ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ရားဖူးကျေးရွာက စစ်ကောင်စီစစ်ကြောင်း ကလယ်ရွာဘက်ကို ရှေ့ဆက်တိုးနေ

ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ရားဖူးကျေးရွာက စစ်ကောင်စီစစ်ကြောင်း ကလယ်ရွာဘက်ကို ရှေ့ဆက်တိုးနေ

ဓာတ်ပုံ - ဒေါနစစ်ကြောင်း။

ရေဖြူမြို့နယ်၊ ရားဖူး‌ရွာမှာ တပ်စွဲထားတဲ့စစ်ကာင်စီတပ်သားတွေဟာ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းရှေ့ဆက်တိုးနေတယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေဆီကနေရပါတယ်။

အခုလ ၁၁ ရက်နေ့က မွန်းလွဲပိုင်း ရားဖူးကျးရွာထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီယာယီစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူးနဲ့ တပ်ဖွဲ့ဝင်သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီး အခုလ ၁၄ ရက်နေ့ညမှာတော့ အင်အား ၁၂၀ ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ရားဖူးကျေးရွာအုပ်စုထဲက ကလယ်ရွာဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ပြန်ဆုတ်တာမျိုး မဟုတ်ဘဲနဲ့ ရှေ့တိုးသွားတာ။ တိုက်ပွဲက တစ်ခါဖြစ်ပြီးကတည်းက နောက်ထပ်မဖြစ်သေးဘူး။ ဖြစ်လာမယ့်အခြေအနေတော့ရှိနေသေးတယ်။” လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အခုလ ၇ ရက်နေ့က ရားဖူးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေကြားတိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီနေ့တစ်နေ့တည်းမှာပဲ မောရဝတီရေတပ်ဌာနချုပ်ကပစ်တဲ့ လက်နက်ကြီးကျည်နေအိမ်ပေါ်ကျပြီး မိသားစုလေးဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်အင်အား ၁၂၀ ခန့်ရှေ့ဆက်တိုးပြီးနောက် ရားဖူး ရွာထဲမှာ စစ်ကောင်စီတပ်သား ၅၀ ခန့်ရှိနေ‌သေးတယ်လို့လည်း အဆိုပါရဲဘော်က ပြောပါတယ်။

လွန်ခဲ့တဲ့ငါးရက်က ဖော်‌ဆောင်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနစစ်ကြောင်း၊ မွန်ပြည်ကာကွယ်ရေးတပ် ( MSRF ) ၊ K.T.L.A ၊ မွန်ပြည်သစ်ပါတီ ( AD ) ၊ အထူးဒရုန်းတပ်ဖွဲ့ ( SawDragon Drone Force ) ၊ ရေးဒရုန်းတပ်ဖွဲ့ ( Y.A.F ) ၊ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (D.N.L.A) တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အခုလ ၃ ရက်‌ နေ့ကတည်းကနေ ရေဖြူမြို့နယ်ထဲက နတ်ကြီးစင်ကျေးရွာအုပ်စုဘက်ကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး အဲဒီကနေတဆင့် ရားဖူးကျေးရွာအုပ်စုကို ဆက်ပြီး စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

စစ်ရေးတင်းမာနေတာကြောင့် ရေး-ထားဝယ်လမ်းပိုင်းကို အရေးကြီးကိစ္စကလွဲပြီး လတ်တလောအသုံးမပြုကြဖို့ တော်လှန်ရေးမဟာမိတ်တပ်တွေဘက်က ထုတ်ပြန်အသိပေးထားပါတယ်။

The Tanintharyi Times