ကလိန်အောင်မြို့ထွေအုပ်ရုံးနဲ့ မြို့အခြေစိုက် တပ်ရင်းတစ်ခုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လုံခြုံရေးအင်အားထပ်တိုးချထား
ကလိန်အောင်မြို့ထွေအုပ်ရုံးနဲ့ မြို့အခြေစိုက် တပ်ရင်းတစ်ခုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လုံခြုံရေးအင်အားထပ်တိုးချထား
ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့က ထွေအုပ်ရုံးနဲ့ မြို့အခြေစိုက် ခမရ(၄၀၈)တပ်ရင်းတို့ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။
အခုလ ၂၁ ရက်နေ့ည ၁၁ နာရီခွဲဝန်းကျင်မှာ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်မှာရှိတဲ့ ထွေအုပ်ရုံးကို လက်နက်ကိုင်လူတစ်စုက ဝင်ရောက်မီးရှို့ခဲ့လို့ ရုံးအတွင်းမှာရှိတဲ့ စာရွက်စာတမ်းအချို့ မီးလောင်ပျက်စီးခဲ့သလို ရုံးအတွင်းပိုင်းမှာလည်း အနည်းငယ်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သတင်းပေးတွေက စကစဘက်ကို လှမ်းပြောလိုက်တာလားမသိဘူး။ ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာပဲ ဘယ်တပ်ရင်းကမှန်းမသိဘူး လက်နက်ကြီးနဲ့လှမ်းပစ်တယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်သံကိုသာ ကြားရပြီး ဘယ်ဘက်ကို ပစ်တယ်ဆိုတာကိုတော့ မသိရဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတဲ့ ကျောက်ရှပ်ရွာနဲ့ ဇင်းဘာရွာဘက်ကို ပစ်တာဖြစ်နိုင်တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
မီးရှို့ခံရတဲ့ ထွေအုပ်ရုံးဟာ စစ်ကောင်စီတပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဝန်ထမ်းတွေနဲ့ ပုံမှန်လည်ပတ်နေတဲ့ရုံးဖြစ်တယ်လို့ သိရပါတယ်။
အခုလ ၂၂ ရက်နေ့ မနက် ၃ နာရီခွဲမှာတော့ ကလိန်အောင်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၄၀၈)ကို လက်နက်ကိုင်လူတစ်စုက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“လက်လုပ်လက်နက်ကြီးကျည်တွေနဲ့ ဝင်ပစ်တာ တပ်ရင်းထဲကလူပျိုဆောင်ပေါ်ကျတယ်ကြားတယ်။ ၁၀ ဦးလောက်ဒဏ်ရာရသွားတယ်တဲ့။” လို့ တပ်တွင်းသတင်းအရင်းအမြစ်နဲ့ နီးစပ်သူ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုနှစ်ခုစလုံးကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီကနေသိရပြီး ဘယ်အဖွဲ့တွေပါဝင်တယ်ဆိုတာကိုတော့ အခုထိ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မနေ့ က ညနေပိုင်းမှာတော့ ကလိန်အောင်မြို့အဝင်လမ်းဖြစ်တဲ့ အမှတ်(၁)ရပ်ကွက်ရှိ ရန်အောင်မြေဘုရားမှာ စစ်ကောင်စီတပ်သား ၂၀ ခန့် လာရောက်တပ်စွဲနေတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်စဥ်တွေကြောင့် ကလိန်အောင်မြို့မှာ လမ်းသွားလမ်းလာနည်းပါးနေပြီး အရပ်သားထိခိုက်၊ ဖမ်းဆီးခံရတာတော့မရှိသေးဘူးလို့ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း ကလိန်အောင်မြို့အနီးတဝိုက်ရွာတွေမှာ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်နေတယ်လို့ သိရပါတယ်။
The Tanintharyi Times
