“စစ်ကောင်စီကို ပြန်တိုက်နိုင်တယ်ဆိုတဲ့သဘောထားကိုတော့ ကြိုက်တယ်။ ကျနော်လည်း အဲလိုပဲခံယူထားတယ်”

“စစ်ကောင်စီကို ပြန်တိုက်နိုင်တယ်ဆိုတဲ့သဘောထားကိုတော့ ကြိုက်တယ်။ ကျနော်လည်း အဲလိုပဲခံယူထားတယ်”

▪️ပုလောမြို့က CDM စစ်သား၊ တပ်ကြပ်ကြီး အောင်ကျော်မျိုးနဲ့ အင်တာဗျူး

ဇာတိမြို့ဖြစ်တဲ့ ပုလောကိုခွင့်ပြန်လာတဲ့ စစ်ကောင်စီရေတပ်က တပ်ကြပ်ကြီး အောင်ကျော်မျိုးဟာ ပြည်သူ့ကာကွယ်ရေးတပ်၊ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းဆီကို ဆက်သွယ်ပြီး အခုလ ၂၀ ရက်နေ့မှာ အလင်းဝင်ခဲ့ပါတယ်။ သူဟာ ရန်ကုန်တိုင်းမှာရှိတဲ့ လွန်းကျင်းဌာန၊ ရေတပ်သင်္ဘောကျင်းဌာနချုပ် – သန်လျင်(သီလဝါ)မှာ တာဝန်ထမ်းဆောင်နေရာကနေ ပြည်သူရင်ခွင်ကို ခိုလှုံလာခဲ့တာပါ။ ဘာကြောင့် CDM လုပ်ပြီး အလင်းဝင်ဖို့ သူဆုံးဖြတ်ခဲ့တာလဲ၊ ဒီလိုဆုံးဖြတ်ဖို့ သူ့ကိုတွန်းအားဖြစ်စေခဲ့တဲ့ အကြောင်းအရာတွေက ဘာတွေပါလဲ။ CDM စစ်သား ကိုအောင်ကျော်မျိုးကို တနင်္သာရီတိုင်းမ်ကနေ ဆက်သွယ်ပြီး မေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။

မေး – အလင်းဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းအရင်ဆုံး စပြောပြပါ။

ဖြေ – ဟိုထဲမှာ(ရေတပ်သင်္ဘောကျင်းဌာနချုပ်)မနေချင်တော့တာရယ်၊ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ရဲတွေ၊ စစ်သားတွေက လက်နက်အားကိုးနဲ့ ရိုက်နှက်တယ်၊ ထုတယ်၊ လက်နက်အားကိုးနဲ့ ပြည်သူတွေရှိတဲ့ရွာတွေကိုလက်နက်ကြီးတွေနဲ့ထုတယ်၊ အဲဒါတွေကြောင့်ပါ။

မေး – အလင်းဝင်ဖို့ တပ်ကနေ ထွက်လာချိန် စိုးရိမ်တာမျိုးရှိလား။

ဖြေ – ကျနော့်အဖေနဲ့ အမေကလည်း PDF စခန်းကလူလိုဖြစ်နေတာဆိုတော့ အမြဲပြောဖြစ်ပါတယ်။ နင်အလင်းဝင်လာရင် ဘာမှမလုပ်ဘူး၊ ဘာမှမဖြစ်ဘူး၊ အေးအေးဆေးဆေးကြိုဆိုမှာ လာသာ၊ လာပါ အဲ့လိုပြောတာပေါ့။ မိဘတွေရဲ့တွန်းအား ၅၀ ရာခိုင်နှုန်း၊ ကျနော့်စိတ်က ၅၀ ရာခိုင်နှုန်းပါတာပေါ့။ ဒါနဲ့ အခွင့်အရေးရလို့ ခွင့်ရက်နဲ့ ရောက်လာတာနဲ့တခါတည်းပဲ အလင်းဝင်လိုက်တာပါ။ တခြားစိုးရိမ်တာမျိုးတော့ မရှိပါဘူး။

မေး – အလင်းဝင်ရင် ဘာတွေဖြစ်လာနိုင်မယ်လို့ကြိုတွေးထားလဲ။

ဖြေ – စိတ်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းထားမယ်လို့ပဲ ထင်ခဲ့ပါတယ်။ တအားကြီးဆိုးမယ်လို့တော့ မထင်ထားပါဘူး။ အခုလည်းထင်တဲ့အတိုင်း အေးအေးဆေးဆေးပဲ နေနေရပါတယ်။

မေး – စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာမှဘာကြောင့်အလင်းဝင်လာတာလဲလို့ မေးတဲ့သူတွေရှိပါတယ်၊ အဲ့ဒီမေးခွန်းကို ဘယ်လိုဖြေမလဲ။

