သတိလွတ်လို့မရတဲ့ လူမျိုးဘာသာရေး ပဋိပက္ခ

သတိလွတ်လို့မရတဲ့ လူမျိုးဘာသာရေး ပဋိပက္ခ

ဒီမိုကရေစီသို့ဆိုတဲ့ ခရီးဆီသွားရာလမ်းကို အကောင်းဆုံး ချေဖျက်ပျက်သုဉ်းစေနိုင်တဲ့အကြောင်းဟာ လူမျိုးရေး ပဋိပက္ခဖန်တီးပြီး အကြမ်းဖက်လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်စဉ်တွေ ပေါ်ပေါက်လာအောင် ကြိုးကိုင် စီစဉ်တာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အာဏာရှင်တွေဟာ သူတို့ရဲ့ အာဏာထိုင်ခုံ ယိုင်ချိလှုပ်နဲ့လာပြီဆိုတဲ့ အချိန်ကာလတိုင်းမှာ အဲဒီဖြစ်စဉ်တွေကို အစီအစဉ်တကျ ကြိုးကိုင်အကောင်အထည်ဖော်လေ့ရှိပါတယ်။

ဒီလို အကောင်အထည်ဖော်ဖို့ အကောင်းဆုံး အခွင့်သာစေခဲ့တဲ့ အကြောင်းတရားဟာ အမျိုးသားရေးဝါဒ ဆိုတာပါပဲ။

မြန်မာ့သမိုင်းကြောင်း ခေတ်အဆက်ဆက်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ကိုလိုနီခေတ် ၁၉၂၀ ကျောင်းသား သပိတ်ကာလကစလို့ လှုံ့ဆော်ခေါင်းစဉ်တပ်ခဲ့တဲ့ အမျိုးသားရေးဝါဒ ( Nationalism ) ဟာ ကာလရွေ့လျားလာခဲ့ ရင်း လူမျိုးကြီးဝါဒဆီ ကူးပြောင်းခဲ့ရာကနေ အာဏာရှင်တိုင်းအတွက် ဒီမိုကရေစီကိုပုံဖျက်ဖို့ အကောင်းဆုံးဖြစ်တဲ့ ဝါဒမှိုင်းတစ်ခုဖြစ်လာခဲ့တာ လက်ရှိအချိန်ထိ ပါပဲ။

သမိုင်းကြောင်းတွေကို ပြန်ပြောရင် မဆုံးနိုင်တာမို့ အနီးစပ်ဆုံးအဖြစ် ၂၀၁၂ ခုနှစ် ကာလရဲ့ အဖြစ်အပျက်တချို့ကို နမူနာပြောပြချင်ပါတယ်။ ဒီမိုကရေစီပြယုဂ်လို့ ကမ္ဘာက ဝိဂြိုလ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်ပြီး များမကြာမီမှာပဲ ရခိုင်ကျော်နီမော်ဒေသ မသီတာထွေး ပဋိပက္ခကို စစ်တပ်က ဖန်တီးခဲ့တာပါပဲ။

မမေ့ကြသေးဘူးဆိုရင် အဲဒီပဋိပက္ခကို စစ်တပ်လက်ကိုင် နိုင်ငံပိုင်မီဒီယာက အမုန်းစကား ဖြန့်ပွားရင်းစခဲ့တယ်ဆိုတာ အမှတ်ရကြမှာပါ။

ထိလွယ်ရှလွယ်သလို ကိုလိုနီခေတ်ကနေ စစ်အာဏာရှင်လက်အောက်ဆီထိ ဝါဒမှိုင်းသွပ်သွင်းခံထားရတဲ့ ဘာသာ လူမျိုးကြီးအစွဲမှာ မကျွတ်မလွတ်ဘဲ ရှိကြသူတွေ များပြားဆဲဖြစ်တာမို့ စစ်တပ်ဟာ သူ့ရည်မှန်းချက်ဖြစ်တဲ့ လွှတ်တော်ထဲ ၂၅ ရာခိုင်နှုန်းအသာနဲ့ အစိုးရမဏ္ဍိုင်သုံးရပ်ကို အဟန့်အတားပြုထားနိုင်ရုံမက စစ်တပ်ဆိုတာတိုင်းပြည် ကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့ လက်နက်အာဏာကို မဏ္ဍပ်တိုင်တက်ပြထားနိုင်ခဲ့တာပါပဲ။

