တနင်္သာရီမြို့နယ်က ရွှေ့ပြောင်းလုပ်သား ဖခင်တစ်ဦးနဲ့ အင်တာဗျူး
တနင်္သာရီမြို့နယ်က ရွှေ့ပြောင်းလုပ်သား ဖခင်တစ်ဦးနဲ့ အင်တာဗျူး
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အဆမတန်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြားမှာ ခေါင်းမဖော်နိုင်အောင် အလုပ်လုပ်နေရတဲ့ တောင်ပိုင်းသားဖခင်တစ်ဦးဟာ လေဖြတ်နေတဲ့ဇနီးဖြစ်သူနဲ့ အရွယ်မရောက်သေးတဲ့ သားနှစ်ယောက်ကိုစောင့်ရှောက်နေရပါတယ်။ နေ့စဉ်ရင်ဆိုင်နေရတဲ့ မိသားစုရဲ့ ကျန်းမာရေးစရိတ်တွေ၊ အလုပ်အကိုင်ရှားပါးမှုတွေအပြင် အချိန်မရွေး စစ်ရှောင်ရတာ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြားမှာ သူတို့ ဘဝ ဘယ်လို ရုန်းကန်ဖြေရှင်းရင်း ဖြတ်သန်းနေရပါသလဲ။ တနင်္သာရီမြို့နယ်က ရွှေ့ပြောင်းလုပ်သားမိသားစုတစ်စုရဲ့ ဖခင်ဖြစ်သူကို မေးမြန်းပြီး ဒီတပတ် “တောင်ပိုင်းသားအသံကဏ္ဍ” ကနေ ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
မေး - ဇာတိကဘယ်ကလဲ။ ဒီမှာလာနေတာ ဘယ်လောက်ကြာပြီလဲ။
ဖြေ - ဇာတိကတော့ ကျွန်းစုမြို့နယ်ကပါ။ အခုဒီမှာလာနေတာ ကိုးလလောက်ရှိနေပြီ။ ဟိုမှာလုပ်ငန်းအဆင်မပြေလို့ ဒီမှာလာနေဖြစ်တာပါ။ နေနေတာက သူများ ခြံမှာပေါ့။ ဟိုဘက်မှာ နေ့စားလုပ်ရတာ တစ်ရက်ကို လေးငါးခြောက်ထောင်လောက်ပဲ၊ အလုပ်ကလည်းပါးတယ်။ အလုပ်ရှိလို့ရှိရင်လည်း သူ့လူနဲ့သူ ဖြစ်နေတယ်။ ဒီဘက်မှာ ကျလို့ရှိရင် ရှစ်ထောင်ရတယ်။ ကျနော့်သားငယ်က ၁၅ နှစ်ကျော်ပဲရှိသေးတာခင်ဗျ။ လူကြီးကျတော့ တစ်သောင်းရတယ်။
မေး - ဦးလေးရဲ့ အမျိုးသမီးက ဘာဖြစ်နေတာလဲ။
ဖြေ - ကျနော့်အမျိုးသမီးမှာက သွေးအားနည်းရောဂါရှိတယ်။ အစပိုင်းကဆို တစ်နှစ်တစ်ကြိမ်လောက်ပဲသွင်းရတယ်။ ခြောက်နှစ်လောက်ရှိပြီ လေဖြတ်သွားတာ၊ အရမ်းကြီးတော့မဆိုးဘူး လေဖြတ်တာကျတော့။ သွေးအားနည်းတာကတစ်ပိုင်း၊ လေဖြတ်တာက တစ်ပိုင်းဖြစ်နေတာပေါ့။ အဲဒီကတည်းက တစ်လတစ်ကြိမ် သွေးပုံမှန်သွင်းရတယ်။ တစ်လ ၇ လုံး၊ ၆ လုံးသွင်းရတယ်။ သွေးလှူရှင်တွေကနေ တဆင့်ယူပြီတော့လည်း အဲလိုမျိုးသွင်းရတယ်။ ရေခဲစက်မှာ တခါတလေအဆင်သင့်ရှိနေရင်လည်း