မန္တလေး အိုးဘိုထောင်မှာ အကျဉ်းသားဦးရေ များပြားလွန်းနေပြီး နေစရာမဆန့်တော့ဘူးလို့ ဆို
မန္တလေး အိုးဘိုထောင်မှာ အကျဉ်းသားဦးရေ များပြားလွန်းနေပြီး နေစရာမဆန့်တော့ဘူးလို့ ဆို
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ နေရာထိုင်ခင်း အလွန်အမင်းကျပ်တည်းနေပြီး အကျဉ်းသားတွေ ဟာ ကျောတခင်းစာနေရာမှာပင် နေထိုင်အိပ်စက်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM ကနေ သိရပါတယ်။
အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးအကျဥ်းချခံထားရသူ များပြားလွန်းတာကြောင့် အကျဉ်းသား ၅၀ ကနေ အများဆုံး ၇၀ ထိသာ ထားရှိရမယ့် အဆောင်တွေမှာ အကျဉ်းသား ၁၅၀ ကနေ ၂၀၀ အထိ ထားရှိထားတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။
အိုးဘိုအကျဉ်းထောင်ဟာ အကျဉ်းသားဦးရေ အများဆုံး ၃၀၀၀ ဆန့် တည်ဆောက်ထားတဲ့ အကျဉ်းထောင်ဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူဦးရေ ၅၀၀၀ ကျော်အထိ ဖမ်းဆီးထားရှိထားတာကြောင့် အကျဉ်းသား ၁ ဦးကို နေထိုင်စရာ နေရာအကျယ် ၁ ပေသာ ရရှိတော့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM၊ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
“အကျဉ်းထောင်တွေထဲမှာ လက်ရှိ နိုင်ငံရေး အကျဉ်းသား အကျဉ်းသူတွေရဲ့ နေထိုင်ရမှုဟာ သေဆုံးသူတယောက်ကို ထည့်တဲ့ အခေါင်းထဲမှာ နေရတဲ့ ပမာဏလောက်နဲ့ နေနေကြရတယ်” လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
နေရာထိုင်ခင်း အလွန်အမင်းကျပ်တည်းတာ၊ ထောင်အဝတ်အစားတွေ မခြောက်တာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေဟာ ပွေး၊ ဝဲ ယားနာပေါက်တဲ့ ရောဂါနဲ့ ကြုံတွေ့နေရတယ်လို့ နေရာထိုင်ခင်း မလုံလောက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူ ကိုယ်ဝန်သည် အမျိုးသမီးတွေနဲ့ အကျဉ်းထောင်ထဲကို မိခင်နဲ့ ဖမ်းဆီးခံထားရတဲ့ ကလေးတွေဟာလည်း အပူနာ၊ မိတ်ဖုတွေ စွဲကပ်ခံစားနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာ အိုးဘိုအကျဉ်းထောင်ကို စစ်ကာင်စီခန့် ညွှန်ကြားရေးမှူးအသစ် ပြောင်းလာပြီးနောက် ထောင်ဒဏ်ချမှတ်ခံရပြီးသား အကျဉ်းသားတွေအပေါ် ပြင်ပက အဝတ်အစားတွေကို ကန့်သတ်လိုက်ပြီး ထောင်တွင်းဝတ်စုံ ၂ စုံ (သို့) ၃ စုံကိုသာ ဝတ်ဆင်ကြဖို့ ထုတ်ပေးထားပါတယ်။
“မိုးကရွာတဲ့အခါမှာ အဝတ်အစားတွေ စိုတာတွေ မခြောက်တာတွေ ဖြစ်တယ်၊ မိုးရွာတိုင်းလည်း သွားပြီးမှ ရုပ်လို့ရတာ မဟုတ်ဘူး၊ ထောင်ထဲမှာနေရပြီး တံခါးပိတ်ထားခြင်းခံထားရတဲ့ အခါမျိုးမှာ အဲအဝတ်အစားတွေက မခြောက်ဘူးဖြစ်လာတော့ နောက်ဆက်တွဲက ပွေးတွေ ဝဲတွေ ယားနာတွေ ကြုံနေရတယ်” လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ပိုရှိနေတဲ့ ရန်ကုန်၊ မန္တလေး၊ သာယာဝတီ၊ မြင်းခြံ၊ ဒိုက်ဦး အကျဉ်းထောင်တွေမှာ နေရာရေး ပိုမိုကြပ်တည်းနေပြီး ကျန်တဲ့ နယ်အကျဉ်းထောင်တွေမှာလည်း ထောင်ပမာဏထက် လူဦးရေများပြားတာတွေ ရှိနေတယ်လို့ သိရပါတယ်။
အိုးဘိုအကျဉ်းထောင်မှာတော့ ဖမ်းဆီးခံထားရတဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ် အရေအတွက်ဟာ ၅၀ ဦးထက်မနည်း ရှိတယ်လို့ PPNM၊ ဦးဆောင်ကော်မတီဝင်ကနေ သိရပါတယ်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်ရှိတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ သီးသန့်အခွင့်အရေးတခုမှ မရရှိပဲ တခြားအကျဉ်းသူတွေနဲ့ အတူတူပင် ကြပ်တည်းစွာ နေထိုင်နေကြရပါတယ်။
နေထိုင်ထိုင်ခင်း ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသူ ၁ ဦးနဲ့ တခြားအမှု အကျဉ်းသူ ၁ ဦးတို့ စကားများကြတာလည်း ရှိပြီး နိုင်ကျဉ်း အမျိုးသမီးကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
