အောက်တိုဘာလ ၁၂ ရက် မနက်ခင်းသတင်း
အောက်တိုဘာလ ၁၂ ရက် မနက်ခင်းသတင်း
လူနေအိမ်တွေဘက်ကို လက်နက်ကြီးနဲ့မကြာခဏ ပစ်နေလို့ ဒေသခံတွေစိုးရိမ်နေ
လောင်းလုံးမြို့နယ်က သဲပုံတောင်မှာတပ်စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ လူနေအိမ်တွေဘက်ကို လက်နက်ကြီးတွေမကြာခဏပစ်ခတ်နေလို့ နေအိမ်ပေါ်လက်နက်ကြီးကျမှာကို ဒေသခံတွေကဆိုးရိမ်နေကြပါတယ်။
သဲပုံတောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အခုလ ၅ ရက်၊ ၆ ရက်၊ ၈ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ နေ့ရောညပ့ါ လက်နက်ကြီးအချက်ရေအများအပြားပစ်ခတ်ခဲ့ပါတယ်။
အဲဒီလက်နက်ကြီးကျည်တချို့ဟာ လောင်းလုံးမြို့နယ် မင်းရပ်ရွာက ရိပ်သာတခုနဲ့ လူနေအိမ်ခြံဝင်းတွေထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မျက်မြင်တွေ့ရတဲ့ ဒေသခံတွေက ပြောပါတယ်။
သဲပုံတောင်နဲ့အနီးတစ်ဝိုက်မှာ ညဘက် ရော်ဘာခြစ်သူတွေသုံးတဲ့ ဓာတ်မီး၊ ဆိုင်ကယ်မီးတွေကို တွေ့ရင်လည်း လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ လောင်းလုံးမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ပုလောမှာ ဆယ်ရက်အတွင်း ပြည်သူတစ်ဆယ်ကျော်ဖမ်းဆီးခံရ
ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဆယ်ရက်အတွင်း ပြည်သူ တဆယ်ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလ ၁ ရက်နေ့ကနေ ၁၀ ရက်အထိ ဖမ်းဆီးခံရသူတွေထဲမှာ လူငယ်နဲ့ အမျိုးသမီးတွေလည်း ပါဝင်ပြီး စုစုပေါင်း ၁၃ ဦးထက်မနည်း အဖမ်းခံခဲ့ရတာပါ။
အဖမ်းခံရသူတွေထဲမှာ ပလမြို့ခံ အများစုပါဝင်ပါတယ်။ ပလမြို့မှာ ဖမ်းခံရသူတွေကို အဲဒီမြို့က ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ရေဖြူနဲ့ လောင်းလုံးမြို့နယ်အစပ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းနှစ်ခု ရောက်ရှိနေ
ရေဖြူနဲ့ လောင်းလုံးမြို့နယ်အစပ်က ကျေးရွာတွေနဲ့ အနီးတစ်ဝိုက်ကတောတွေထဲကို စစ်ကောင်စီစစ်ကြောင်းနှစ်ခုက စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
ရေဖြူမြို့နယ်ဘက်ကလာတဲ့ စစ်ကြောင်းထစ်ခုနဲ့ လောင်းလုံးမြို့နယ်ဘက်က လာတဲ့ စစ်ကြောင်းတစ်ခုရောက်နေတာဖြစ်ပြီး စုစုပေါင်းအင်အား ၆၀ လောက်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ သူတို့စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာ တွေ့တဲ့ အရပ်သားတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေလည်း ရှိနေပါတယ်။
တနင်္သာရီမှာ ကိုးလအတွင်း ယာဥ်တိုက်မှုကြောင့် ၃၉ ဦး သေဆုံး
တနင်္သာရီတိုင်းမှာ အခုနှစ် ကိုးလအတွင်း ယာဥ်တိုက်မှုကြောင့် သေဆုံးသူ ၄၀ နီးပါးရှိခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကညန က ထုတ်ပြန်ပါတယ်။
အဲဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်နဲ့ ကာလတူနှိုင်းယှဥ်မယ်ဆိုရင် ပိုနည်းလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရေးပေါ်လူနာကူညီသယ်ဆောင်ရေးလုပ်ငန်းမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ တနင်္သာရီမြို့နယ်က အမျိုးသားတစ်ဦးကတော့ ယာဥ်တိုက်မှုတွေ ပိုများလာတယ်လို့ ခန့်မှန်းပြောဆိုပါတယ်။
ကညနက ထုတ်ပြန်တဲ့ ယာဥ်တိုက်မှုကြောင့်သေဆုံးသူစာရင်းထဲမှာ စစ်ကောင်စီတပ်က ကားနဲ့လိုက်တိုက်လို့ ဆိုင်ကယ်မှောက်ပြီးသေဆုံးတဲ့သူပါမပါကို မေးခွန်းထုတ်ကြသူတွေလည်း ရှိပါတယ်။
စစ်ကောင်စီပိုင်ထုတ်ကုန်တွေကို ဆန့်ကျင်ဖို့ လောင်းလုံးမှာ တိုက်တွန်း
စစ်ကောင်စီပိုင်ထုတ်ကုန်တွေကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လူထုသပိတ်လှုပ်ရှားမှုကို မနေ့က လောင်းလုံးမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်တဲ့ အဲဒီလှုပ်ရှားမှုမှာ စစ်ကောင်စီပိုင် ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူတွေဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။
The Tanintharyi Times
