အာဏာရှင်တော်လှန်နေတဲ့ လူငယ်တစ်ဦးရဲ့ ခံယူချက်
အာဏာရှင်တော်လှန်နေတဲ့ လူငယ်တစ်ဦးရဲ့ ခံယူချက်
“ တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်းချက်ကြောင့်တော်လှန်ရေး ဝင်ခဲ့တာလည်း မဟုတ်လို့ ကိုယ့်ခံယူချက်နဲ့ပဲ အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အချိန်ထိ တော်လှန်ရေးအဆုံးသတ်တဲ့အထိ လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးသားပါ“
မိသားစုအရေးထက် တိုင်းပြည်ကို ဦးစားပေးနေရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များစွာထဲက တနင်္သာရီတိုင်းသား လူငယ်တစ်ဦးကို ဒီတပတ်ရဲ့ “ တောင်ပိုင်းသားတို့အသံ” ကဏ္ဍအတွက် မေးမြန်းထားပါတယ်။
အာဏာရှင်ကို တော်လှန်နေချိန်မှာ သူချစ်တဲ့ မိဘနှစ်ပါးဟာ အကြမ်းဖက်တွေရဲ့ လုပ်ရပ်ကြောင့် အိမ်နဲ့ ပိုင်ဆိုင်သမျှ ဆုံးရှုံးခဲ့ရပါတယ်။ မိဘနဲ့ ညီအကိုမောင်နှမတွေအတွက် ပူပန်သောကတွေရှိနေပေမဲ့ အာဏာရှင်တော်လှန်ရေးကနေ သူနောက်မဆုတ်သွားခဲ့ပါဘူး။ ဘယ်လိုခံယူချက်တွေနဲ့ အာဏာရှင်တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေတာပါလဲ၊ သူ့ခံယူချက်က ဘာလဲ။
(တောင်ပိုင်းသားတို့အသံ)
မေး - အိမ်မီးရှို့ခံလိုက်ရတော့ အစ်ကိုတို့ မိသားစု အခု ဘယ်လိုနေနေလဲ။
ဖြေ - ဘယ်လိုနေလဲဆိုတော့ တစ်ကွဲတစ်ပြားစီပဲဗျ။ မောင်နှမတွေ တစ်ရောက်တစ်နေရာစီပဲ။ အဖေ၊ အမေနဲ့ ညီလေးက တစ်နေရာ ကျန်တဲ့သူတွေက တစ်နေရာစီပေါ့။
မေး - အိမ်မီးရှို့ဖျက်စီးခံရတဲ့ သူတွေရဲ့ခံစားချက်ကို တခြားသူတွေ သိအောင် မျှဝေပေးပါဦး။
ဖြေ - အရင်ကတော့ တစ်ခုခုအဆင်မပြေလို့ရှိရင်အိမ်နဲ့အမေ့ကိုလွမ်းတယ်။ အိမ်ပဲ ပြန်ချင်တယ်။ နောက်တော့ ပြန်ရမဲ့အိမ်လည်း မရှိတော့ဘူး။ ပြန်တော့ပြန်ချင်တာပေါ့။ ဒါပေမဲ့ ကိုယ့်လို အိမ်ရှိရဲ့သားနဲ့ မပြန်ရတဲ့ ရဲဘော်တွေလည်း ကိုယ်နဲ့ ထပ်တူပဲ လို့ တွေးပြီး နေတာပေါ့ဗျာ။
မေး - အိမ်နဲ့ အတူ မီးရှို့ခံရတဲ့ အထဲပါသွားတဲ့ တန်ဖိုးကြီးဆုံး ပစ္စည်းက ဘာဖြစ်မလဲ။
ဖြေ - အိမ်နဲ့ အတူ မီးရှို့ခံရတာတော့ ဆန်စက်ရှိတယ်။ အိမ်ထဲရှိတဲ့ပစ္စည်းကိရိယာတွေ အကုန်ပေါ့ဗျ။
ဒီထဲမှာ ပါသွားတာတော့ အဖေနဲ့အမေ သွေးချွေးရင်းပြီး သားသမီးတွေစုံစုံလင်လင်နေလို့ရအောင်ဆိုပြီး သူတို့မေတ္တာဂရုဏာတွေနဲ့ ဆောက်ထားတာလေးက အကြီးမားဆုံးပေါ့ဗျာ။
မေး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်နေတော့ မိသားစုကို စောင့်ရှောက်ဖို့အချိန်ရှိရဲ့လား။ သူတို့ စားဝတ်နေရေးအတွက် ဘယ်လို ရုန်းကန်နေလဲ။