အဲကနေယူပြီးသွင်းရတယ်။ မရှိရင်လည်းသွေးလှူရှင်အဖွဲ့တွေနဲ့ချိတ်ပြီး ဆရာမတွေကိုမေးပြီးတော့ ထိုးရတယ်။ အရင်ကဆို စတီး(လမ်းလျှောက်စတီးထောက်)နဲ့သွားလို့ရသေးတယ် အခုနောက်ပိုင်းဆိုမရတော့ဘူး။လူကလည်း ပိုပိုပြီးတော့ ကျလာတယ်ပေါ့လေ။ ကျနော်တို့လို့ပုံမှန်သွားနိုင်တဲ့အရည်အချင်းမျိုးတော့မရှိတော့ဘူးပေါ့လေ။ အိမ်သာတွေတောင်မသွားနိုင်ဘူးလေ။ အိမ်သာအိုးနဲ့ပဲသူသွား၊ သားသမီးတွေကလောင်း၊ ချိုးဖို့သုံးဖို့ရေ ကိုယ်ကခပ်ပေး၊ ထမင်းဆိုလို့ရှိရင်လည်း တည်ချက်ပြီးတော့ သူ့ကိုခူးပေး၊ အဲလိုမျိုးအစစအရာရာ လုပ်ပေးရတာပေါ့။ လာစတုန်းကဆို သူ့ဟာသူချိုးလို့ရသေးတယ်။ အခုသူ့ဟာသူမချိုးနိုင်တော့လို့ ရေခွက်နဲ့လောင်း သားငယ်တွေလောင်းပေးရတယ်။ သူလည်းဖြစ်ချင်လို့ ဖြစ်တာမှမဟုတ်တာ။ ဖြစ်လာမှတော့လည်း ဘာတတ်နိုင်လိမ့်မတုန်း။ တခါတလေ ကိုယ်မပြုံးချင်တောင်ပြုံးပြီးတော့ သူစိတ်ချမ်းသာအောင်ပဲ ထားနေရတယ်။
မေး - ဆေးခန်းက တစ်လတစ်ကြိမ်ပြနေရတာဆိုတော့တခါပြရင် ဘယ်လောက်ကုန်လဲ။ ဘယ်မှာပြဖြစ်လဲ။
ဖြေ - မြိတ်မြို့က သူငယ်ငယ်ကတည်းက ပြနေတဲ့ ကလွင်ဆေးရုံကြီး(မြိတ်ပြည်သူ့ဆေးရုံကြီး)မှာလေ တခြားဆေးရုံမှာဆို သူဘယ်မှာမှပြမရဘူး။ တခြားနေရာမှာက ကြေးပြား(ငွေ)အင်အားမနိုင်လို့။ ရှိရင်လည်း ပြလို့အဆင်မပြေဘူးလေ။ တစ်လကို တစ်သိန်းကျော်ကုန်ပါတယ်။ ပုံမှန်မရှိဘူးပေါ့လေ။ ခရီးစရိတ် လိုင်းကားနဲ့အသွားအပြန် ခြောက်သောင်းရှိတယ်လေ။ ဟိုမှာရောက်ပြီဆိုလို့ရှိရင်လည်း သောာက်တာ၊ စားတာလည်းရှိသေးတယ်လေ။ အစစရာရာအတွက် ကုန်တာပေါ့ခဗျာ။ ဆေးရုံတခါသွားရင် သုံးညလေးညအိပ်ရတယ်။ အခန်းကတော့ မငှားဘူး။ လူအများပြတဲ့ အခန်းမှာ နေပြီးကုတယ်။ ကျနော့်သားကြီးနဲ့ သွားတာပေါ့။ ကျနော်ကတော့ အိမ်မှာပဲအလုပ်လုပ်ကျန်ခဲ့တာပေါ့။ ပြည်သူဆေးရုံမှာကျတော့ ကြေးပြား(ငွေ)တစ်သိန်းနှစ်သိန်းလောက်နဲ့တက်လို့ရတယ်။ တခြားဆေးရုံမှာဆိုလို့ရှိရင် ပြလို့အဆင်မပြေဘူး။
မေး - မိသားစုဝင် ဘယ်နှယောက်ရှိလဲ။
