မြန်မာအရေး နဲ့ပတ်သက်ပြီး ထိုင်းအစိုးရ ပြန်သုံးသပ်ရမယ့် ကိစ္စရပ်တွေ

မြန်မာအရေး နဲ့ပတ်သက်ပြီး ထိုင်းအစိုးရ ပြန်သုံးသပ်ရမယ့် ကိစ္စရပ်တွေ

ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံ (စစ်ကောင်စီ) အတွက် ပေးအပ်နေတဲ့ အကူအညီတွေနဲ့ နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စရပ်တွေကို ပြန်လည်စဉ်းစားသုံးသပ်ရမယ့် အချိန်ကျရောက်နေပါပြီ။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ဒီမိုကရေစီတော်လှန်ရေး အင်အားစုတွေ ဟာ ပြီးခဲ့တဲ့လ က ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု ဟာ ထိုင်းအစိုးရကို လှုပ်နှိုးလိုက်သလိုပါပဲ။

ခြွင်းချက်အနေနဲ့ ကရင်အမျိုးသားတပ်မတော် (KNA) (ယခင်ကရင်ပြည်နယ် နယ်ခြားစောင့်တပ်)ရဲ့ အကူအညီတွေကြောင့်သာ မြန်မာစစ်တပ်ဟာ မြဝတီမြို့ နဲ့ အနီးအနားက တပ်စခန်းတွေကို ပြန်လည်ရရှိ ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီဖြစ်ရပ်ဟာ မြန်မာ စစ်အာဏာရှင်တွေကို သူတို့ရဲ့ နယ်မြေတွေ အာမခံချက်မရှိတော့ကြောင်း မီးမောင်းထိုးပြခဲ့တာလည်းဖြစ်ပါတယ်။

အလားတူ တရုတ်နယ်စပ်က ကချင်ပြည်နယ် နဲ့ ရှမ်းပြည်(မြောက်ပိုင်း) ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယနိုင်ငံ နယ်စပ်က ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ် ၊ ထိုင်းနယ်စပ်က ကရင်နီပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ မှာ စစ်ကောင်စီ ရဲ့တပ်စခန်းအများအပြား သိမ်းပိုက်ခံခဲ့ရပါတယ်။

တချို့ စစ်ကောင်စီ တပ်စခန်းတွေဟာ တပ်ရင်းအလိုက် စခန်းစွန့်ခွာထွက်ပြေးတာ ၊ ဒါမှမဟုတ် လက်နက်ချအညံ့ခံတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ၂၄၁၆ ကီလိုမီတာ ထိရှည်လျားတဲ့ နယ်စပ်မျဉ်း ထိစပ်နေပါတယ်။ လက်ရှိအခြေအနေမှာ ရှည်လျားလှတဲ့ နယ်စပ်မျဉ်းတစ်လျှောက်က ဒေသအများအပြားဟာ တော်လှန်ရေး အင်အားစုတွေ ရဲ့ လက်ထဲရောက်ရှိနေပါပြီ။ အဲ့ဒီနေရာတွေကို မြန်မာစစ်တပ် က ပြန်လည်ရရှိဖို့ ဆိုတာလည်း အလားအလာ မရှိသလောက်ပါပဲ။

ထိုင်း နဲ့ အိမ်နီးချင်းဖြစ်တဲ့ ကရင်နီပြည်နယ် မှာ စစ်ကောင်စီ ရဲ့ နယ်မြေတွေ အများအပြားဆုံးရှုံးနေပြီး မြို့ပြ တွေကိုပါ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF စတဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေက ထိန်းချုပ်ထားပါတယ်။

ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဟာ ထိုင်း နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတစ်လုံးနီးပါးနဲ့ နယ်စပ်အဝင်အထွက် တွေကို ပါထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။

