ကလိန်အောင် ဒေသခံ အမျိုးသမီးတစ်ဦးကို PDF နဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်ဖမ်းဆီး

ကလိန်အောင် ဒေသခံ အမျိုးသမီးတစ်ဦးကို PDF နဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်ဖမ်းဆီး

PDF တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲပြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင် အမှတ်(၃)ရပ်ကွက်က အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖမ်းဆီးခံရသူဟာ အသက် ၃၅ နှစ်ဝန်းကျင်ရှိ မချိုဦးဖြစ်ပြီး မနေ့က ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီသတင်းပေးတွေနဲ့ စစ်သားတွေက သူ့ရဲ့နေအိမ်မှာပဲ လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူ့အိမ်က အိမ်ဆောက်ပစ္စည်းတွေရောင်းတယ်။ PDF နဲ့ ဆက်သွယ်ရှိတယ်ပြောပြီး ဖမ်းသွားတာပဲ” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

အဆိုပါအမျိုးသမီးကို စစ်ကောင်စီတဲ့ ခြေမြန်တပ်ရင်း ခမရ(၄၁၀)မှာ ဖမ်းဆီးထားပြီး စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ကလိန်အောင်မြို့မှာ အခြေစိုက်တဲ့ တပ်ရင်းတွေပြီးခဲ့တဲ့လက တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ဒေသတွင်းကင်းလှည့်စစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ်လုပ်ဆောင်လာသလို ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အချိတ်ဆက်ရှိတယ်လို့ စွပ်စွဲပြီး ကျောက်ရှပ်ရွာက ဒေသခံလေးဦးကို ဖမ်းဆီးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

The Tanintharyi Times