ဖြေ – တပ်ထဲကို ၂၀၁၉ ကနေစဝင်တယ်။ စဝင်ကတည်းကနေပြီး အခြေခံ ၆ လတက်တယ်။ ရမည်းသင်းမှာ တက်တယ်။ ၆ လတက်ပြီးတော့ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့မှာ သင်တန်း (တပ်မတော်ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံကျောင်း) ၃ နှစ်သွားတက်ဖြစ်တယ်။ သင်တန်းပြီးတဲ့အချိန်တုန်းက ခွင့်ရမယ်လို့ ပြောတယ်။ အခုမှပြန်ဆင်းလာပြီး ရေတပ်မှာ တာဝန်ထမ်းဆောင်နေတာ အရမ်းမကြာသေးဘူး။ ၃ လလောက်ပဲရှိသေးတယ်။ ဒါပေမယ့် နိုင်ငံရေးနဲ့ ကိုဗစ်ကာလနဲ့ မပြန်ခိုင်းဘူး။ သင်တန်း ၃ နှစ်တက်တုန်းက ခွင့်ရက်မရခဲ့လို့ အခုမှပြန်ခိုင်းတာ။ ကိုယ့်အတွက် အခွင့်အရေးပဲဆိုပြီးတော့ မနေနိုင်လို့ အပြီးအပိုင် ထွက်လာခဲ့တာပေါ့။ အဲလိုအခွင့်အရေးရတာနဲ့ ထွက်ခဲ့တာပါ။

မေး – တပ်ထဲမှာရှိနေတုန်းက မွေးရပ်မြေဖြစ်တဲ့ပုလောမြို့နယ်နဲ့ ပတ်သက်တဲ့သတင်းတွေဖတ်ဖြစ်လား။

ဖြေ – အမြဲတစေတော့ မဖတ်ဖြစ်ဘူး။ ပုလောမှာ PDF တွေများတယ်၊ အင်အားတောင့် တယ်လို့တော့ သိထားတယ်။ ဒီနှစ် မြဒေါင်မှာတုန်းက လူ ၇ ယောက်သေသွားတယ်လေ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း မကြိုက်ဘူး။ မခံချင်စိတ်ဖြစ်မိတယ်။

မေး – ဒီတော်လှန်ရေးနဲ့ပတ်သက်ပြီး ယုံကြည်ချက်နဲ့ ခံယူချက်က ဘာလဲ။

ဖြေ – အဓိကကမခံချင်စိတ်ပေါ့။ အဲလိုမျိုးတော့ရှိတယ်။ အာဏာရှင်စနစ်တစ်ခုလုံးတော့ပြောင်းလို့တော့မရဘူး။ စစ်ကောင်စီကိုပြန်တိုက်နိုင်တယ်ဆိုတဲ့သဘောထားကိုတော့ကြိုက်တယ်။ ကျနော်လည်း အဲလိုပဲခံယူထားတယ်။ ကျနော့်မှာ အဲ့လိုစိတ်ဓာတ်ရှိတယ်။

မေး – တပ်ရင်းထဲမှာကျန်ခဲ့တဲ့ရဲဘော်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အကျိုးခံစားခွင့်တွေက ဘယ်လိုရှိနေလဲ။

ဖြေ – အကျိုးခံစားခွင့်ကတော့ လစာနည်းနည်းပါးပါး တိုးပေးထားတယ်။ နေတာကတော့ နှစ်ယောက်တစ်ခန်း။ အစားအသောက်ကတော့ အဆင်ပြေပါတယ်။ အလုပ်ခိုင်းတာတော့ လူလိုသူလို မခိုင်းဘူး။ မနက်ပိုင်း ၆ နာရီကနေ ညနေ ၇ နာရီလောက်ထိ တနေကုန်ခိုင်းတယ်။

တချို့တွေကတော့ ထွက်ပြေးချင်ကြတယ်။CDMလုပ်မှာလား။ PDF ထဲဝင်မှာလား၊ ထိုင်းသွားမှာလားဆိုတာတော့ မသိဘူးပေါ့။ တချို့တွေကျတော့လည်းပြေးလို့လည်းမရဘူး။ သူ့အဖေ၊အမေက စစ်သားလေ။ စစ်သားတွေဆိုတော့ ဒီထဲမှာပဲနေမှရတော့မှာပေါ့။ ဒီလိုတွေတော့ရှိတယ်။ CDM လုပ်မယ်၊ အလင်းဝင်မယ်ဆိုတာမျိုးတော့ သူတို့မပြောကြဘူး။