ရလဒ်ကို ကြည့်ရင်လည်း ရခိုင်ဒေသကို စစ်အုပ်ချုပ်ရေးနဲ့ မှောက်လိုမှောက်၊ လှန်လိုလှန် ပြုနိုင်ခဲ့ပြီး ဒီမိုကရေစီပြယုဂ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံတကာရာဇဝတ်မှုခုံရုံးဆီထိ ရောက်ရှိစေခဲ့တာ ပါပဲ။ တစ်ဆက်တည်းမှာပဲ ဒေသတွင်းမတည်ငြိမ်မှုဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်ရဲ့အာဏာပါဝါကို ထုတ်ပြမြှင့်တင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလိုအခင်းအကျင်းတွေကြောင့် ၂၁ ရာစု ပင်လုံညီလာခံကြီး ဟီးဟီးထ လုပ်ဆောင်ခဲ့တဲ့တိုင် လူမျိုးဘာသာကြီး ဝါဒရဲ့အစွန်းဟာ ချွတ်ဆေးမနိုင်ဖြစ်ခဲ့ပြီး မျက်မှောက်ကာလထိ စစ်တပ်က လိုအပ်တိုင်း ထုတ်သုံးနေတဲ့ ဝါဒမှိုင်း အဖြစ်ရှိနေခဲ့တာပါပဲ။ ( အဲဒီကာလ တိုင်းပြည်ဦးဆောင်မှုထဲရှိမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီလိုလားသူ အင်အားစုတွေရဲ့ ညံ့ဖျင်းမှုကလည်း လူမျိုးဘာသာရေးပဋိပက္ခအစွန်းအထင်းကို ပိုမိုကြီးထွားစေအောင် ဖြစ်ခဲ့ပါတယ်။)

လက်ရှိ နွေဦးတော်လှန်ရေးကာလအတောအတွင်းမှာလည်း မျိုးချစ်အစွဲ၊ ဘာသာလူမျိုးကြီးအစွဲကနေ မကျွတ်မလွတ်သူ အင်အားစုအားကိုးနဲ့ တော်လှန်ရေးကို ပုံဖျက်ဖို့ နည်းမျိုးစုံနဲ့ စစ်တပ်က လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ မြင်သာထင်သာအဖြစ် တပ်ပျက်တဲ့အထိ ဖရိုဖရဲ၊ အကျအရှုံးတွေ ဆိုးဆိုးရွားရွား ကြုံတွေ့လာရတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ လူထုရဲ့ မျှော်လင့်ချက်တစ်ခုဖြစ်လာတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ အောင်မြင်မှုကို ချေဖျက်ဖို့ လူမျိုးရေး၊ ဘာသာရေးမှိုင်းကို ပြင်ဆင်ခဲ့တာပါပဲ။

ကိုးကန့်တပ်တော်(MNDAA) လောက်ကိုင်မြို့ကို သိမ်းယူနိုင်ခဲ့ပြီးနောက် များမကြာမီ ယင်းတပ်ယူနီဖောင်း ဝတ်ဆင်ထားသူ တစ်ယောက်က စေတီတစ်ဆူကို တူနဲ့ထုပြီး ဖျက်ဆီးနေတဲ့ ရုပ်သံတစ်ခု လူမှုကွန်ယက်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ထွက်ပေါ်လာပါတယ်။ ဒီလိုဖြစ်စဉ်နဲ့ပတ်သက်လို့ ကန့်ကွက်တယ်ဆိုပြီး ဘုန်းကြီးတချို့နဲ့ စစ်တပ်ထောက်ခံသူတွေဟာ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့သလို ‘အဲဒီလုပ်ရပ် ဟာ ဘာသာရေးနဲ့ မြန်မာတစ်မျိုးသားလုံးကို စော်ကားတဲ့ပုံစံဖြစ်တယ်လို့’ စစ်တပ်က အမုန်းစကားဖန်တီးဖို့ ကြိုး စားခဲ့တာပဲ ဖြစ်ပါတယ်။(ဒီလိုအမုန်းစကားဖြန့်ပွားမှုထဲမှာ စစ်တပ်နဲ့ ပုလဲနံပသင့်တဲ့ ပြည်တွင်းမီဒီယာတချို့လည်း ပါဝင် ခဲ့ပါသေးတယ်။)

