ကလိန်အောင်တံတား စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ က လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်

ကလိန်အောင်တံတား စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ က လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်

ကလိန်အောင်မြို့ပေါ် ရပ်ကွက်တွေ နဲ့ ကျေးရွာနှစ်ရွာက ဒေသခံတွေ တိမ်းရှောင်နေရ

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အဝင်က တံတားမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေး ဂိတ်တိုက်ခိုက်ခံရပြီး နောက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

တံတားမှာရှိတဲ့စစ်ကောင်စီစစ်ဆေးရေးဂိတ်က တပ်သားတွေကို ဒီကနေ့မနက် ၅ နာရီလောက်က ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကော်သူးလေအာမီတပ်(KTLA)တို့ ပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက ဆိုပါတယ်။

“ရဲဘော်တွေဘက်က ငါးချက်လောက်ပဲဝင်ပစ်တာ။ စစ်ကောင်စီဘက်က ပစ်တာက ဆိုင်းသံဗုံသံ တွေလိုမျိုးကိုဖြစ်နေတယ်။ နားကိုအူတယ်။” လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အဲဒီလိုပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ(၄၀၈)၊ ခမရ (၄၀၉)နဲ့ ခမရ(၄၁၀) တပ်ရင်းတွေကနေ လက်နက်ကြီးတရစပ်ပစ်ခတ်ခဲ့တာကြောင့် ကလိန်အောင်မြို့ ရပ်ကွက်လေးခုစလုံး မှာနေထိုင်တဲ့ပြည်သူတွေနဲ့ မိကျောင်းလှောင်းရွာ၊ ကျောက်ရှပ်ကျေးရွာတွေ က ဒေသခံတွေပါ ရွာလုံးကျွတ်ထွက်ပြေးတိမ်း ရှောင်နေကြရ တယ်လို့ သိရပါတယ်။

ကလိန်အောင်မြို့ပေါ်မှာ ရပ်ကွက်လေးခု ရှိပြီး အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ် (၃)ရပ်ကွက် နဲ့ အမှတ်(၄) ရပ်ကွက်တို့ဖြစ်ပါတယ်။ အဲ့ဒီရပ်ကွက် လေးခုလုံးက ဒေသခံတွေ ပါ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တိမ်းရှောင်နေရတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

“လက်နက်ကြီး(ကျည်)ကလည်း ကျချင်တဲ့နေရာကျ ပစ်ချင်တဲ့အချိန်ထပစ်နေတော့ ရွာမှာဘယ်သူမှမနေရဲကြတော့ဘူး။ အဓိက လက်နက်ကြီး(ကျည်)ထိမှာစိုးပြီးပြေးနေကြရတာ။” လို့ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျေးရွာတွေထဲကက ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလ ၇ ရက်နေ့ကတည်းကစပြီး ဒီကနေ့အထိ ကျောက်ရှပ်ရွာ၊ မိကျောင်းလှောင်းရွာအနီးတဝိုက်မှာ သွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေ ရက်ဆက်နီးပါပစ်ခတ်ခံရပြီး မကြာခဏဆိုသလို နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားနေပါတယ်။

မနေ့ညနေကလည်း ကလိန်အောင်မြို့အခြေစိုက် ခလရ(၂၈၂) တပ်ရင်းကို တော်လှန်ရေးအင်အားစုတွေဘက်ကဝင်ရောက်ပစ်ခတ်ခဲ့လို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့သေးတယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။

ရက်ဆက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလိန်အောင်မြို့အမှတ်(၃)ရပ်ကွက်က အဘွားအိုတစ်ဦး၊ နေအိမ်သုံးဆောင်နဲ့သုံးဘီးတစ်စီး၊ ကျောက်ရှပ်ရွာကနေအိမ်နှစ်ဆောင်၊ မိကျောင်းလှောင်းရွာက ဥယာဉ်ခြံတစ်ခြံ တို့ထိခိုက်၊ ပျက်စီးခဲ့ပါတယ်။

အဲဒီလို ထိခိုက်ပျက်စီးတွေရှိနေတာကြောင့် လက်နက်ကြီးကျည်အန္တရာယ်စိုးရိမ်ပြီး အခုလ ဒုတိယအပတ်ကတည်းကနေ ကလိန်အောင်၊ မိကျောင်းလှောင်း၊ ကျောက်ရှပ်ရွာတွေက အိမ်ထောင်စုရာချီ ပြောင်းရွှေ့နေကြပါတယ်။

အဆိုပါစစ်ဘေးရှောင်တွေနေရပ်မပြန်နိုင်ခင်မှာပဲ ဒီကနေ့မနက်ကဖြစ်တဲ့ပစ်ခတ်မှုကြောင့် လုံခြုံရေးပိုစိုးရိမ်ကာ မိကျောင်းလှောင်းနဲ့ကလိန်အောင်မြို့ပေါ်ရပ်ကွက်လေးခုမှာ ကျန်ရှိနေတဲ့ပြည်သူတွေ ရွာလုံးကျွတ်ပြောင်းရွှေ့နေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အလုံးရေတော့အတိအကျမပြောတတ်ပေမယ့် ရှေ့ရက်တွေကထက်ပိုများတယ်။ ကိုယ့်ခေါင်းပေါ်ကျနေ သလားအောက်မေ့ရတယ်။ ဘယ်သူကရွာထဲနေရဲတော့မလဲ။” လို့ ကလိန်အောင်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုအတွင်း နေအိမ်၊ အဆောက်အဦထိခိုက်ပျက်စီးတာတွေရှိနေတယ်လို့ကနဦးသိရပြီး အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

အလားတူ သရက်ချောင်းမြို့နယ်ထဲက ကနက်သီရိ၊ ရငဲ၊ ဂုံညှင်းဆိပ်၊ ကျွဲမင်းကုန်း၊ ကတွဲရွာတွေအပါအဝင် အနီးအနားရွာကိုးရွာခန့်က ပြည်သူထောင်ချီလည်း စစ်ကောင်စီတပ်ရဲ့ ကြဉ်း၊ ရေ၊ လေတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

The Tanintharyi Times