စစ်ကောင်စီအတွက် ဗျူဟာအရ အရေးပါတဲ့ ၁၀၂၀ တောင်စခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

စစ်ကောင်စီအတွက် ဗျူဟာအရ အရေးပါတဲ့ ၁၀၂၀ တောင်စခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

ဓာတ်ပုံ - Kwe Ka Lu News၊ Black Cobra Column

တနင်္သာရီနဲ့ ဘုတ်ပြင်းမြို့နယ်အစပ်နေရာဖြစ်တဲ့ ၁၀၂၀ တောင်ကုန်းက စစ်ကောင်စီအစခန်းကို တော်လှန်ရေးတပ်တွေဘက်က ဒီနေ့မနက်မှာ အပြီးသတ်သိမ်းနိုင်ပြီဖြစ်တယ်လို့ KNU တပ်မဟာ ၄ ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားကပြောပါတယ်။

၁၀၂၀ တောင်ကုန်း စစ်ကောင်စီအခြေစိုက်စခန်းကို ပြီးခဲ့တဲ့ဧပြီ ၃၀ ရက်ကစလို့ Black Cobra စစ်ကြောင်းက တိုက်ခိုက်နေတာဖြစ်ပြီး ၁၂ ရက်အကြာ ဒီနေ့မှာတော့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့မနက်ပဲ သိမ်းလိုက်တယ်။ စခန်းမှာ ရန်သူကတစ်ယောက်မှမရှိတော့ဘူး။ တိုက်ပွဲပြီးဝိုင်းထားတဲ့ကြားကပဲ အကုန်စခန်းစွန့်ပြီးထွက်ပြေးသွားတာ” လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

လောလောဆယ်ကတော့ တော်လှန်ရေးတပ်တွေက ၁၀၂၀ စခန်းကုန်းကိုထိန်းချုပ်ထားပြီး နယ်မြေရှင်းလင်းတာတွေလုပ်ဆောင်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။

၁၀၂၀ စခန်းဟာ မြိတ်-ဘုတ်ပြင်း-ကော့သောင်း ကားလမ်းပိုင်းကိုထိန်းချုပ်ဖို့အတွက် စစ်ကောင်စီရဲ့ဗျူဟာကျတဲ့စခန်းဖြစ်ပြီး စစ်အာဏာမသိမ်းခင်ကတည်းက တပ်စွဲပြီးနေထိုင်နေတဲ့နေရာဖြစ်တယ်လို့ ပဒိုအယ်နားကဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေချိန်အတွင်း လာရောက်ပူးပေါင်းတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး စစ်ကူတပ်တွေကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး ကစဉ့်ကလျားဆုတ်ခွာမှုတွေရှိခဲ့တယ်လို့ Black Cobra စစ်ကြောင်းရုံးက မေလ ၈ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

Black Cobra စစ်ကြောင်းဟာ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၁ နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။

“ရန်သူတွေဘက်က အလောင်းတွေကို အကုန်မကောက်နိုင်ဘဲ ပြန့်ကျဲနေတဲ့အနေအထားဖြစ်တယ်။ အပုတ်နံ့တွေတော်တော်ဆိုးနေတယ်” လို့ မြေပြင်မှာရှိနေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက အခုလ ၈ ရက်နေ့မှာ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေပြန့်ကြဲနေတဲ့နေရာတွေကတော့ ၁၀၂၀ တောင်နားက တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာတွေဖြစ်တဲ့ တောင်ငယ်ရွာ၊ ခဲချောင်းရွာနဲ့ လမ်းဖိုကမ်းရွာတွေရဲ့ အနီးတဝိုက်မှာ ဖြစ်တယ်လို့ ရှေ့တန်းရောက်ရဲဘော်တချို့က ဆိုပါတယ်။

Black Cobra ရဲ့ မေလ ၈ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကြောင်းအနေနဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေသိမ်းဆည်းရမိထားတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ ၁၀၂၀ စခန်းသိမ်းပိုက်ပြီးနောက် သိမ်းမိတဲ့လက်နက်ခဲယမ်းနဲ့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စခန်သိမ်းတိုက်ပွဲဆင်နွှဲနေချိန်တောက်လျှောက်မှာ စစ်ကောင်စီဘက်ကနေ ၁၀၂၀ တောင် အနီးတဝိုက်ကရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဒီကနေ့မနက် ၉ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီဘက်ကနေ ၁၀၂၀ တောင်တဝိုက်ကို K8W ဂျက်လေယာဥ်နဲ့ ဗုံးသီး ၇ လုံးကြဲချတိုက်ခဲ့သလို ပြီးခဲ့တဲ့ မေလ ၈ ရက်၊ ၄ ရက်၊ ၂ ရက်နေ့တွေမှာလည်း အေးသာယာ၊ ရွာသာယာနဲ့ မနိုးရုံးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးရဲဘော်တွေနဲ့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိပေမဲ့ နေအိမ်တွေပျက်စီးခဲ့ပြီး ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလ တတိယပတ်ကစလို့ စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာ စစ်ကောင်စီတပ်စခန်းကိုလည်း အခုလ ၈ ရက်နေ့မှာ တော်လှန်ရေးတပ်တွေဘက်က သိမ်းယူနိုင်ခဲ့ပါတယ်။

The Tanintharyi Times