ပုဏ္ဏားကျွန်းက မြို့မရဲစခန်းကို AA သိမ်းပိုက်

ပုဏ္ဏားကျွန်းက မြို့မရဲစခန်းကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်ရှိ၊ ပုဏ္ဏားကျွန်းမြို့က မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် AA က မနေ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ပုဏ္ဏားကျွန်းမြို့ဟာ စစ်တွေမြို့ရဲ့ တောင်ဘက်ကမှာ ကပ်ရပ်တည်ရှိတဲ့ မြို့ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် AA က ပုဏ္ဏားကျွန်းအပါအဝင် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့မှာရှိတဲ့ လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီရဲ့ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်တွေကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အဆိုပါ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့တွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ အရင်ရက်တွေအတိုင်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရက္ခိုင်တပ်တော် AA ဟာ မင်းပြားမြို့ရှိ စစ်ကောင်စီရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကိုလည်း အခုလ ၁၈ ရက်ကတည်းကနေ လက်ရှိအချိန်အထိ ထိုးစစ်ဆင်နေပြီး စခန်းအစိတ်အပိုင်းတချို့ကို သိမ်းပိုက်ရရှိထားပြီလို့လည်း ထုတ်ပြောထားပါတယ်။

ရမ်းဗြဲမြို့မှာတော့ စစ်ကောင်စီက ဂျက် တိုက်လေယာဉ်၊ Y 12 လေယာဉ်တွေနဲ့ မြို့မဆေးရုံ၊ ဈေးနဲ့ လူနေအိမ်တွေကို မနေ့ညနေပိုင်းက ဗုံးကြဲခဲ့တယ်လို့ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦပုံတွေနဲ့ တကွ AA ဘက်က ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ စစ်ဆင်ရေး သုံးလတာကာလအတွင်း ပလက်ဝအပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ တောင်ပြိုမြို့ တို့ကို သိမ်းပိုက်ထားပြီး ရခိုင်ဒေသရှိ အခြားမြို့တွေကို သိမ်းပိုက်ရရှိရေး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

The Tanintharyi Times