မေး – ရဲဘော်တွေက ဘာလို့ CDMလုပ်မယ်၊ အလင်းဝင်မယ် ဆိုတာမျိုးတွေ မပြောဖြစ်ကြတာလဲ။

ဖြေ – သူတို့ကိုပြောပြမယ့် သူတွေ၊ အားပေးစကားပြောတဲ့သူတွေ မရှိဘူးဆိုတော့ ဟိုထဲ(တော်လှန်ရေးတပ်ဖွဲ့တွေ)ဝင်ရင် သူတို့ကိုတစ်ခုခု လုပ်မှာလား၊ အဲလိုကြောက်လို့လည်းပါမယ်ထင်တယ်။ ဟိုထဲ(ရေတပ်သင်္ဘောကျင်းဌာနချုပ်) မှာဆို မလွတ်လပ်ဘူး။ လွတ်လပ်မှုတွေပျော်ရွှင်မှုတွေမရတာ၊ အဲဒါတွေလည်းပါတာပေါ့။ သူငယ်ချင်းတွေကတော့ ကျနော့်ကို စာပို့ထားကြတာပဲ “ဘာမှလည်းအကျိုးအကြောင်း မပြောဘူး”၊ “ရောက်ပြီလား အိမ်ကို”တို့ ပြောကြတယ်၊ သူငယ်ချင်းတွေက။

မေး – လစာတိုးတယ်လို့ပြောသွားတယ်ပေါ့နော်။ ဘယ်လကနေစပြီး ဘယ်လောက်တိုးပေးတာလဲ။ ဘာကြောင့်လဲ။

ဖြေ – အခုနှစ် ၁၀ လပိုင်းမှာ စတိုးတယ်။ သူတို့ပြောတာတော့ ထောက်ပံ့ကြေးလို့ပဲ ပြောတယ်။ လစာနဲ့ ထပ်ပေါင်းပေးတာပေါ့။ ၃၀,၀၀၀ တိုးပေးတယ်။ ဝန်ထမ်းအကုန်လုံးကို တိုးပေးတာပါ။

မေး – အလင်းဝင်ဖို့ PDF တွေနဲ့ ဆက်သွယ်ရာမှာ ဘာအခက်ခဲရှိခဲ့လဲ။ ဒီအခက်ခဲနဲ့ပတ်သက်ပြီး တလရအဖွဲ့တွေကို ဘာအကြံပေးချင်တာရှိလဲ။

ဖြေ – ကိုယ့်စိတ်ကိုယ်တော့ ထိန်းထားရတာပေါ့။ အဖေအမေတွေကလည်း ပြောတယ် ဘာမှ မလုပ်ဘူး။တစ်ရွာသားလုံးကလည်း အေးအေးဆေးဆေးပဲ ဘာမှမလုပ်ဘူး။ အမှန်တိုင်းသာပြော၊ အဲ့လိုမျိုးရှိခဲ့တော့၊ တခြားအခက်အခဲတော့မရှိပါဘူး။ အကုန်လုံးအဆင်ပြေပါတယ်။

မေး – တပ်ထဲမှာ နေခဲ့တုန်းက အခက်အခဲဆုံးကာလတစ်ခုဆိုရင်ဘာဖြစ်မလဲ။

ဖြေ – အခက်အခဲဆုံးက မနက် ၆ နာရီကနေ ည ၇ နာရီလောက်ထိ ခိုင်းတဲ့ နေ့တွေပေါ့။ ထမင်းစားချိန် ၁၀ မိနစ်၊ ၁၅ မိနစ်နားရတယ်။ အတိအကျတော့မရှိဘူး၊ အခြေအနေပေါ်မူတည်ပြီးရတယ်။ ကျန်တဲ့နားချိန်ကတော့မရဘူး။ ဒီလိုလုပ်ရတာ နေ့တိုင်းတော့မဟုတ်ဘူး။ သူတို့စိတ်ကူးပေါက်တဲ့အချိန်ခိုင်းတာအဲလိုမျိုး။ အော်ငေါက်ပြီးခိုင်းတာ၊ လက်ပါခြေပါတာမျိုးတော့မရှိဘူး။ ဒါပေမယ့် ပြန်ပြောလို့တော့ မရဘူးလေ။ ကိုယ့်ထက်အကြီးအကဲတွေဆိုတော့လေ။ သူတို့ခိုင်းတဲ့အတိုင်းလုပ်ရတာပေါ့။

မေး – သတ်မှတ်ထားတဲ့အလုပ်ချိန်က ဘယ်အချိန်ကနေ ဘယ်အချိန်ထိလဲ။

ဖြေ – မနက် ၈ နာရီကန ၁၁ နာရီ၊ ညနေပိုင်းဆိုရင်တော့ ၁ နာရီကနေ ၄ နာရီထိ။

မေး – အခုအလင်းဝင်လာပြီးနောက်ပိုင်း ဘာဆက်လုပ်မယ်တွေးထားလဲ။

ဖြေ – ကျနော်ကထိုင်းကိုသွားချင်တယ်၊ ကျနော့်အကိုကျောင်းဆရာတစ်ယောက် CDMလုပ်ပြီး ထိုင်းကို ရောက်နေတာရှိတယ်။ ကျနော့်မှာက ဆယ်တန်းအောင်လက်မှတ်တို့ မှတ်ပုံတင်တို့ မပါလာခဲ့ဘူး။ အဲဒါတွေမပါလာခဲ့ဘူးဆိုတော့ အဖေ၊ အမေကလည်း နိုင်ငံရေးကောင်းမှ မှတ်ပုံတင်လုပ်ပြီးသွား၊ အဲ့လိုတွေပြောတယ်။

