအိပ်ရင် ပက်လက်တောင်အိပ်လို့မရဘူး။ လက်အချင်းချင်းထပ်နေလို့။ ဘေးတစောင်းပဲအိပ်ရတယ်။ခြေထောက်ကိုလည်း ကွေးထားရတယ်။ အခုရာသီဥတုနဲ့တော်တော်ဒုက္ခရောက်နေကြတယ်” လို့ အကျဥ်းထောင်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
အကျဥ်းထောင်ဝန်ထမ်းဟောင်းတစ်ဦးကတော့ အမျိုးသမီးအဆောင်ဟာ အကျဥ်းသူ ၈၀ လောက်သာနေထိုင်ဖို့သင့်တော်ပြီး လက်ရှိလူဦးရေနှစ်ဆနီးပါးဖြစ်နေတယ်လို့ဆိုပါတယ်။
လက်ရှိိကာလဟာ တနိုင်ငံလုံးမှာအပူပြင်းဆုံးကာလဖြစ်နေပြီး လွန်ခဲ့တဲ့တစ်ပတ်ကျော်ကတော့ ထားဝယ်မြို့မှာ စံချိန်တင်အပူချိန်အဖြစ် ၃၉ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်အထိရှိခဲ့ပါတယ်။
အခုလိုအပူချိန်မြင့်မားတာနဲ့ ညဘက်တွေကြပ်သိပ်ပြီးအိပ်ရတာတွေကြောင့် အကျဥ်းသူတွေ ချွေးထွက်လွန်ပြီး မူးဝေတာ၊ အပူရှပ်တာ၊ ယားနာတွေဖြစ်ပွားတာနဲ့ အသက်ကြီးပိုင်အကျဥ်းသူတွေ အသက်ရှုကြပ်တာတွေအထိဖြစ်ပွားနေတယ်လို့ ထောင်နဲ့နီးစပ်သူတွေကဆိုပါတယ်။
“တော်တော်များများကနေထိုင်မကောင်းကြဘူး။ အိမ်ကတယောက်ဆို ဆီးချုပ်ဝမ်းချုပ်တွေအထိဖြစ်နေတယ်တဲ့။ လူကကြပ်၊ ရာသီဥတုကပူနဲ့ လုံးဝမနေနိုင်တော့ဘူးလို့တောင်ပြောနေတယ်” လို့ အကျဥ်းသားမိသားစုဝင်တစ်ဦးကပြောပါတယ်။
ထားဝယ်ထောင်မှာ အမျိုးသမီးအဆောင်ကို အုတ်နံရံအမြင့်တွေနဲ့ သီးသန့်ကာရံထားတာကြောင့် လေဝင်လေထွက်လည်း ကောင်းကောင်းမရဘူးလို့ ထောင်နဲ့နီးစပ်သူတွေကဆိုပါတယ်။
ထားဝယ်မြို့ခံဆရာဝန်တစ်ဦးကတော့ အခုလိုရာသီဥတုအခြေအနေမှာ လူစုလူဝေးနဲ့ထားရင် အခန်းတွင်းလေရဲ့အရည်အသွေးညံ့ဖျင်းမှုကြောင့် အပူရှပ်တာတွေပိုဖြစ်နိုင်တယ်လို့ဆိုပါတယ်။
“ရေရှည်မှာ ချွေးထွက်များတာ၊ ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးတာ၊ ဓာတ်ဆားဓာတ်ဆုံးရှုံးတာတွေကြောင့် ပျို့အန်တာတွေ၊ ခေါင်းမူးတာတွေ၊ ကြွက်တက်တာတွေ ဖြစ်လာနိုင်တယ်။ အရမ်းဆိုးလာရင် နှလုံးခုန်မြန်တာ ၊သတိလစ်တာတွေထိ ဖြစ်လာနိုင်ပါတယ်” လို့ ထားဝယ်မြို့ခံ ဆရာဝန်ကပြောပါတယ်။
အထူးသဖြင့် အသက်ရွယ်ကြီးတဲ့သူတွေဟာ တခြားသူတွေလို အပူချိန်ကိုလျင်လျင်မြန်မြန်မထိန်းနိုင်တာကြောင့် ငယ်ရွယ်သူတွေထက်ပိုဆိုးရွားတတ်ပြီး ကျောက်ကပ်ပျက်စီးတာနဲ့ နှလုံးကြွက်သားထိခိုက်တာမျိုးတွေအထိဖြစ်နိုင်တယ်လို့ မြို့ခံဆရာဝန်ကထောက်ပြပါတယ်။