ဖြေ - သားမိသားဖလေးယောက်ပဲရှိတယ်။ အငယ်ဆုံးကောင်လေးက ၁၃ နှစ်။ သူက ငါးတန်းကျောင်းတက်နေတယ်။ အကြီးက ၁၅ နှစ်ကျော်၊ သူကအလုပ်လုပ်နေတယ်။ တစ်ရက်ရှစ်ထောင်ရတယ်။ ရာဘာကလည်း ဒီနှစ်မှာစခြစ်တယ်။ အခုက မိုးတွင်းဆိုတော့ ခြစ်လို့မရဘူးလေ။ ကျပန်းအလုပ်ပဲလိုက်လုပ်နေတယ်။ ဝင်ငွေကကျတော့ ကလေးမှာပုံမှန်ရတယ်။ ကျနော့်မှာ ရာဘာမခြစ်ရတော့ ပုံမှန်မရဘူးပေါ့။ ဝင်ငွေကျတော့ ကျနော့်ကလေးက နှစ်သိန်းစွန်းစွန်းလောက်ပုံမှန်ဝင်ငွေရှိတယ်။ ပန်းရံပေါ့နော်။ နေမကောင်းလို့အလုပ်မလုပ်ရတဲ့နေ့ရှိတာပေါ့။ ပုံမှန်ကျနော်အလုပ်ရှိရင်တော့ တစ်လ လေးသိန်းလောက်တော့ရတာပေါ့နော်။ လက်ရှိ နှစ်သိန်းလောက်ကတော့ မလောက်ပါဘူး။ ကုန်စျေးနှုန်းတွေကလည်းကြီးတယ်။ ကြေးပြား(ငွေ)ကလည်း ဘာမှဝယ်ခြမ်းလို့မရဘူး။
မေး - ကုန်စျေးနှုန်းတွေတက်လာတာ ရိက္ခာသယ်ယူခွင့်ပိတ်ထားတာ ကန့်သတ်မှုတွေကြားထဲကနေ စားဝတ်နေရေးကကော ဘယ်လိုမျိုးကြုံနေရလဲ။ ဘယ်လိုဖြေရှင်းနေလဲ။
ဖြေ - ဒီလိုပဲပုံမှန်အလုပ်လုပ် ဆေးရုံတက်ခါနီးတစ်လပြည့်လို့ ငွေရေးကြေးရေးကအဆင်မပြေသေးရင် ဘေးမှာပဲ အဲလိုပဲ လျှောက်ချေးပြီး နောက်လလောက်ဆိုရင် ပြန်ဆပ်။ အဲလိုပဲ ချာလည်နေတာပေါ့လေ။ မိုးတွင်းမို့အလုပ်တစ်ရက်မှမလုပ်ရဘဲနဲ့ ဆေးရုံတက်ရမဲ့နေ့က ရောက်လာတယ်။ ငွေကြေးက မပြည့်သေးတော့ လျှောက်ချေး၊ ပြန်ဆပ်။ သူ့ကိုတော့ ဆေးရုံတက်နိုင်အောင် ဦးစားပေးရတယ်။ သူ့မှာက အသက်အန္တရာယ်နဲ့ဆိုတော့။ သားငယ်လေးက အမေဘက်ကို နဲနဲလေးလိုက်တယ်။ အခုတော့သူက (သွေး) မသွင်းရတော့ဘူးး။ အရင်ကဆိုလို့ရှိရင် အေသွေးတစ်လုံးသွင်းခဲ့ရတယ်။ နှစ်နှစ်လောက်ထိ အခုကကျတော့ သားငယ်ချင်းချင်းမဆော့ခိုင်းဘူး။ ငြိမ်ငြိမ်သက်သက်နေခိုင်းတယ်။ ကောင်းကောင်းလေးကျွေးတယ်။ အဲလိုမျိုးဆိုနဲနဲသက်သာတယ်။ ဆေးရုံတက်တဲ့အပြင် အိမ်မှာဆို ချိုချဥ်လည်းပြတ်မရ၊ ဆေးတွေဘာတွေလည်းပြတ်မရ၊ အစားအသောက်ဆို အာဟာရရှိတာ ကျွေးပေးရတယ်။ အဲဒါမျိုးတွေမစားရရင် အာဟာရပြတ်ပြီးတော့ လုံးလုံးစကားမပြောနိုင်တော့ဘူး။ ခွေပြီးပဲနေတော့တယ်။ အဲလိုမျိုးနဲ့ ဆေးရုံတက်လို့ရှိရင်လည်း သွေးက ဆယ်လုံးလောက်သွင်းရတယ်။ လူပေါ်မှာမူတည်တာပေါ့နော်။
မေး - လက်ရှိကာလမှာအခက်အခဲဆုံးရင်ဆိုင်နေရတဲ့ ကိစ္စက ဘာဖြစ်မလဲ။
