နိုင်ငံရေးတန်းတူညီမျှမှုနဲ့ အမျိုးသမီးတို့ရဲ့နေရာ
နိုင်ငံရေးတန်းတူညီမျှမှုနဲ့ အမျိုးသမီးတို့ရဲ့နေရာ
အာဏာရှင်စနစ် အမြစ်ဖြတ်မယ့် နွေဦးတော်လှန်ရေးကြီးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ လှုပ်ရှားသက်ဝင်နေတာ နှစ်နှစ်နီးပါးတောင် ရှိလာခဲ့ပြီ။ ဖက်ဆစ်စစ်တပ်ကို တွန်းလှန်ချေမှုန်းကြတာနဲ့အတူ ကျွန်မတို့ လူမှုဝန်းကျင်မှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ အတွေးအခေါ် အယူအဆ အမှားတွေကိုပါ တစ်ပြိုင်တည်း ဖြိုဖျက်ပစ်မယ်ဆိုတဲ့ ကြွေးကြော်သံကိုလည်း ကြားရပါတယ်။
ဒါ့ကြောင့် နွေဦးတော်လှန်ရေးကြီးကို အာဏာရှင်စနစ် အမြစ်ဖြတ်မယ့် တော်လှန်ရေးအပြင် အတွေးအခေါ် တော်လှန်ရေးလို့လည်း တွင်တွင်ကျယ်ကျယ် ပြောဆိုလာကြပါတယ်။ တော်လှန်ချေးမှုန်းပစ်ရမယ့် အတွေးအခေါ်တွေထဲမှာ မဟာလူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတွေအပြင် ဖိုဝါဒကြီးစိုးရေးကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
ဖိုဝါဒကြီးစိုးခြင်းနဲ့ ဂျန်ဒါ တန်းတူညီမျှမှု မရှိခြင်းတို့ဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါသလဲ။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အမျိုးသမီးတွေဟာ ဘယ်နေရာ၊ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရနေကြပါသလဲ။
စစ်တမ်းတွေအရ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ အမျိုးသမီးအရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ (၅၂) ရာခိုင်နှုန်းခန့် ရှိသတဲ့။ နိုင်ငံလူဦးရေရဲ့ တစ်ဝက်ကျော်ကျော်ရှိတဲ့ အမျိုးသမီးထုကြီးအနေနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ခွင့်ရနေသလဲဆိုတာ စိတ်ဝင်စားစရာ ပါပဲ။
အာဏာရှင်တွေရဲ့ အနိုင်ကျင့်ဖိနှိပ်မှုကို သတ္တိရှိရှိတော်လှန်ရင်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်နိုင်ဖို့၊ တိုင်းရင်းသားတွေအားလုံး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိဖို့ စတဲ့ ကြိုးစားမှု သမိုင်းမှတ်တိုင်တွေမှာ အမျိုးသားများနည်းတူ အမျိုးသမီးတွေရဲ့ ပါဝင်နိုင်မှု၊ ရဲစွန်းသတ္တိနဲ့ စွန့်စားမှုတွေကို သမိုင်းစာမျက်နှာမှာ အမြဲတမ်း တွေ့မြင်ကြားသိခဲ့ရတယ်။
အမျိုးသမီးတွေရဲ့ ကြံံ့ကြံ့ခံနိုင်တဲ့ ရဲစွမ်းသတ္တိအကြောင်းတွေးရင်း ကြားဖူးခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို သတိရမိပါတယ်။
၈၈ အရေးခင်းမှာ အဖမ်းခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ရဲ့ဇနီးအကြောင်းပါ။ သာမန်လက်လုပ်လက်စားဘဝမို့ မိသားစုစားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်ရင်း သူ့ယောကျ်ားကျနေတဲ့ အင်းစိန်ထောင်ကို ထောင်ဝင်စာမှန်မှန် သွားပို့ရှာတယ်။ ရန်ကုန်မှာပဲ နေထိုင်တာမို့ ပင်ပန်းတယ်ဆိုပေမယ့် သွားလာရေးက သိပ်မခက်လှ။
ဒါပေမယ့် နှစ်ရှည်ထောင်ဒဏ် ချခံထားရတဲ့ သူ့အမျိုးသားကို တစ်နေ့မှာ အင်းစိန်ထောင်ကနေ မန္တလေး အိုးဘိုထောင်ကို ပြောင်းရွှေ့ခံလိုက်ရတယ်။ ထောင်ဝင်စာမရှိရင် ထောင်ထဲမှာ ဘယ်လောက်အထိ ခက်ခက်ခဲခဲ နေထိုင်ရသလဲဆိုတာ သိနေသလို လက်လုပ်လက်စားဘဝမို့ ရန်ကုန်-မန္တလေးကို အခေါက်ခေါက်အခါခါ သွားနိုင်တဲ့ အခြေအနေ မရှိပါဘူး။ အမျိုးမျိုး အဖုံဖုံတွေးပြီး ဆုံးဖြတ်ချက်တစ်ခုကို သူပြတ်ပြတ်သားသား ချလိုက်ပါတယ်။