ကရင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းက ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေကို တော်လှန်ရေးအဖွဲ့ ပိုမိုထိန်းချုပ်နိုင်မယ့် အလားအလာတွေ လည်းရှိနေပါတယ်။ မြန်မာနိုင်ငံက သက်တမ်းအကြာရှည်ဆုံး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်အမျိုးအသားအစည်းအရုံး KNU ဟာ မြဝတီ မြို့က ဆုတ်ခွာပေးခဲ့ရသည့်တိုင် မြဝတီမြို့မြောက်ဘက် ထိုင်း နယ်စပ်အနီးမှာရှိတဲ့ ဖာပွန်မြို့ ကို သိမ်းပိုက်ထားတဲ့ အပြင် တနင်္သာရီတိုင်း ထီးခီးနယ်စပ်က စစ်ကောင်စီနယ်မြေတွေကိုလည်း ကိုသိမ်းပိုက်ထားနိုင်ပါတယ်။

သမိုင်းအစဉ်အလာအရ စစ်အစိုးရ ရဲ့ ထိန်းချုပ်မြေတွေ ဆုံးရှုံးမှုဟာ ထိုင်း- မြန်မာ ထိတွေ့ဆက်ဆံမှုကို ပြောင်းလဲစေတဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ် နှောင်းပိုင်းထိ ထိုင်းအစိုးရအဆက်ဆက်ဟာ မြန်မာတိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တွေ နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို အန္တရာယ်ရှိတဲ့ အစိုးရလို့ ရှုမြင်တဲ့ ထိုင်းခေါင်းဆောင်တွေဟာ လူမျိုးစု တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကြားခံ ဆက်ဆံရေးထူထောင်ထားဖို့ အလိုရှိခဲ့ကြတာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်အလွန်နှစ်တွေမှာ မြန်မာနိုင်ငံဟာ ဆိုရှယ်လစ်စနစ်ကနေ စျေးကွက်စီးပွားရေး စနစ်ဆီပြောင်းလဲ လာတဲ့ အခါမှာတော့ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ် ချာတီချိုင်း ချွန်ဟာဝမ် (Chatichai Choonhavan) ဟာ ယခင်စစ်မြေပြင်ဖြစ်ခဲ့တဲ့နယ်စပ်ဒေသတွေကို ထိုင်းရဲ့ စျေးကွက်သစ် အဖြစ်ပြောင်းလဲမယ့် အစီအစဉ်စတင်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း ထိုင်း- မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေ တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီး ထိုင်း ကုန်စည်စျေးကွက်တစ်ခုဖြစ်ပြောင်းလဲ လာပါတော့တယ်။ အဲ့ဒီအချိန်ကစလို့ ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်မှု ၅၀၀ ရာခိုင်နှုန်း အထိ ထိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေမှာ ထိုင်းအစိုးရ အနေနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရှည်လျားစွာထိစပ်နေတဲ့ ထိုင်း -မြန်မာ နယ်စပ်မျဉ်းတစ်လျောက်ဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေ ရဲ့ မိုက်မဲတဲ့ အာဏာသိမ်းမှုနဲ့အတူ စစ်မြေပြင်အဖြစ်ပြန်လည်ရောက်ရှိလာပါတယ်။

ဘန်ကောက်အခြေစိုက်အစိုးရ အနေနဲ့ လက်ရှိ အခြေအနေသစ်ကို အမှန်မြင်ဖို့ လိုအပ်နေပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေ နဲ့ လိုက်လျောညီထွေဖြစ်အောင် မူဝါဒတွေချမှတ်ဖို့လိုနေပါပြီ။

တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ နဲ့ ၂၀၂၁ အာဏာသိမ်းမှု ကြောင့်ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ သစ်တွေဟာ နယ်စပ်ဒေသတလျောက်ကို ပိုမိုဩဇာလွှမ်းမိုးလာနိုင်ပြီး မြန်မာစစ်တပ်ရဲ့ အင်အားချိနဲ့လာတာ ထိုင်းအစိုးရအနေနဲ့ ကို အခြေအနေမှန်အတိုင်း ရှုမြင်ရမှာပါ။

