အွန်လိုင်း လိမ်ညာမှုကျူးလွန်တယ်လို့ သံသယရှိသူ သုံးသောင်းကျော်ကို တရုတ်နိုင်ငံလွှဲပြောင်းပေး
အွန်လိုင်း လိမ်ညာမှုကျူးလွန်တယ်လို့ သံသယရှိသူ သုံးသောင်းကျော်ကို တရုတ်နိုင်ငံလွှဲပြောင်းပေး
မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ အခြေစိုက်ပြီး တရုတ်နိုင်ငံသားတွေကို ထိခိုက်နစ်နာစေတဲ့ ဆက်သွယ်ရေးလိမ်လည်မှုတွေကို ဖြိုခွင်းရာမှာဖမ်းဆီးထိန်းသိမ်းခံရတဲ့ သံသယရှိသူ သုံးသောင်းကျော်ကို မြန်မာကနေ တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မနေ့က ပြောပါတယ်။
လွဲပြောင်းခံရတဲ့ သံသယရှိသူ ၃၁,၀၀၀ ထဲမှာ ဘယ်နိုင်ငံသားတွေပါဝင်တယ်ဆိုတာကိုတော့ မသိရပါဘူး။
လွဲပြောင်းပေးခံရသူတွေထဲမှာ လိမ်လည်မှုနောက်ကွယ်က ရင်းနှီးမြှုပ်နှံသူ၊ အဖွဲ့ခေါင်းဆောင်၊ အမာခံအဖွဲ့ဝင် ၆၃ ဦးနဲ့ အွန် လိုင်း တရားခံပြေး ၁,၅၃၁ ဦး ပါဝင်ခဲ့တဲ့အတွက် ပြစ်မှုတိုက်ဖျက်ရေးရလဒ် သိသာထင်ရှားတဲ့ အောင်မြင်မှု ရရှိခဲ့တယ်လို့ တရုတ်သတင်းဌာနဆင်ဟွာက ရေးသားထားပါတယ်။
တရုတ်က အရင်လကတည်း လန်ချန်းက ကုန်စည်ပြပွဲကိုတက်ရောက်လာတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးကို ဖမ်းဆီးခဲ့သလို ဝတပ်ဖွဲ့က အရာရှိနှစ်ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။ တရုတ်ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့် ဒေသရှိ မြီကော် ဖျင်း၊ မြီကျွီလန်နဲ့ မြီကျိန်းကျိန်း တို့ကို မကြာခင်ကပဲ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မြီရှောက်ချန်း ကကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းမြောက်ဒေသမှာ အွန်လိုင်းငွေလိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး တရားမဝင် ဝင်ရောက်နေထိုင်နေသူတွေကို ရှာဖွေဖော်ထုတ်၊ ဖမ်းဆီးပြီး လွဲပြောင်းတာတွေ လုပ်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရက မနေ့ကထုတ်ပြန်ပါတယ်။ ဒါ့အပြင် အရင်လ ၃၁ ရက်ကနေ မနေ့က အထိ ၃၉၁၈ ဦး လွဲပြောင်းပေးထားတယ်လို့ ဆိုပါတယ်။
ဆက်သွယ်ရေး လိမ်လည်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တိုက်ဖျက်ရေးအတွက် စစ် ကောင်စီကို တရုတ်နိုင်ငံအစိုးရက ဖိအားပေးပြောဆိုခဲ့သလို မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ကလည်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ တိုက်ဖျက်ရေး ပါဝင်တဲ့“၁၀၂၇ စစ်ဆင်ရေး” ကို ဖော်ဆောင်နေပါတယ်။
စစ်ကောင်စီပြောခွင့်ရကတော့ အဆိုပါ စစ်ဆင်ရေးကို “သူတို့လိုချင်တာက နှစ်နိုင်ငံဆက်ဆံရေးပျက်ပြားပြီး မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ပျက်စီးစေရေးရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာ” လို့ ဝေဖန်ပါတယ်။

အခုလက စပြီး ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုတွေကို တွန်းအားပေးဆောင်ရွက်ဖို့အတွက် တရုတ်ပြည်သူ့လုံခြုံရေးဌာနက တရုတ်-မြန်မာ ရဲဘက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တစ်ဆင့်တိုးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာကနေ လွဲပြောင်းခဲ့သူတွေကို တရုတ်ရဲ့ ပြစ်မှုဆိုင်ရာ ဒေသပြည်သူ့လုံခြုံရေးဌာနတွေက ထိန်းသိမ်းခေါ်ဆောင်သွားပြီး ပြစ်မှုတွေကို စစ်ဆေးကာ ဥပဒေနဲ့ အညီ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးသွားမယ်လို့လည်း ဆင်ဟွာက ဖော်ပြပါတယ်။
The Tanintharyi Times