မေး – ထိုင်းမထွက်ခင်စပ်ကြားအခြေနေမှာ ဘာဆက်လုပ်မယ်တွေးထားလဲ။

ဖြေ – တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးမယ်ပေါ့။ အဲလိုပေါ့။ ကိုယ်လုပ်နိုင်တဲ့ဟာကို သိသလောက်မှတ်သလောက် ကူညီမယ်ပေါ့။

မေး – လက်နက်ကိုင်ပြီးပြန်တိုက်မယ်ဆိုတဲ့အတွေးကောရှိလား။

ဖြေ – အဲလိုမျိုးတော့မရှိဘူး။ လက်နက်ကိုင်ရတာ မကြိုက်ဘူး။ အနောက်ကနေပဲ ပံ့ပိုးပေးမယ်၊ အဲလိုပေါ့။

မေး – ဒါဆိုဘာဖြစ်လို့ တပ်ထဲဝင်ဖြစ်ခဲ့တာလဲ။

ဖြေ – သင်္ဘောစီးချင်လို့။

မေး – တစ်နိုင်ငံလုံးက CDM မလုပ်သေးတဲ့ရဲဘော်တွေကို ဘာပြောချင်လဲ။

ဖြေ – အထဲမှာနေလို့အဆင်ပြေတယ်ထင်ရင်နေကြပေါ့။ နေရတာ အဆင်မပြေဘူး၊ ငြီးငွေ့လာပြီ။ စိတ်ပျက်နေပြီဆိုရင် ထွက်ပြေးကြပေါ့။ ထိုင်းသွားမယ်ဆိုလည်းသွား၊ CDMလုပ်မယ်ဆိုလည်းလုပ်၊ ကိုယ်ကြိုက်တဲ့လမ်းကိုရွေးပြီးလျှောက်ကြဖို့ပေါ့။ အဓိကကတော့ ကိုယ့်စိတ်ပေါ့။ ကိုယ့်စိတ်နဲ့ကိုယ် ရွေးချယ်ခွင့်ရှိတယ်။

မေး – အခုလိုအလင်းဝင်လာတာ မိသားစုရဲ့လုံခြုံရေးကရော ဘယ်လိုရှိလဲ။

ဖြေ – သူတို့ပြောတာတော့ ကျနော်တို့ရွာကို စစ်ကြောင်းမလာဘူးလို့တော့ပြောတာပဲ။ ရွာကို စစ်ကြောင်းလာရင်တော့ သိတယ်လေ။ အဆင်မပြေဘူးဆိုရင်တော့ လုံခြုံတဲ့နေရာမှာခေါ်ထားရမှာပေါ့။ စစ်ကြောင်းဝင်ရင်တော့ ဘယ်သူကမှအတွေ့မခံဘူး အကုန်ပြေးကြတာပါပဲ။ ပြေးလို့ပဲ အဆင်မပြေဘူးဆိုရင် လုံခြုံတဲ့နေရာမှာ‌တော့ ခေါ်ထားရမှာပေါ့။ သူတို့လာရင် ခွေးမြင်ရင်ခွေးပစ်တယ်၊ လူမြင်ရင်လူပစ်တယ်ဆိုတော့ အဲလိုပဲပြေးကြတာပဲ။ အဲလိုပဲ လုပ်ကိုင်စားသောက်နေကြရတာဆိုတော့။

မေး – တပ်ကထွက်လာပြီး အလင်းဝင်တာ ဘယ်နရက်ကြာလဲ။

ဖြေ – နိုဝင်ဘာ၁၄ ရက်နေ့ကနေ ၂၃ ရက်နေ့ထိခွင့်ယူခဲ့တယ်။ ၁၉ ရက်နဲ့ ၂၀ ရက်နေ့မှာ PDF ဆီ ဆက်သွယ်ပြီး အလင်းဝင်တယ်။

မေး – တပ်မှာ အလင်းဝင်တာ ရှိဖူးလား။

ဖြေ – အလုပ်ဝင်တာ ၃ လလောက်ပဲရှိသေးတာဆိုတော့ အရင်ကအခြေအနေကိုတော့ သေချာမပြောတတ်ဘူး။

The Tanintharyi Times