တစ်ဦးတည်းသော သားလေးလက်ကိုဆွဲပြီး မျက်နှာသိတစ်ယောက်မှ မရှိတဲ့ မန္တလေးကို ပြောင်းရွှေ့လာပါတော့တယ်။ ခြစ်ခြုတ်စုထားတဲ့ လက်ဝတ်လက်စားကိုရောင်း၊ ထောင်နဲ့နည်းနည်းနီးတဲ့နေရာက တဲသာသာ အိမ်ခန်းတစ်ခုမှာ ငှားနေ၊ ရပ်ကွက်ဈေးထဲမှာ ငါးပိငါးခြောက်ရောင်းတဲ့ အလုပ်ကိုလုပ်ပြီး ထောင်ဝင်စာမှန်မှန် သွားတွေ့ရှာတယ်။
ဒါက ဘေးဒုက္ခတွေကို ထောင်ပြင်ပကနေ ကြံ့ကြံ့ခံရင်ဆိုင်နေကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဇနီးသည်တွေထဲက တစ်ယောက်သောသူရဲ့ အကြောင်းမျှသာ ဖြစ်ပါတယ်။
အသက်ပေးသွားကြတဲ့ မဝင်းမော်ဦးတို့လို အမျိုးသမီးတွေ၊ ထောင်ဒဏ်နှစ်ရှည် အချခံခဲ့ရတဲ့ အမျိုးသမီးတွေလည်း ဒုနဲ့ဒေးပါပဲ။
အမျိုးသမီးတွေနဲ့ နိုင်ငံရေးအကြောင်းတွေးရင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖတ်ထားခဲ့တဲ့ စာအုပ်လေးတစ်အုပ်ကို ပြန်သတိရမိတယ်။
“ခွန်းမတ်ရ်ကိုဘန်” ပြုစုထားတဲ့ “ပင်လုံစိတ်ဓါတ်မှသည် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆီသို့” စာအုပ်ပါ။
အဲဒီစာအုပ်မှာ လွတ်လပ်ရေးကြိုးပမ်းမှု ကာလ ဖဆပလနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပင်လုံအကြို ဆွေးနွေးပွဲတွေ၊ ၁၉၄၇ ပင်လုံစာစာချုပ်ချုပ်ဆိုမှုကစပြီး ၁၉၈၈ အရေးအခင်းကြီးနောက်ပိုင်း ၂၀၀၀ ခုနှစ်ကျော် ကာလအထိ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေ၊ သဘောတူညီချက်တွေ၊ ကြေညာစာတမ်းတွေ၊ စာချုပ်တွေ အမျိုးမျိုးအစောင်စောင်ကို ဖတ်ရပါတယ်။
ထူးခြားတာက အဲဒီ ထုတ်ပြန်ချက်၊ သဘောတူညီချက်၊ ကြေညာစာတမ်း၊ စာချုပ်စာတမ်း အစောင်စောင်အောက်က သဘောတူလက်မှတ် ရေးထိုးထားကြတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီး တွေထဲမှာ အမျိုးသမီးတစ်ယောက်မှ မပါဝင်ပဲ အမျိုးသားတွေချည်း ဖြစ်နေတာ တွေ့ရတော့ တအံ့တသြ ဖြစ်မိတာနဲ့အတူ ဘာ့ကြောင့်များ ဒီလိုဖြစ်ရတာပါလိမ့်လို့ တွေးနေမိတယ်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလကို အသာထားဦး။ ၈၈ အရေးအခင်းနဲ့ တခြားသော နိုင်ငံရေးလှုပ်ရှားမှု မှတ်တမ်းတွေမှာလည်း ရဲရဲတောက် တိုက်ပွဲဝင်ကြတဲ့ အမျိုးသမီးတွေကို တွေ့နေရတာပဲ မဟုတ်လား။ ဒါဆို ဘာဖြစ်လို့များ ဆုံးဖြတ်ချက်ချ လက်မှတ်ထိုးတဲ့ နေရာတွေမှာ အမျိုးသမီးတွေရဲ့ နာမည်ကို မတွေ့ရတာပါလဲ။
အမျိုးသမီးတွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပေမယ့် ဆုံးဖြတ်ချက်ချရမယ့် ဦးစီးဦးရွက်နေရာမှာ တာဝန်မယူပဲ ကူညီထောက်ပံ့ပေးသူ ကဏ္ဍမှာပဲ ပါဝင်ခဲ့ကြတာများလား။
တခါက အမျိုးသမီး နိုင်ငံရေးသမားတစ်ယောက် ပြောဖူးတာကို ပြန်သတိရမိတယ်။ အမျိုးသမီးတွေက နိုင်ငံရေးမှာ မပါဝင်ကြတာ မဟုတ်ဘူး။ ဘယ်နေရာမှာ ပါဝင်နေလဲဆိုတော့ အောက်ခြေ လှုပ်ရှားလုပ်ကိုင်ရမယ့်အပိုင်းမှာ အများစု ရှိနေပြီးတော့ တာဝန်ယူမှုအရ အထက်ကိုတက်သွားလေလေ အမျိုးသမီးဦးရေ ပါဝင်ခွင့်ရနှုန်းက နည်းလာလေလေပဲ တဲ့။
