တိုင်းအတွင်းမြို့နယ်သုံးခုမှာ MPT ဖုန်းလိုင်းတွေပြတ်တောက်နေ
တိုင်းအတွင်းမြို့နယ်သုံးခုမှာ MPT ဖုန်းလိုင်းတွေပြတ်တောက်နေ
တိုင်းအတွင်းက မြိတ်၊ တနင်္သာရီနဲ့ ပုလောမြို့နယ်တွေမှာ MPT ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ လေးရက်ရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
အဲ့ဒီမြို့နယ်တွေမှာ ကျေးရွာတွေတင်မကပဲ မြို့ပေါ်တွေမှာပါ ဖုန်းလိုင်းပြတ်တောက်နေတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အခုလ ၁၅ ရက်ကစလို့ ဖုန်းလိုင်းပြတ်တောက်နေတာဖြစ်ပြီး ဒီကနေ့အထိ လိုင်းပြန်မရသေးဘူးလို့ သိရပါတယ်။
“ MPT လိုင်းက လုံးဝပြတ်နေတယ်။ လိုင်းက ရတချက် မရတချက် ကျတာမျိုးမဟုတ်ဘူး။ လုံးဝ ဆက်သွယ်လို့ကိုမရတာ။ စက်ပိတ်ထားပါသည်ပဲ အော်နေတယ်။ ရွာဘက်က ကျနော့်မိသားစုဝင်တွေဆီလည်း ဆက်သွယ်လို့မရဘူးဖြစ်နေတယ်ဗျ” လို့ အသက် ၂၆ နှစ်အရွယ် မြိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အခုလိုမျိုး ဖုန်းလိုင်းလုံးဝပြတ်တောက်သွားတာကြောင့် MPT ဖုန်းကဒ်နဲ့ လျှောက်ထားတဲ့ KBZ Pay အကောက်တွေ Log out ထွက်သွားပြီး Log in ပြန်ဝင်မရဖြစ်နေတာကြောင့် ငွေလွှဲ၊ ငွေထုတ်တာတွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ ကြန့်ကြာနှောင့်နှေးတာတွေကြုံနေရတယ်လို့ လိုင်းပြတ်နေတဲ့ မြို့နယ်တွေက ဒေသခံတွေက ဆိုပါတယ်။
“ကေပေးဖုန်းနံပါတ်တွေ လော့အင်ဝင်မရတော့ အထဲမှာ ပိုက်ဆံတွေ ပိတ်မိနေတာတွေရှိတယ်။ အဲ့မှာ လုပ်ငန်းကြီးရင် ကြီးသလောက် တိုင်တွေပတ်တယ်ဗျ” လို့ မြိတ်မြို့ခံ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်း ပြောပါတယ်။
တနင်္သာရီမြို့နယ်ထဲမှာလည်း မောတောင်မြို့ကလွဲလို့ တနင်္သာရီမြို့ပေါ်နဲ့ ကျေးရွာတွေမှာ MPT ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အလားတူပုလောမြို့နယ်က ပလမြို့ပေါ်မှာလည်း ပြီးခဲ့တဲ့ ၁၅ ရက်ကတည်းကနေ ဒီနေ့အထိ MPT ဖုန်းလိုင်းလုံးဝပြတ်တောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ ဒီရက်ပိုင်း ဒီဘက်မှာ တိုက်ပွဲတွေလည်း ဖြစ်နေတာကို ကိုယ်သုံးနေကျလိုင်းကလည်း ပြတ်နေတော့ သတင်းတွေ အဆက်ပြတ်တယ်ဗျ” လို့ ပလမြို့ခံ အမျိုးသားတစ်ဦးကဆိုပါတယ်။
ပုလောမြို့နယ်၊ ကြဲရွာမှာ အခုရက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သူကပြောပါတယ်။
ပုလောမြို့အနီးတဝိုက်က ကျေးရွာတွေမှာလည်း ဖုန်းလိုင်းပြတ်တောက်နေဆဲဖြစ်ပြီး ပုလောနဲ့ ပလောက် မြို့ပေါ်မှာတော့ ဒီနေ့ကစလို့ ဖုန်းလိုင်းပြန်ရနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို မြို့ပေါ်နေရာတွေမှာပါ MPT ဖုန်းလိုင်းပြတ်တောက်နေတာနဲ့ပတ်သက်လို့ MPT ရဲ့ Facebook Page Messenger ကို ဆက်သွယ်မေးမြန်းရာမှာတော့ တနင်္သာရီတိုင်းအတွင်း ဖုန်းလိုင်းအဆင်မပြေမှုတွေကို အချိန်စောင့်ဆိုင်းပြီးမှ ပြန်လည်အသုံးပြုပေးပါလို့ ပြန်လည်ဖြေဆိုပါတယ်။
တိုင်းအတွင်းက ထားဝယ်ခရိုင်၊ ကော့သောင်းခရိုင်နဲ့ ကျွန်းစုမြို့နယ်တွေမှာတော့ MPT ဖုန်းလိုင်း ပြတ်တောက်မှုမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပါတ်ကလည်း ကော့သောင်းမြို့ပေါ်မှာ MPT ဖုန်းလိုင်း ရက်ရှည် ပြတ်တောက်ခဲ့ပါသေးတယ်။
The Tanintharyi Times