ထားဝယ်ထောင်ကအကျဥ်းသူတွေဟာ တစ်နေ့ကိုရေတစ်ကြိမ်ပုံမှန်ချိုးခွင့်ရပေမဲ့ တစ်ဦးကိုရေအခွက် ၂၀ သာချိုးခွင့်ရှိတယ်လို့ အကျဥ်းသူဟောင်းတွေကဆိုပါတယ်။
မြို့ခံဆရာဝန်ကတော့ အပူရှပ်တဲ့အခါမှာ ရေကိုနိုင်နိုင်သုံးပြီးခန္ဓာကိုယ် အပူချိန်ပြန်ထိန်းရမှာဖြစ်လို့ အခုလို ရေချိုးခွင့်နဲ့ ရေသုံးခွင့် ပမာဏနည်းတာဟာလည်း လက်ရှိရာသီဥတုနဲ့ စိုးရိမ်စရာဖြစ်တယ် လို့မှတ်ချက်ချပါတယ်။
လက်ရှိအမျိုးသမီးဆောင်မှာရှိတဲ့ အကျဥ်းသူ ၁၄၀ ကျော်ထဲမှာ ပြစ်ဒဏ်ကျခံပြီးသားနဲ့ တရားရင်ဆိုင်နေဆဲ နိုင်ငံရေးအကျဥ်းသူ ၇၅ ဦးခန့်ပါဝင်တယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေဆီကသိရပါတယ်။
နိုင်ငံရေးအကျဥ်းသူတွေထဲက ထောင်ဒဏ် ၄၄ နှစ်အမိန့်ချခံထားရတဲ့ မယဥ်ယဥ်ချိုအပါအဝင် နိုင်ငံရေးအကျဥ်းသူ ၆ ဦးထက်မနည်းဟာ ပြင်ပဆေးရုံမှာ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ထောင်နဲ့နီးစပ်သူကဆိုပါတယ်။
အကျဥ်းထောင်အာဏာပိုင်တွေကတော့ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူတွေ ပြင်ပဆေးရုံတွေမှာ ဆေးကုသဖို့လိုအပ်လာရင် တခြားအကျဥ်းသားတွေထက် ပိုမိုစီစစ်ကန့်သတ်ခံရတယ်လို့ ပြီးခဲ့တဲ့လမှာ CDM ပြုလုပ်ခဲ့တဲ့ ထားဝယ်ထောင်ဆေးမှူးက တနင်္သာရီတိုင်းမ်နဲ့ သီးသန့်အင်တာဗျူးမှာပြောပြခဲ့ပါတယ်။
ထားဝယ်ထောင်က အမျိုးသားအဆောင်ဘက်မှာတော့ အမျိုးသမီးအဆောင်လို အပူဒဏ်နဲ့ လူကြပ်တဲ့ဒဏ်ကိုဆိုးဆိုးရွားရွားမခံစားရပေမဲ့ စစ်ကောင်စီတပ်သားနဲ့ စရဖတွေက နိုင်ငံရေးအကျဥ်းသားတွေကို အစစ်ဆေးတင်းကြပ်တာနဲ့ ပြင်ပကိုခေါ်ယူပြီးသတ်ဖြတ်တာတွေအထိ လုပ်ဆောင်တာကိုခံနေရပါတယ်။
ပြီးခဲ့တဲ့လက နိုင်ငံရေးအကျဥ်းသား ကိုမင်းသူ(ခေါ်) မော်လဝီရှာမင်းနဲ့ ကိုဝင်းသီဟတို့ စစ်ကောင်စီက ထောင်ပြင်ပကိုခေါ်ယူသွားပြီးနောက် တစ်ပတ်ခန့်အကြာမှာပဲ သတ်ဖြတ်ခံခဲ့ရပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၄၀၀ ဝန်းကျင်အပါအဝင်အကျဥ်းသားစုစုပေါင်း ၁၂၀၀ ကျော်ရှိပြီး အကျဥ်းထောင်အုပ်ချုပ်ရေးအပိုင်းကို ပြီးခဲ့တဲ့နှစ်ကစလို့ စစ်ကောင်စီတပ်ကဝင်ရောက်ထိန်းချုပ်စီမံတာတွေလုပ်ဆောင်နေပါတယ်။
ပုံစာ - ထားဝယ်ထောင်အမျိုးသမီးအဆောင် အိပ်ခန်းတစ်ခု။ (ပုံဟောင်း)
The Tanintharyi Times