အခုနွေဦးတော်လှန်ရေးမှာလည်း အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ အာဏာရှင်ကို ခုခံတွန်းလှန်နေတာ တွေ့ရပါတယ်။ မြို့ပြကျေးလက် သပိတ်လှုပ်ရှားမှုတွေအပြင် လက်နက်ကိုင်လမ်းစဉ်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာလည်း အမျိုးသမီးတွေရဲ့ အင်အားကို တတပ်တအား တွေ့ရပါတယ်။
လက်နက်ကိုင် တပ်ဖွဲ့တွေမှာ နောက်တန်းမှာ ဆေးတပ်သား၊ ပြန်ကြားရေး၊ မိုင်းထုတ်လုပ်ရေး စတဲ့ အမျိုးမျိုးသော တာဝန်ကို ထမ်းဆောင်နေကြရတာအပြင် ရှေ့တန်းစစ်မျက်နှာမှာ ဝင်ရောက်တိုက်ခိုက်နေတဲ့ အမျိုးသမီးစစ်သည်တွေလည်း အများအပြားပါပဲ။
တော်လှန်ရေးအတွက် အသက်ပေးသွားတဲ့ အာဇာနည်အမျိုးသမီးတွေလည်း များစွာရှိသလို အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတွေလည်း အများကြီး ရှိပါတယ်။
နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ ၂၀၂၁ အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်ကြောင့် သေဆုံးသူ အမျိုးသမီး ၂၆၀ ဦး၊ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ အမျိုးသမီး ၂၅၀၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီး ၉ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်သူအများစုဟာ အမျိုးသမီးတွေဖြစ်ကြပြီး ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေ ဖြစ်နေတာကို တွေ့ရပါတယ်။
ဒါ့အပြင် ဆက်သွယ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ တာဝန်ယူထားရသူတွေ၊ စားနပ်ရိက္ခာအတွက် စီစဉ်ပေးရသူတွေ၊ PDFs တပ်သားတွေအတွက် လှူဒါန်းထားတာတွေကို ခွဲဝေပေးသူတွေ၊ မိုင်းထုတ်လုပ်ရေးမှာ တာဝန်ယူ လုပ်ဆောင်သူတွေ စတဲ့ တော်လှန်ရေးရဲ့ အစိတ်အပိုင်း အမျိုးမျိုးမှာ အမျိုးသမီးတွေဟာ ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်တာဝန် ထမ်းဆောင်နေကြပါတယ်။
တော်လှန်ရေးမှာ စွမ်းစွမ်းတမံ ဝင်ရောက်လုပ်ဆောင်နေတဲ့ ကဏ္ဍအသီးသီးက အမျိုးသမီးတွေရဲ့ ရင်ထဲမှာ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအပြင် တခြားမျှော်လင့်ချက်တစ်ခုလည်း ရှိပါသေးတယ်။ ဒီနွေဦးတော်လှန်ရေးနဲ့အတူ ကျား၊မ ခွဲခြားနှိမ်ချ ဆက်ဆံခံရမှုတွေ၊ ဂျန်တာ မညီမျှမှုတွေ၊ ဖိနှိပ်အကြမ်းဖက်မှုတွေ၊ နေရာမပေးခံရမှုတွေ၊ အသိအမှတ်ပြု မခံရမှုတွေ စတဲ့ အရာတွေလည်း အာဏာရှင်စနစ်နဲ့အတူ အမြစ်ပြတ်ပြိုလဲသွားမယ်လို့ မျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေအားလုံးအတွက် “တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ရရှိရေးဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ မရှိမဖြစ် အရေးကြီးတဲ့ ဂုဏ်အင်္ဂါတစ်ရပ်ပဲ ဖြစ်ပါတယ်။
“တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” မရှိခဲ့တဲ့အတွက်ပဲ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်မီးကြီး တောက်လောင်နေခဲ့ရတာပါ။
“တန်းတူညီမျှမှု” ဆိုတဲ့ နေရာမှာ အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှမှုဖြစ်တဲ့ “ဂျန်ဒါ” တန်းတူညီမျှမှု ရှိဖို့ကလည်း သိပ်ကို အရေးကြီးလှပါတယ်။
တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်ချင်တယ်ဆိုရင် တန်းတူညီမျှမှု ရှိခြင်းဟာ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ နားလည်ရမယ့် အချိန်ကို ရောက်နေပါပြီ။
လွန်ခဲ့တဲ့ ၂၀၁၆-၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လွှတ်တော်တွေမှာ အမျိုးသမီးတွေရဲ့ အချိုးအစားက အရင်ကာလတွေတုန်းကနဲ့ ယှဉ်ရင် ပိုများလာတယ်ဆိုပေမယ့် လွှတ်တော်ကိုယ်စားလှယ် (၁၀) ယောက်မှာ (၉) ယောက်က အမျိုးသားတွေ ဖြစ်နေခဲ့တယ်။
ဒါဟာ အလွန်မညီမျှတဲ့ အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။
နိုင်ငံရဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းဟာ ကမ္ဘာ့နိုင်ငံ (၁၉၁) နိုင်ငံမှာ မြန်မာနိုင်ငံရဲ့ အဆင့်က (၁၆၇) မှာ ရှိနေတာကို တွေ့ရပါတယ်။
ဒီအချိုးအစားကို ကြည့်မယ်ဆိုရင် နိုင်ငံရေးအခန်းကဏ္ဍနဲ့ ဆုံးဖြတ်ချက် ချမှတ်ရမယ့်အပိုင်းမှာ အမျိုးသမီး (၃၀) ရာခိုင်နှုန်း ပါဝင်ခွင့် ရှိစေရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အတော့်ကို ကွာလှမ်းနေပါတယ်။
နွေဦးတော်လှန်ရေးနဲ့အတူ အမျိုးသမီးတွေဟာ သူတို့ရဲ့ ရဲစွမ်းသတ္တိ၊ စွန့်လွှတ်စွန့်စားမှု၊ ရဲရင့်မှု၊ ဦးဆောင်နိုင်မှုနဲ့ အခြားသော စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေကို အမျိုးသားများနည်းတူ ထုတ်ဖော်ခဲ့ကြသူတွေပါ။ နိုင်ငံလူဦးရေရဲ့ တစ်ဝက်ကျော်ကျော်ရှိတဲ့ အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုမပါပဲ ဒီတော်လှန်ရေးကြီး အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
၂၀၂၂ ပထမအကြိမ် ပြည်သူ့ညီလာခံမှာ အတည်ပြုခဲ့တဲ့ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်း” ရဲ့ အခန်း (၄) ပြည်ထောင်စုစံတန်ဖိုး မှာ “ဂျန်ဒါတန်းတူရေးနဲ့ လူမျိုး ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကျား/မ မသန်စွမ်းမှု၊ လိင်စိတ်ခံယူမှု ကိုအခြေခံတဲ့ ခွဲခြားဆက်ဆံမှု မရှိခြင်း” ဆိုတဲ့ အချက်တွေကို ထည့်သွင်းထားတာ တွေ့ရတဲ့အတွက် များစွာဝမ်းမြောက်ရပါတယ်။
တော်လှန်ရေးကြီး ပြီးဆုံးလို့ တိုင်းပြည်တည်ဆောက်ကြမယ့် အချိန်ကာလကို ရောက်လာခဲ့ရင် တန်းတူညီမျှခြင်း၊ အပြန်အလှန် အသိအမှတ်ပြု လေးစားခြင်းတွေနဲ့အတူ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို မှန်ကန်တဲ့ အယူအဆသစ်၊ အတွေးအခေါ်သစ်တွေနဲ့ တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ။
ကိုးကား
* Network Media Group Facebook Page (သတင်းဆောင်းပါး)
* သံလွင်တိုင်းမ် သတင်း
* ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်း အစိတ်အပိုင်း (၁)
* ခုခံတော်လှန်ခြင်း (စစ်အာဏာသိမ်းပြီးချိန်မှစ၍ တစ်နှစ်အတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို စမ်းသပ်မှု) အစီရင်ခံစာ။
* မြန်မာနိုင်ငံရှိ ကျား၊မရေးရာနှင့် နိုင်ငံရေးပါဝင်မှုအပေါ် အကျဉ်းချုပ်မှတ်စု စာစောင်။
* မြန်မာနိုင်ငံရှိ ကျား၊မရေးရာနှင့် နိုင်ငံရေးပါဝင်မှု အစီရင်ခံစာ။
ငြိမ်းပန်
The Tanintharyi Times

