တိုင်းရင်းသားလူမျိုးများအရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်
တိုင်းရင်းသားလူမျိုးများအရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်
ဒီစာအုပ်ဟာ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းရဲ့ “ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး တိုက်ပွဲဝင် စာတမ်းများနှင့် မိန့်ခွန့်ပေါင်းချုပ်” တွေကို စုစည်းထားတာပါ။
ဒီမိန့်ခွန်းတွေထဲမှာ ၁၉၈၈ ကနေ ၂၀၀၈ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ အပြောင်းအလဲတွေကို တွေ့မြင်နိုင်ပါတယ်။
တိုင်းရင်းသားလူမျိုးများ တောင်းဆိုနေတဲ့ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ဘာလဲ။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတာဘာလဲ။
နှစ်ပေါင်း ၆၀ ကျော်ကြာတဲ့ ပြည်တွင်းစစ်မီး တောက်လောင်နေရတဲ့ အကြောင်းရင်းတွေဟာ ဘာတွေလဲ။ ဒီပြည်တွင်းစစ်မီးကို ငြိမ်းသွားအောင် လုပ်ဆောင်နိုင်မယ့်အချက်တွေက ဘာတွေဖြစ်မလဲ။
စတဲ့ မေးခွန်းတွေအတွက် ကျိုးကြောင်းဆီလျော်တဲ့ အဖြေကို ပေးနိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးအသီးသီးဟာ ပြည်ထောင်စုတစ်ခုမှာ လွတ်လပ်စွာ စုပေါင်းနေထိုင်တယ်ဆိုတဲ့အတွက် အင်အား လူဦးရေ စတဲ့အရာတွေ နည်းနည်းများများ တန်တူအခွင့်အရေး ရသင့်ပါတယ်။ ဘယ်လူမျိုးတစ်မျိုးရဲ့ လက်အောက်မှာမှ တဆင့်နိမ့်ပြီး နေထိုင်စရာမလိုပါဘူး။
အားလုံးသဘောတူ သတ်မှတ်ထားတဲ့ အမျိုးသားပြည်နယ်တွေမှာ နိုင်ငံရေးအာဏာ (၃) ရပ်ဖြစ်တဲ့ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာ တွေကို အမျိုးသားပြည်နယ်တစ်ခုချင်းစီမှာ အပြည့်အဝ အပ်နှင်းပြီး ကျင့်သုံးခွင့် ရှိစေရပါမယ်။
မြန်မာ(ဗမာ) မဟုတ်တဲ့ တိုင်းရင်းသားတွေကို လူမျိုးအလိုက် အမျိုးသားပြည်နယ်သတ်မှတ်ထားသလိုပဲ ဗမာလူမျိုးအားလုံးအတွက် ဗမာပြည်နယ်တစ်ပြည်နယ်တည်း သတ်မှတ်ရပါမယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ အမျိုးသားလွှတ်တော်(အထက်လွှတ်တော်)မှာ ပြည်နယ်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာမို့ ဗမာပြည်နယ်သတ်မှတ်မှသာ တန်းတူညီမျှမှု ဖြစ်စေမှာပါ။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ် ဆိုတဲ့အတွက် တိုင်းရင်းသားတွေဟာ သူတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု စတာတွေကို သူတို့ကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်ပိုင်ခွင့် ရှိရပါမယ်။
ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေအပြင် ပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုလည်း သေသေချာချာ ရေးဆွဲပြီး ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရနဲ့ ပြည်နယ်တရားရုံးချုပ်တွေကို လွတ်လပ်စွာ ထူထောင်ခွင့် ရှိစေရပါမယ်။
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့အတွက် ပင်လုံစာချုပ်ကတိကဝတ်တွေကို ချိုးဖျက်ပြီး အာဏာရှင်တွေဟာ ဗမာလူမျိုးကြီးစိုးရေးဝါဒကို ထူထောင်ခဲ့ကြတယ်။ ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ စတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ မဟာလူမျိုးကြီးဝါဒကို အသက်သွင်းခဲ့ကြပြီး၊ ပင်လုံကတိကဝတ်ကို လက်တစ်လုံးခြား လုပ်ခဲ့ကြတယ်။