စစ်တပ်ရဲ့ ဘာသာလူမျိုးရေးပဋိပက္ခ ဉာဏ်နီဉာဏ်နက်ကို အကောင်မြင်တတ်တဲ့ MNDAA ရဲ့ အကိုင်အတွယ် တတ်မှုကြောင့် စစ်တပ်ဟာ သူလိုချင်၊ ရောက်ချင်တဲ့ မျှော်လင့်ချက်ဆီ မရောက်နိုင်ဘဲရှိခဲ့ပါတယ်။ ဒါပေမဲ့ အာဏာရာဇပလ္လင်ဖင်မြဲဖို့အတွက်ဆိုရင် ဇာတ်တူသားအချင်းချင်းတောင် အလွတ်မပေးတတ်တဲ့ စစ်တပ်ဟာ ဆိုခဲ့တဲ့လူမျိုးဘာ သာရေးပဋိပက္ခကို ဖန်တီးဖို့ အမြဲအားထုတ်နေခဲ့တာပါပဲ။

စစ်ရေးအရ၊ နိုင်ငံရေးအရ အဖက်ဖက်က အားနိမ့်ပျက်ပြားလာသလို မူလရည်ရွယ်ရင်းထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲဂယ်ပေါက်နဲ့ အာဏာအသက်ဆက်ဖို့ အခွင့်အလမ်းနည်းပါးလာတာမို့ လက်ရှိနွေဦးတော်လှန်ရေး အခင်းအကျင်းကနေ အာရုံအပြောင်းအလဲဖြစ်မယ့် လူမျိုးဘာသာရေးပဋိပက္ခဆီကို ခေါင်းလှည့်ဦးတည်နိုင်ဖို့ စစ်တပ်က ဂဠုန်ဆားချက်နေခဲ့တာပါပဲ။

အဲဒီအတွက် လက်ရှိမှာလည်း ဒီမိုကရေစီကို ချေဖျက်ဖို့ အသုံးပြုရာမှာ သူ့ရဲ့အောင်မြေလို ဖြစ်ခဲ့တဲ့ ရခိုင်ဒေသ ရိုဟင်ဂျာဧရိယာဘက်ကို စစ်တပ်က ချိန်ရွယ်နေခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက် လူမျိုး၊ဘာသာရေး ပဋိပက္ခရေချိန် အ ကင်းမသေသေးတဲ့ အခြေအနေဖြစ်သလို ရခိုင်ဒေသရဲ့ လူမျိုးဘာသာရေး ပဋိပက္ခဟာ နွေဦးတော်လှန်ရေးအတွင်း ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအပေါ် ကမ္ဘာကြီးရဲ့ ရှုမြင်မှုပါ အပြောင်းအလဲ ဖြစ်သွားစေနိုင်တာ ဖြစ်ပါတယ်။

ဧပြီလ ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာရဲ့ ရခိုင်ပြည်နယ် အရေးကိစ္စဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြောဆိုချက်အပေါ် ရက္ခိုင့်တပ်တော်က ထုတ်ပြန်ကန့်ကွက်ခဲ့ရတဲ့ စာမျက်နှာ ၅ မျက်နှာပါ တုံ့ပြန်ချက်ကို ကြည့်ရင် စစ်တပ်ကဖန်တီးတဲ့ လူမျိုးဘာသာရေး ပဋိပက္ခလားရာဟာ ဘယ်လောက်ထိတာသွားတယ် ဆိုတာကို သိရမှာဖြစ်ပါတယ်။ ( MNDAA ရဲဘော် စေတီကိုတူနဲ့ထုတဲ့ကိစ္စရပ်အပေါ် MNDAA က ထုတ်ပြန်ချက် ထုတ်ရတာကို ကြည့်ရင်လည်း ဒီအချက်က သိသာစေပါတယ်။)

