အာရှ – ပစိဖိတ် စီးပွားရေးကော်ပိုရေးရှင်း အစည်းအဝေးကို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြ

အာရှ – ပစိဖိတ် စီးပွားရေးကော်ပိုရေးရှင်း အစည်းအဝေးကို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြ

ဓာတ်ပုံ - Myanmar Student Union

အာရှ – ပစိဖိတ် စီးပွားရေးကော်ပိုရေးရှင်း APEC ညီလာခံ ကျင်းပနေချိန်အတွင်းမှာ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ အပါအဝင် နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံကတက်ကြွလှုပ်ရှားသူ ၅ သောင်းကျော်တို့က APEC ဖျက်သိမ်းရေး ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှာ မနေ့က ကျင်းပတဲ့ APEC ညီလာခံ အရှေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး မြန်မာအရေးတက်ကြွသူတွေဟာ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုမှာ တောင်းဆိုနေတဲ့ APEC နိုင်ငံတွေက မြန်မာစစ်အုပ်စုကို လက်နက်နဲ့ လေယာဉ်ဆီ တင်ပို့ရောင်းချနေတာကို ရပ်တန့်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

APEC အဖွဲ့ဝင်နိုင်ငံတွေထဲမှာ မြန်မာစစ်တပ်ကို လက်နက်နဲ့ လေယာဉ်ဆီ ထောက်ပံ့နေတဲ့ ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့ အပြင် ဩစတေးလျ၊ ကနေဒါ၊ ဆွစ်ဇလန်၊ ကိုရီးယား၊ ဂျပန် နဲ့ အာဆီယံတို့ကလည်း စစ်အုပ်စု ဆက်ပြီး ရပ်တည်နိုင်ဖို့ နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတုန်းပဲလို့ Blood Money သွေးစွန်းငွေအဖွဲ့ တာဝန်ရှိသူက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

“စစ်တပ်က ခုချိန်မှာ မရှိမဖြစ် လိုနေတဲ့ လေယာဉ်ဆီနဲ့ လက်နက်ကို တင်ပို့ရောင်းချပေးနေတဲ့ နိုင်ငံတွေ APEC မှာ ပါနေတဲ့အတွက် မြေပြင်လူထုအုံကြွမှုအနေနဲ့ ဆန္ဒပြပြီး ပြည်တွင်းအဖွဲ့တွေက အွန်လိုင်းလှုပ်ရှားမှုအနေနဲ့ ကမ်ပိန်း ပြုလုပ်နေတယ် “ လို့ သွေးစွန်းငွေအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

APEC ညီလာခံဆိုတာ အဖွဲ့ဝင် ၂၁ နိုင်ငံကနေ လွတ်လပ်တဲ့ ကုန်သွယ်မှု Free Trade ခေါင်းစဉ်အောက်မှာ နိုင်ငံတွေရဲ့ အခွင့်အရေးနဲ့ အချုပ်အခြာအာဏာ၊ ပြည်သူတွေရဲ့ အခွင့်အရေးကို လျစ်လျူရှုပြီး ကြီးမားတဲ့ နိုင်ငံတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ကော်ပိုရေးရှင်းတွေရဲ့ အကျိုးအမြတ်အတွက် အဓိကထားတဲ့ အစည်းအဝေးဖြစ်နေတာကြောင့် ၎င်းကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ကမ္ဘာတဝှမ်းမှာ ရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေဘက်က ပြောဆိုထားပါတယ်။

သွေးစွန်းငွေ BMC အဖွဲ့ တာဝန်ရှိသူကတော့ “ ပြည်တွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ လျော့နည်းလာဖို့ ကျနော်တို့တွေ မဖြစ်မနေ ဆက်တိုက် တောင်းဆိုနေရမှာ ဖြစ်ပါတယ် “ လို့ ဆိုပါတယ်။

စစ်အုပ်စုက လက်နက်နဲ့ လေယာဉ်ဆီတွေ APEC နိုင်ငံတွေဆီကနေ ဝယ်ယူနေတာကို မြန်မြန် ဖြတ်တောက်ဖို့ အခုလ ၁၂ ရက်ကနေ ၁၆ ရက်နေ့အထိ “ APEC ဖျက်သိမ်းရေးနှင့် APEC နိုင်ငံများ – မြန်မာ အကြမ်းဖက် စစ်အုပ်စုကို လက်နက်နှင့် လေယာဉ်ဆီ တင်ပို့ရောင်းချနေမှုများ ရပ်တန့်ရေး “ လှုပ်ရှားမှုတရပ်အဖြစ် ပြည်တွင်းတော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်နေပါတယ်။

ဒီလှုပ်ရှားမှု ကမ်ပိန်းဟာ ပြည်သူတွေအနေနဲ့ လက်နက်ကိုင်စရာမလိုဘဲ ပြည်သူ့ကာကွယ်ရေးတပ် PDF ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EROs တွေကို တော်လှန်ရေးမှာ အကောင်းဆုံး ကူညီပံ့ပိုးပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် ပြည်သူအားလုံး ပါဝင်ပေးဖို့ တိုက်တွန်းထားကြပါတယ်။

မြန်မာစစ်တပ်ရဲ့ ဝင်ငွေရ လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု ဆောင်ရွက်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေက နည်းပေါင်းစုံနဲ့ နိုင်ငံတကာကို တောင်းဆိုနေတာ ရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူလိုက်ပါတယ်။

စစ်အုပ်စုက ဒေါ်လာ ဘီလီယံနဲ့ချီ ဝင်ငွေရနေတဲ့ MOGE ကို ပိတ်ဆို့လိုက်ပေမယ့် အပြည့်အဝ အရေးယူဒဏ်ခတ်မှု မဟုတ်တဲ့အပြင် စီးပွားရေးအရ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေလည်း ပါဝင်နေတာကြောင့် ပြည်သူတွေအနေနဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းပေးကြဖို့ သွေးစွန်းငွေအဖွဲ့ တာဝန်ရှိသူက တိုက်တွန်းပြောဆိုပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၉၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး အရပ်သား ၇၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ဥာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times