ဖြေ - တိုက်ပွဲတွေကြားက လုပ်စားနေရတာပေါ့။ တခါတလေ သွားလို့ရတာမရတာ အပြင်ထွက်မရတာ။ လုပ်ငန်းခွင်မဝင်ရတာ အဲလိုမျိုးအခက်အခဲတွေပေါ့။
မေး - လက်ရှိနေတဲ့ နေရာမှာတိုက်ပွဲတွေဖြစ်လား။ ဖြစ်ရင် မိသားစုအနေနဲ့ဘယ်လိုဖြေရှင်းလဲ။
ဖြေ - ဖြစ်တဲ့အခါလည်းရှိတယ်၊ မဖြစ်တဲ့ အခါလည်းရှိတယ်ပေါ့။ ဖြစ်လာလို့ရှိရင်လည်း မိသားစုအလိုက် တဲမှာပဲ ပုန်းနေရတယ်။ အခြေအနေကောင်းမှ အပြင်ထွက်ပြီးတော့ အလုပ်လုပ်ပေါ့။ ဒီလိုပဲ ရှိတာနဲ့စားရတာပေါ့။ လမ်းကြောင်းတွေမကောင်းရင် ဟိုဟာတွေလျှောက်ထုနေလို့ရှိရင် ဘယ်ကျမှန်းမသိလို့ လုပ်ငန်းခွင်လည်းမဝင်ရဘူး။
မေး - ပြေးရလွှားရမဲ့ အခြေအနေတွေကြုံဖူးလား။ ကြုံဖူးရင်ဘယ်လိုဖြေရှင်းလဲ။
ဖြေ - ကျနော်တို့မှာ ပြေးဖို့ဆိုတာမတတ်နိုင်ဘူးလေ။ ဒါကြောင့်တဲအောက်မှာ တွင်းထူးထားရတယ်လေ။ ကျနော့်အမျိုးသမီးက ဒုက္ခိတလိုဖြစ်နေတော့ အဲလိုတွင်းထူးထားတာ။ အခြေအနေမကောင်းရင် အဲတွင်းထဲမှာပဲ နေတာပေါ့။ မိသားစုလိုက်။ တကယ်လို့ တွင်းထဲကိုပဲ (လက်နက်ကြီးကျည်) ကျရင်လည်း ကံတရားပေါ့။ ကျနော်တို့မှာတော့ မပြေးနိုင်တော့ဘူး။
မေး - ရွာမှာပြေးရတဲ့အခြေအနေမျိုး ဘယ်နှကြိမ်လောက်ကြုံဖူးလဲ။
ဖြေ - သုံးကြိမ်လောက်ကြုံဖူးတယ်။ အဲလိုမျိုးခြေနေမှာတော့ ကလေးတွေက ကြောက်ပြီးတော့ တုန်နေတာပေါ့။ ကျနော်တို့ကလည်း စိတ်ပူတာပေါ့ သူများတွေလိုလည်းမပြေးနိုင်။ စားရေးသောက်ရေးကလည်း ခက်ခဲတာပေါ့။ ကျနော်တို့ ဘေး နဲနဲခပ်လှမ်းလှမ်းမှာ လက်နက်ကြီး ကျည်ကျတာ ကြုံဖူးတယ်။ ကျင်းထဲမှာတော့ တစ်နာရီလောက်ကြာကြာနေဖူးတယ်။ နေလိုက် အိမ်ပေါ်ပြန်တက်လိုက်၊ ကျင်းထဲပြန်ဝင်လိုက် အဲလိုပေါ့နော်။
မေး - လက်ရှိတိုက်ပွဲတွေဖြစ်နေတာ၊ လက်နက်ကြီးကျည်တွေနဲ့ကြုံရတာ၊ ကုန်စျေးနှုန်းတွေတက်တာစီးပွားရေးအခက်ခဲတွေဖြစ်တာနဲ့ပတ်သက်ပြီး အကြောင်းအမျိုးမျိုးနဲ့ပတ်သက်ပြီး ဘာပြောချင်တာရှိလဲ။
ဖြေ - အခက်အခဲတွေကတော့ရှိတာပေါ့။ အမျိုးမျိုးလည်းကြုံနေရတာပဲ။ ဒါပေမဲ့လည်း ဘာတတ်နိုင်မှာလဲ။ ဒီလိုပဲ အခက်ခဲကြားထဲမှာပဲ ရင်ဆိုင်နေရတာပေါ့။
The Tanintharyi Times