ဘန်ကောက်အခြေစိုက် အစိုးရအနေနဲ့ နယ်စပ်ဒေသတစ်လျှောက် အခြေစိုက်ထားတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေ နဲ့ ထိတွေ့ဆက်ဆံမှု လုပ်ဆောင်ဖို့လိုအပ်သလို ၂၀၂၁ အာဏာသိမ်းမှုကို ဆန်ကျင်ရာကပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစု အသစ်တွေ နဲ့ပါ ဆက်ဆံရေး ထူထောင်ဖို့ လိုအပ်ပါတယ်။

ထိုင်းအစိုးရမှာ ရွေးချယ်မှု အနည်းငယ်သာရှိတော့ပြီး အဲ့ဒါကတော့ ဒီအဖွဲ့ တွေနဲ့ ကုန်သွယ်မှု နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေ ဆက်လုပ်ဖို့ပဲဖြစ်ပါတယ်။

မြဝတီမှာ တိုက်ပွဲမပြင်းထန်မီ ရက်သတ္တပတ်အနည်းငယ်က ထိုင်းအစိုးရဟာ ကရင်ပြည်နယ်က လူပေါင်း ၂၀၀၀၀ ခန့်ကို “လူသားချင်းစာနာထောက်ထားမှု စင်္ကြံ” ရှေ့ပြေးစီမံကိန်း အနေနဲ့ ထောက်ပံ့ ခဲ့ပါတယ်။ ဒီအစီအစဉ်ကို ထိုင်းနိုင်ငံ ကြက်ခြေနီ အသင်း နဲ့ မြန်မာနိုင်ငံကြက်ခြေ နီအသင်းတို့ ချိတ်ဆက်လုပ်ဆောင်ခဲ့တာပါ။

မြန်မာကြက်ခြေနီအသင်း စစ်ကောင်စီလက်အောက်က အဖွဲ့အစည်းတစ်ခု ဖြစ်နေတာကြောင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က ကန့်ကွက်မှုတွေနဲ့လည်းကြုံတွေ့ခဲ့ရပါတယ်။

အဲ့ဒီအကူအညီတွေထဲက တချို့ကို KNU ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကျေးရွာသုံးရွာကို ပို့ဆောင်ခဲ့ပေမယ့် ပို့ခါနီးနောက်ဆုံးမိနစ်ရောက်မှသာ KNU ကို အသိပေးခဲ့တာဖြစ်ပါတယ်။

ဒါတောင် ကြက်ခြေနီ အသင်းက တာဝန်ရှိသူတွေဟာ အဲ့ဒီကူညီထောက်ပံ့ပေးရေး ပစ္စည်းတွေပို့ဆောင်ခါနီး မှာ မြန်မာစစ်တပ်က တာဝန်ရှိသူတွေ ရဲ့ ဝါဒဖြန့်ချရေး အတွက်ဓာတ်ပုံတွဲရိုက်ပေးခဲ့ပါတယ်။

ဓာတ်ပုံတစ်ပုံမှာဆိုရင် မြန်မာစစ်တပ်ရဲ့ အရာရှိ နှစ်ယောက်နဲ့ ကြက်ခြေနီအသင်းက တာဝန်ရှိသူတွေ၊ ထိုင်းအစိုးရရဲ့ အထောက်အပံ့ အကူအညီပစ္စည်းတွေ နဲ့ အတူ ထောက်ပံ့ပေးရမယ့် စစ်ဘေးဒုက္ခသည်တွေ ရှိရာ ကျေးရွာတွေ အထိ လိုက်ပါသွားတာတွေ့ရပါတယ်။

မြန်မာစစ်တပ် အရာရှိတွေ ဟာ စစ်ဘေးရှောင် ဒုက္ခသည်တွေကို သူတို့ အကူအညီပေးသယောင် ဝါဒဖြန့်ချိ ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လည်း မြန်မာနိုင်ငံမှာ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေ ဖြစ်ပေါ်စေဖို့ မြန်မာစစ်တပ်က လုပ်ဆောင်နေတယ်ဆိုတာကို ဒီအခြေအနေမှာ ဘယ်သူမှသံသယ မဖြစ်တော့ပါဘူး။

တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို စားနပ်ရိက္ခာ အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဖြတ်တောက်တာဟာ မြန်မာစစ်တပ်က ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးနေတဲ့ စစ်ဗျူဟာတစ်ခုဖြစ်ပါတယ်။

နေပြည်တော်မှာရုံးထိုင်နေတဲ့ ကုလသမဂ္ဂ ဦးဆောင်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဟာ လည်း စစ်ဘေးသင့်နေတဲ့ ပြည်သူတွေဆီ မရောက်သလောက်နည်းပါးခဲ့တာဖြစ်ပါတယ်။

တကယ်လို့များ ဘန်ကောက်အခြေစိုက် အစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံကို နိုင်ငံတကာ အထောက်အပံ့တွေ နဲ့ ပီပီပြင်ပြင်အကောင်အထည်ဖော်ချင်ရင် စဉ်းစားချဉ်းကပ်ပုံတွေ ပြောင်းပစ်ရမှာဖြစ်ပါတယ်။

ထိုင်း - မြန်မာ နယ်စပ်ဒေသတစ်လျှောက်မှာ လူသားချင်းစာနာထောက်မှု အကူအညီလိုအပ်မှု က ကြီးမားပါတယ်။ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်း စတဲ့မြန်မာ နိုင်ငံအရှေ့တောင်ဘက်ခြမ်းမှာ စစ်ဘေးဒုက္ခသည် ကိုးသိန်းနီးပါး ရှိနေတာဖြစ်ပါတယ်။

စစ်ဘေးရှောင် ပြည်သူတွေဟာ စားနပ်ရိက္ခာ၊ အမိုးအကာ နဲ့ သောက်သုံးရေတို့အပြင် ကျန်းမာရေး၊ ပညာရေး နဲ့ အခြားဝန်ဆောင်မှုတွေ ပြတ်လပ်မှုဒဏ်ကို ခံစားနေကြရပါတယ်။

သို့သော်လည်း သူတို့ကို အကူအညီပေးဖို့ အတွက် ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေ ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်ရာ အဖွဲ့တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း အနည်းငယ် သာရှိနေပါတယ်။

အဲ့ဒီလို လိုအပ်ချက်ကြီးမားနေတဲ့ လူမှုအသိုက်အဝန်းထံရောက်ရှိစေဖို့ ထိုင်းအစိုးရ ရဲ့ လူသားချင်းစာနာထောက်ထားမှု စင်္ကြံ စီမံကိန်း က လုပ်ဆောင်သင့်ပါတယ်။

အမှန်တကယ် ဒုက္ခရောက်နေသူတွေ ကူညီပေးနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နယ်စပ်အခြေစိုက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။

ထိုင်း အစိုးရအနေနဲ့ နယ်စပ်ဒေသတစ်လျှောက်မှာ မြန်မာ စစ်တပ်ရဲ့ အခန်းကဏ္ဍမရှိတော့ဘူးဆိုတဲ့ အချက်ကို နားလည်လက်ခံဖို့ လိုအပ်ပြီး လူသားချင်းစာနာထောက်ထားမှု စင်္ကြ့စီမံကိန်းကို ဒီဇိုင်း အသစ်ပြန်လည်ရေးဆွဲကာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုရှိဖို့ ကြိုးပမ်းသင့်ပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းစဉ်ဟာ မြန်မာအရေး အတွက် အစိတ်အပိုင်း တစ်ခုမျှသာဖြစ်ပါတယ်။ အဲ့ဒါထက်ပိုအရေးကြီးတဲ့ အချက်ကတော့ မြန်မာစစ်တပ် ထိန်းချုပ်မှု ပြင်ပ မှာရှိနေပြီး ကုန်ပစ္စည်းနဲ့ စားနပ်ရိက္ခာဖြတ်တောက်ခံထားရတဲ့ လူမှုအသိုက်အဝန်းနဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုခံနေရတဲ့ ပြည်သူအများစုထံ ကိုပါ ကုန်ပစ္စည်းတွေ သင့်လျော်စျေးနှုန်း နဲ့ ရောက်ရှိစေဖို့ ဖြစ်ပါတယ်။

