ဟိုတစ်ဘက်က အသံ
ဟိုတစ်ဘက်က အသံ
သားအဖနှစ်ယောက် တောင်တန်းတွေပေါ် လျှောက်သွားတဲ့တစ်နေ့မှာပေါ့။ သားငယ်လေး က လှပတဲ့ပတ်ဝန်းကျင်ရှုခင်းကို ငေးမောရင်းသွားတာမို့ လမ်းပေါ်က ကျောက်တုံးတစ်တုံးကို ခလုတ်တိုက်မိတယ်။ နာလိုက်တာ။
“ အာလားလား” လို့ သားလေးရဲ့ ပါးစပ်က အလိုအလျောက် အော်လိုက်မိတယ်။
“ အာလားလား”
သူအော်သလို အော်သံ ဟိုဝေးဝေးဆီကပြန်ကြားရတယ်။ သားငယ်သိပ်စိတ်ဆိုး သွား တယ်။ ခလုတ်တိုက်လို့ ခြေထောက်နာပါတယ်ဆိုမှ ဘယ်သူက လှောင်ပြောင်ပါလိမ့်။
“ ဘယ်ကောင်လဲကွ” လို့ ကောင်လေးက ဒေါသွက်ထွက်နဲ့ ပြန်အော်လိုက်တယ်။
“ ဘယ်ကောင်လဲကွ” ဆိုပြီး ဟိုအဝေးဆီက အော်ပြန်တယ်။
“ လိုက်မပြောင်နဲ့” လို့ကောင်လေးကလှမ်းအော်တော့ “ လိုက်မပြောင်နဲ့” လို့ပြန်အော် တယ်။ ကောင်လေး မကျေနပ်ဘူး။
“ ဖေဖေ ၊ သားပြောသမျှကို ဟိုကောင်က လိုက်လိုက်အော် နေတယ်” ဆိုပြီး ကောင်လေးက သူ့အဖေကို ပြောတယ်။
သူ့အဖေက သားငယ်လေးကို “ မင်း ငတုံးပဲ” လို့ အော်ခိုင်းတယ်။ တစ်ဘက်အသံက လည်း “ မင် ငတုံးပဲ” လို့ ပြန်အော်တယ်။
နောက်တစ်ခါ “ ခင်ဗျားကို လေးစားပါတယ်” လို့ သူ့အဖေက အော်ခိုင်းပြန်တယ်။ တစ်ဘက်က “ ခင်ဗျားကို လေးစားပါတယ်” လို့ ပြန်အော်သံကြားရတယ်။
အဖေက သားကို “ ဒါ ပဲ့တင်သံလို့ခေါ်တယ်သား။ ကိုယ်က ကောင်းတဲ့အသံပြုရင် ကောင်းတဲ့အသံ ပြန်ကြားရတယ်။ ကိုယ်က မကောင်းတာပြောရင် မကောင်းတဲ့ တုန့်ပြန်မှုပဲ ပြန်ရတယ်” ဆိုပြီး ရှင်းပြတယ်။
ကောင်လေးက “ အောင်-မြင်-ပါ-စေ” လို့ အော်တော့ တစ်ဘက်က “ အောင်-မြင်-ပါ-စေ” ဆိုတဲ့အသံကို သားငယ် ပြန်ကြားရပါတယ်။
(စာဖတ်သူတို့အတွက် ကျော်ရင်မြင့် ရေးပြီး စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်ဝေတဲ့ ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများစာအုပ်မှ ကောက်နှုတ်၊ ဖော်ပြထားခြင်းဖြစ်ပါတယ်။)
The Tanintharyi Times