ဒါ့ကြောင့်လည်း ကချင်၊ ကရင်နီ၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေးရဖို့အတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြတာသာ ဖြစ်တယ်။ နိုင်ငံရေးကို စေ့စပ်ညှိနှိုင်းရေးနည်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာဖို့ ကြိုးစားခဲ့ပေမယ့် စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲဖို့အတွက် လိမ်လည်နည်းပေါင်းစုံနဲ့ တိုင်းရင်းသားတွေကို လိမ်လည်ခဲ့ကြတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုရင် ဒီမိုကရေစီ အယောင်ပြပြီး အာဏာရှင်စနစ် ခြေကုပ်မြဲအောင် စစ်အာဏာရှင်တစ်စုက အတင်းအဓမ္မ အတည်ပြုပြဋ္ဌာန်းထားတဲ့ မတရားဥပဒေသာ ဖြစ်တယ်။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်း ပြဿနာဟာ “ဖွဲ့စည်းပုံ အခြေခံဥပဒေပြဿနာ” လို့ ပညာရှင်တစ်ချို့က ဆိုကြတာပါ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ် တည်မြဲအောင် လုပ်ဆောင်ထားတဲ့ အရာသာဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကြောင့်ပဲ စစ်တပ်ဟာ အလွယ်တကူ အာဏာသိမ်းနိုင်တဲ့ အနေအထားကို ရောက်စေခဲ့တယ်။
ဆရာ့ရဲ့ စာတမ်းမှာပါတဲ့ “အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာ၌ အခြေခံရမည့် လမ်းညွှန်မူများ” ဆိုတဲ့ အချက် (၁၀) ချက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် မှန်ကန်သင့်လျော်တဲ့ လမ်းညွှန်ချက်တွေလို့ မြင်မိပါတယ်။
အဲဒီလမ်းညွှန်ချက် (၁၀) ချက်ကတော့-
၁။ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာဟာ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးဆီက ဆင်းသက်လာရမယ်။
၂။ တိုင်းရင်းသားလူမျိုးတိုင်းဟာ နိုင်ငံရေးအရ၊ လူမျိုးရေးအရ တန်းတူအခွင့်အရေး ရှိစေရမယ်။
၃။ တိုင်းရင်းသားလူမျိုးတိုင်း သူတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု စတဲ့ ကဏ္ဍအသီးသီးမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိစေရမယ်။
၄။ ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ အမျိုးသားပြည်နယ်တွေနဲ့ ဖွဲ့စည်းရမယ်။ ပြည်ထောင်စုလွှတ်တော်မှာ အာဏာတူ လွှတ်တော် (၂) ရပ် ထားရှိရမယ်။
၅။ ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်များအတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝ ကာကွယ်ပြဋ္ဌာန်းပေးရမယ်။
၆။ နိုင်ငံသားတိုင်းဟာ ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနဲ့ ကျား/မဆိုင်ရာ တန်းတူညီမျှမှု အပြည့်အဝ ခံစားခွင့် ရှိစေရမယ်။
၇။ ပြည်ထောင်စုတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရမယ်။
၈။ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဟာ အရပ်ဖက်အုပ်ချုပ်မှုအောက်မှာ ရှိရပြီး ကာကွယ်ရေးဝန်ကြီးဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ် ဖြစ်ရပါမယ်။ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဘယ်စစ်ဖက်အရာရှိကိုမှ ကာကွယ်ရေးဝန်ကြီးအဖြစ် မခန့်အပ်ရပါဘူး။
၉။ ဖက်ဒရယ်ပြည်ထောင်စု စတင်ဖွဲ့စည်းချိန်မှာ အမျိုးသားပြည်နယ်တစ်နယ်အဖြစ် ဖွဲ့စည်းဖို့ အဆင်သင့်မဖြစ်သေးတဲ့ တိုင်းရင်းသားလူမျိုးတွေအတွက် နောင်အခါ အမျိုးသားပြည်နယ်သစ်ဖွဲ့စည်းနိုင်ဖို့ အဆင့်အတန်း သတ်မှတ်ချက်ဖြစ်တဲ့ “အမျိုးသားလက္ခဏာ” ရပ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိကျစွာ ပြဋ္ဌာန်းထားရပါမယ်။
ဒီလမ်းညွှန်ချက် (၁၀) ချက်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲမယ်ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်နိုင်ပြီး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကို အမြစ်ဖြတ်တွန်းလှန်နိုင်ဖို့ကလည်း အရေးကြီးလှပါတယ်။
ဒီစာအုပ်ထဲမှာ သာမန်စာဖတ်သူတွေ နားလည်နိုင်လောက်တဲ့ အသုံးအနှုန်း ရိုးရိုးလေးတွေနဲ့ ရေးထားတာမို့ အလွယ်တကူပဲ ဖတ်ရှုနားလည်နိုင်ပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တာမို့ ဒီစာအုပ်ဟာ မြန်မာနိုင်ငံအတွင်း နေထိုင်ကြတဲ့ ဘယ်သူမဆို ဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။ ။
ငြိမ်းပန်
The Tanintharyi Times