ထိုင်းအစိုးရ အနေနဲ့ ဒီကိစ္စ ကိုဖြေရှင်းဖို့ အတွက် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ နဲ့ ချိတ်ဆက်ဆောင်ရွက်မယ့် နယ်စပ်ကုန်သွယ်ရေး စျေးကွက်သစ်တစ်ခု ဖန်တီးဖို့လည်းလိုအပ်ပါတယ်။

၂၀၂၄ ခုနှစ်မတ်လ က ထွက်ပေါ်လာတဲ့စျေးကွက်ဆိုင်ရာ သုံးသပ်ချက်တွေ အရ မြန်မာနိုင်ငံအရှေ့တောင်ဘက်ခြမ်းဒေတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားသောက်ကုန် နဲ့ လူသုံးကုန်စျေးနှုန်းတွေ ဟာ ၄၀ ရာခိုင်နှုန်း ကနေ ၇၀ ရာခိုင်နှုန်းထိ မြှင့်တက်နေတာဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှု နှုန်းဟာလည်း ပြည်မက မြို့ကြီးတွေထက် ပိုမြင့်မားနေတယ်လို့ သိရပါတယ်။

ထိုင်းအစိုးရ အနေနဲ့ လက်ရှိအချိန်မှာ နယ်စပ်ဒေသတွေကို ထိန်းချုပ်လာနိုင်တဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းတွေ ၊ ၂၀၂၁ အာဏာသိမ်းမှု နဲ့ အတူပေါ်လာတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ နဲ့ တရားဝင် နယ်စပ် ကုန်သွယ်ရေး ဈေးကွက်တစ်ခု ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။

ဒါမှသာ အဲ့ဒီဒေသတွေမှာနေထိုင်တဲ့ ပြည်သူတွေဆီ ထိုက်သင့်တဲ့ စျေးနှုန်းနဲ့ ကုန်စည်တွေ ရောက်ရှိမှာဖြစ်ပါတယ်။ လက်ရှိ အကန့်အသတ်နဲ့ ခွင့်ပြုထားတဲ့ တရားမဝင် ကုန်စည်ကူးသန်းမှုတွေက အထောက်အကူဖြစ်ပေမယ့် နောက်ပိုင်းမှာ ယာယီ ကုန်သွယ်ရေးဂိတ်တွေ ဖွင့်လှစ်ဖို့ လိုအပ်ပါတယ်။

မြဝတီ မြို့ကို စစ်တပ်က လက်လွှတ်ခဲ့ရတဲ့ ဥပမာ ဟာ ထိုင်းမြန်မာနယ်စပ်ဒေသတစ်လျောက် မြန်မာ စစ်တပ်ရဲ့ လွှမ်းမိုးမှုယုတ်လျော့လာကိုပြသနေတာဖြစ်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ မြန်မာအရေး နဲ့ ပတ်သက်ပြီး ချဉ်းကပ်မှုအသစ်တွေ လုပ်ဆောင်ဖို့ အချိန်တန်ပြီဖြစ်ပါတယ်။

(သတင်းစာဆရာ နဲ့ အယ်ဒီတာဟောင်းဖြစ်တဲ့ Thomas Kean က ဘန်ကောက်ပို့စ် သတင်းဌာန ရေးသားဖော်ပြထားတဲ့ Time for Myanmar aid, trade rethink? ကို မြန်မာစာဖတ်သူတွေ သတိချပ်မိစေဖို့ ဆီလျော်အောင်ဘာသာပြန်ထားပါတယ်။ Thomas Kean ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ထိ ရန်ကုန်မြို့မှာ နေထိုင်ခဲ့တဲ့ သတင်းစာဆရာတစ်ဦးဖြစ်ပြီး လက်ရှိမှာ International Crisis Group (ICG) မှာ အကြီးတန်းအတိုင်ပင်ခံအဖြစ်ဆောင်ရွက်နေပါတယ်။)

(ယခုဘာသာပြန်ဆောင်းပါး ကို Connect Burma သတင်းခန်း နှင့် The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times