ဖြေ - စောင့်ရှောက်ဖို့ချိန်တောင်မရှိဘူးဗျ။ တခါတလေဆို ကျွန်တော်တို့က ရှေ့တန်းထွက်လာတယ်။ အဲမှာ အမေတို့ရှိတဲ့ဘက်မှာ ခွေးတွေစစ် ကြောင်းထိုးတော့ ကိုယ့်မှာ ဘာမှမကူနိုင်ဘူးဗျ။ စားဝတ်နေရေးကတော့ ဒီလိုပဲ အဆင်ပြေသလို နေတာပဲ။ အချို့ အလှူရှင်တွေလည်း ကူညီပေးကြပါတယ်။
အကြီးတွေကတော့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ် အဲ့ကနေ ပြန်ထောက်ပံ့ပေးနေတာတော့ရှိပါတယ်။ ဒါပေမဲ့လည်း သူတို့မှာ လမ်းစရိတ်တောင်မကြေသေးပါဘူး။
မေး - မိသားစုနေဖို့မရှိ ဖြစ်နေချိန်မှာ ကိုယ်က တိုင်းပြည်အတွက် အချိန်ပေးနေရတော့ စိတ်မှာ ဒွိဟဖြစ်နေတာမျိုးရှိလား။
ဖြေ - ဖြစ်တယ်ဗျ။ အမျိုးမျိုးတွေးမိတယ်ဗျ။ ကိုယ်က ကိုယ့်မိသားစုအတွက် ဘာမှမလုပ်ပေးနိုင်ပါလားဆိုတဲ့ အတွေးမျိုးတွေ။ အဆင်မပြေမှန်းသိလို့ အဆင်ပြေရဲ့လားလို့လည်း မမေးချင်ဘူး။ ကျွန်တော်က မေးရင်လည်း အဆင်ပြေတယ်လို့ပဲ ဖြေတယ်။ နေကောင်းလားလို့ မေးရင်လည်း ကောင်းတယ်လို့ပဲ ဖြေတယ်။ မကောင်းလည်း ကောင်းတယ်ပေါ့။
နေကောင်းလားလို့မေးလိုက်ရင် ကောင်းတယ် နင်တို့ပဲ ဂရုစိုက်။ နေရာတာအဆင်ပြေရဲ့လား။ အခြေနေအေးရဲ့လား။ ဘုရားတရားမမေ့နဲ့ အဲလိုပဲ သူတို့ကိုယ်သူတို့ထက် ကျွန်တော်တို့တွေပဲ ပြန်ပြီး စိတ်ပူနေတယ်ဗျ။
ကိုယ်ကတော့ ဘာမှမလုပ်ပေးနိုင်ဘူး။ တစ်ခုခုလိုရင်လည်း အမေတို့ဆီပဲ ပြန်ပြီးတောင်းနေရတယ်။ ဒီလိုကြောင်းတွေပြောရင် တကယ်ဝမ်းနည်းတယ်ဗျ။
မေး - အခုလို အိမ်တွေကို မီးရှို့ဖျက်စီးသွားတဲ့ စကစတွေနဲ့ ပျူတွေ၊ ဒလန်တွေကို အသိတရားရှိလာဖို့ဘာပြောချင်လဲ။
ဖြေ -အာဏာရူး ပါဝါရူး တွေရဲ့ အခိုင်းအစေ၊ သူတို့ကိုယ်ကျိုးစီးပွားအတွက် အသုံးချခံကောင်တွေ လုပ်မနေပါနဲ့။ နင်တို့နဲ့ ငါတို့ က ဘာရန်ငြိုးရန်စမှ မရှိပါဘူး။ စစ်မြေပြင်မှာသာ ရန်သူအဖြစ်တိုက်နေရတာပါ။
တစ်ဖက်မှာ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုနေတဲ့ ပြည်သူတွေရှိတယ်။ ပြည်သူ့ရင်ခွင်ခိုလှုံကြပါ။ ပြည်သူနဲ့ အတူ ရပ်တည်ပေးကြပါ။ CDM လုပ်ကြပါလို့ ပြောချင်ပါတယ်ဗျ။
မေး - မိသားစုကိုပြစ်ပြီး တော်လှန်ရေးကို ဘယ်လောက်အထိ လုပ်မယ်လို့ ဆုံးဖြတ်ထားလဲ။
ဖြေ - တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်းချက်ကြောင့်တော်လှန်ရေး ဝင်ခဲ့တာလည်း မဟုတ်လို့ ကိုယ့်ခံယူချက်နဲ့ပဲ အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အချိန်ထိ တော်လှန်ရေးအဆုံးသတ်တဲ့အထိ လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးသားပါဗျား။
The Tanintharyi Times