တစ်ဆက်တည်းမှာပဲ ရခိုင်ဒေသတွင်းက စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေဟာ တခြားသောဒေသတွေထက် ပိုပြီး အကဲဆတ်သလို စစ်တပ်ရဲ့ လူမျိုးဘာသာရေး ပဋိပက္ခဖန်တီးမှုတင်မက ARSA ၊ ARA ၊ RSO စတဲ့အဖွဲ့တွေရဲ့ တောမီးလောင် တောကြောင်လက်ခမောင်းခတ် အရေးကိစ္စကလည်း ရှိနေခဲ့တာဖြစ်ပါတယ်။

ဒါကို ကောင်းကောင်းသိထားပြီးဖြစ်တဲ့ စစ်တပ်ဟာ စစ်မှုထမ်းဥပဒေ အကြောင်းပြချက်နဲ့အတူ ရိုဟင်ဂျာတွေကို ဖိအားပေးအသုံးချပြီး ရက္ခိုင့်တပ်တော်ကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေ၊ လက်နက်ကိုင် စစ်သားအဖြစ် သွတ်သွင်းစေခိုင်းမှုတွေ ဖန်တီးနေခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဒေသခံလူမျိုးနှစ်ခုကြား ပဋိပက္ခဖြစ်ပွားကြီးထွားအောင် တောကြောင်တွေရဲ့ လုပ်ရပ်တချို့ကို ဥပေက္ခာပြု လျစ်လျူရှုနေခဲ့တာပဲ ဖြစ်ပါတယ်။

ဘာသာလူမျိုးရေး ပဋိပက္ခရဲ့ ဆိုးကျိုးရလဒ်ကို ကြုံတွေ့ခဲ့ပြီးဖြစ်သလို မဘသဘုန်းကြီးတွေနဲ့ စစ်တပ်ထောက်ခံသူ အမျိုးသားရေးဝါဒီသမားတွေရဲ့ ဖန်တီးလုပ်ကြံဇာတ်လမ်း၊ အမုန်းစကားဖြန့်ပွားမှုတွေကို အတွေ့အကြုံရှိခဲ့ပြီ ဖြစ်တဲ့ လူထုဟာ အဲဒီပဋိပက္ခတွေကနေ လက်ရှိအချိန်ထိ ရှောင်လွှဲကျော်လွှား ဖြတ်သန်းနေနိုင်ဆဲပါပဲ။

ဒါက စစ်မက် ဖြစ်ပွားနေတဲ့ အခြေအနေ၊ အခြားသောအရေးထက် ကိုယ့်အသက်ရှင်ရပ်တည်ရေးနဲ့ တော်လှန်ရေးကိုရှေ့ရှုထားရတဲ့ အခြေအနေတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဦးဆောင်သူတွေအခန်းကဏ္ဍဘက်ကလည်း ကမ္ဘာ့အသိုင်းအဝိုင်းရဲ့ ရှုမြင်မှုကို ပါဝါမှန်ကောင်းကောင်းတစ်လက် တပ်ဆင်ထားပေးသလို ကိုင်တွယ်စီမံနိုင်ဖို့ လိုအပ်တာလည်း အမှန်ပါပဲ။

အဲဒီလိုမှ မဟုတ်ရင် စစ်တပ်က ဖန်တီးဖို့ ကြိုးစားအားထုတ်နေတဲ့ လူမျိုးဘာသာရေးပဋိပက္ခမီးစတွေနဲ့ ကမ္ဘာကြီးရဲ့ စွပ်စွဲချက်တွေကြားမှာ တော်လှန်ရေးရဲ့ အမြုတေသဘောတရား မှေးမှိန်သွားပြီး ပြဿနာပေါ် ပြဿနာဆင့်ရင်း ဒုက္ခတရားကာလတွေ မဆုံးနိုင်ရှိနေမှာ စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။

မာအောင်

The Tanintharyi Times