စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး တနင်္သာရီမြို့နယ်က စာသင်ကျောင်းအပါအဝင် နေအိမ် ၆ လုံးထက်မနည်း ထိခိုက်ပျက်စီး
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး တနင်္သာရီမြို့နယ်က စာသင်ကျောင်းအပါအဝင် နေအိမ် ၆ လုံးထက်မနည်း ထိခိုက်ပျက်စီး
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာက နေအိမ်ငါးလုံးနဲ့ စာသင်ကျောင်းတစ်ဆောင် ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဗောဓိကမ်းကျေးရွာမှာ အထိုင်ချထားတဲ့ လက်နက်ကြီးကုန်းကနေ လှမ်းပြီးပစ်ခတ်ခဲ့တဲ့ ကျည်ထိမှန်ခဲ့တာလို့ သိရပါတယ်။
“၁၇ ရက်နေ့က စစ်ကြောင်းဝင်တယ်။ ၁၈ ရက်နေ့က စစ်ကြောင်းပြန်ထွက်တယ်။ အဲနှစ်ရက်အတွင်း လက်နက်ကြီးတွေ မကြာခဏ ပစ်နေတာ” လို့ ဒေသခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ထိခိုက်ပျက်စီးသွားတဲ့ စာသင်ကျောင်းဟာ အရှေ့ဘန်လောရွာ အခြေခံပညာအလယ်တန်းကျောင်းဖြစ်ပြီး ကျောင်းတက်တဲ့သူမရှိတာကြောင့် ပိတ်ထားတာကြာပြီလို့ သိရပါတယ်။
ဘန်လောရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ရွာတစ်ရွာဖြစ်ပြီး စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဖက်ပစ်ခတ်မှု မကြာခဏဖြစ်လေ့ရှိတဲ့အတွက် ဒေသခံတွေက စစ်ဘေးရှောင်နေကြတာလည်း ကြာပြီဖြစ်ပါတယ်။
ဒေသခံထိခိုက်တာတော့မရှိဘူးလို့ ရွာခံတစ်ဦးက အတည်ပြုပါတယ်။
တနင်္သာရီမြို့နယ်၊ တုံးဗျောကြီးကျေးရွာနဲ့ ဘန်လောရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်မှု ၁၇ရက်နဲ့ ၁၈ ရက်မှာ ဆက်တိုက်ဖြစ်ပွါးခဲ့ပြီး ၁၈ ရက်နေ့က ပြန်ထွက်သွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသတွင်း မဟာမိတ်ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ဗုံးသီးချပြီး ပြောက်ကျား တိုက်ခိုက်ခဲ့ကြပါတယ်။
The Tanintharyi Times
