စစ်ကောင်စီရဲတပ်ဖွဲ့ ကို တရုတ်ကယွမ်ငါးသန်း ထောက်ပံ့မယ်လို့ဆို
စစ်ကောင်စီရဲတပ်ဖွဲ့ ကို တရုတ်ကယွမ်ငါးသန်း ထောက်ပံ့မယ်လို့ဆို
မြန်မာနိုင်ငံက အရပ်သားပြည်သူတွေကို အကြမ်းဖက်၊ဖိနှိပ်နေပြီး ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ နိုင်ငံတကာမှာ ဝေဖန်ခံနေရတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ကို တရုတ်အစိုးရက ယွမ်ငါးသန်းထောက်ပံ့မယ်လို့ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းဌာနတွေက ဖော်ပြပါတယ်။
တရုတ်နိုင်ငံတော်ကောင်စီဝင် ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong နဲ့ စစ်ကောင်စီပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး တို့ ဟာ ကြာသာပတေးနေ့ က တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံမှု မှာ မြန်မာရဲတပ်ဖွဲ့ကို ယွမ်ငါးသန်း တန်ဖိုးရှိတဲ့ အကူအညီတွေပေးအပ်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ထုတ် သတင်းစာတွေက ဖော်ပြပါတယ်။
စစ်ကောင်စီပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဟာ ဧပြီ (၂၄) ရက် ကနေပြီး (၂၉) ရက်အထိ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာနရဲ့ ဖိတ်ကြားချက်နဲ့ ဘေးဂျင်းမြို့ကို ရောက်ရှိနေတယ်လို့သိရပါတယ်။
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ အွန်လိုင်းငွေကြေးလိမ်လည်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်နေတဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်း ရေးအတွက် အဓိကဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
တရုတ် နိုင်ငံပိုင်သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေ ထဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ယွမ်ငွေ ငါးသန်းထောက်ပံ့ ပေးအပ်မယ့် အကြောင်း မဖော်ပြသေးပါဘူး။
အွန်လိုင်းငွေကြေးလိမ်လည်မှု ရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွင်းရာမှာ မြန်မာစစ်အစိုးရ ရဲ့ ပူးပေါင်းအားထုတ်မှုကြောင့် အထင်ကရအောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong ကပြောဆိုခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနကဖော်ပြထားပါတယ်။
ဒါ့အပြင် တရားဥပဒေစိုးမိုးရေး နဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရေး တရုတ်အစိုးရ က မြန်မာနိုင်ငံနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ လည်း Wang Xiaohong ပြောဆိုခဲ့ပါတယ်။
လောင်းကစား၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ တခြား နယ်စပ်ဖြတ်ကျော်မှုခင်းတွေ တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမှာဖြစ်ကြောင်း သဘောတူခဲ့တယ်လို့ တရုတ်အစိုးရ ဘက်ကထုတ်ပြန်ထားပါတယ်။
Connect Burma
The Tanintharyi Times
