မြိတ်မှာ ထိုင်းကတင်သွင်းတဲ့ စားသုံးဆီတွေ ပစ္စည်းပြတ်

မြိတ်မှာ ထိုင်းကတင်သွင်းတဲ့ စားသုံးဆီတွေ ပစ္စည်းပြတ်

မြိတ်မြို့က စားသောက်ကုန်လက္ကားရောင်းချတဲ့ ကုန်စုံဆိုင်ကြီးတွေမှာ ထိုင်းကတင်သွင်းတဲ့ စားသုံးဆီတွေ ပစ္စည်းလုံးဝပြတ်လုနီးပါးဖြစ်နေတယ်လို့ မြိတ်စားသောက်ကုန်ဈေးကွက်ကနေ သိရပါတယ်။

ထိုင်းကတင်သွင်းတဲ့ စားသုံးဆီတွေဖြစ်တဲ့ ဟင်းရွက်ဆီ၊ နှမ်းဆီ၊ ပဲလုံးဆီ စသဖြင့် ခေါ်ကြတဲ့ ထိုင်းထုတ်စားအုန်းဆီတွေအားလုံး ကုန်ပစ္စည်းပြတ်လုနီးပါးဖြစ်နေပြီး ဈေးလည်းအဆမတန်တက်နေတယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

ပုံမှန်အားဖြင့် မြိတ်ကိုထိုင်းစားသောက်ကုန်ပစ္စည်းတွေတင်သွင်းတဲ့အခါမှာ မောတောင်၊ ကော့သောင်း စတဲ့ နယ်စပ်မြို့တွေကနေ တရားဝင်အခွန်ဆောင်ပြီးတင်သွင်းလေ့ရှိသလို ရေလမ်းကြောင်းကနေလည်း တရားမဝင်တင်သွင်းလေ့ရှိတယ်လို့ မြိတ်မြို့ခံ ကုန်သည်တွေက ပြောပြပါတယ်။

လက်ရှိမှာ တနင်္သာရီမြစ်ရေကြီးနေလို့ ကော့သောင်း-ဘုတ်ပြင်း-တနင်္သာရီ ကားလမ်းပြတ်တောက်နေပြီး နယ်စပ်မြို့တွေကနေ မြိတ်မြို့ကို ကားလမ်းကနေတင်သွင်းနေတဲ့ တရားဝင်ကုန်ပစ္စည်းလမ်းကြောင်းက နှောင့်နှေးနေတယ်လို့ မြိတ်မြို့ခံ ကုန်သည်တွေကဆိုပါတယ်။

“ ဘိတ်မှာက အရင်ကဆို အောက်လမ်းကနေသွင်းတာတွေကို အဓိကအားထားကြတာပေါ့နော်။ အခုက အဖမ်းအဆီးများလာတော့ တရားဝင်လာတာတွေကိုပဲ စောင့်ရတော့တာပေါ့။ သူကကြတော့ လမ်းကြောင်း ကြာတယ်။ အခုလည်း ကားလမ်းပြတ်နေတော့ ပစ္စည်းပြတ်လာတယ်။လက်ကျန်ရှိတာတွေလည်း ကုန်ခါနီးပြီ” လို့ မြိတ်မြို့ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ခါတိုင်းတင်သွင်းနေတဲ့ တရားမဝင်ကုန်လမ်းကြောင်းတွေကလည်း စစ်ကောင်စီရဲ့ တင်းကြပ်စွာ စစ်ဆေးဖမ်းဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ လမ်းကြောင်းလုံးဝပိတ်သွားပြီဖြစ်တယ်လို့ မြို့ခံကုန်သည်တွေက ပြောပြပါတယ်။

ဒါ့ကြောင့် ထိုင်းထုတ်စားသုံးဆီတွေကို တရားဝင်လမ်းကြောင်းရော၊ တရားမဝင်လမ်းကြောင်းကပါ တင်သွင်းလို့မရဖြစ်နေပြီး ပစ္စည်းပြတ်လုနီးပါးဖြစ်နေတယ်လို့ မြိတ်စားသောက်ကုန်ဈေးကွက်အသိုင်းအဝိုင်းက ရှင်းပြပါတယ်။

“ ကျနော်တို့ လက္ကားဆိုင်တွေကြတော့ ပြန်ယူရောင်းတဲ့ ဆိုင်ငယ်တွေကို ပစ္စည်းတွေ အကုန်ထုတ်လိုက်ပြီဆိုတော့ လက်ထဲ ပစ္စည်းကပြတ်သွားပြီဗျ။ လက်ကျန်ရှိနေသေးရင်လည်း ပစ္စည်းကပြတ်ခါနီးဆိုတော့ ဈေးကတော့ ရှယ်တက်တာပေါ့” လို့ မြိတ်မြို့ စားသောက်ကုန် လက္ကားရောင်းချပေးတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိမြိတ်မြို့မှာ ဆယ်ပိဿာဝင် ထိုင်းထုတ်စားအုန်းဆီတစ်ပေပါကို ၁၂၀,၀၀၀ ကျပ်အထိ ဈေးပေါက်နေပြီး လူသုံးများတဲ့ တစ်လီတာ ၁၂ ဗူးဝင် ပဲလုံးဆီတစ်ပါကင်ကိုလည်း ၉၀,၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးပေါက်နေတယ်လို့ စားသောက်ကုန် ဈေးကွက်ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယအပတ်ကတော့ ထိုင်းထုတ်စားအုန်းဆီ တစ်ပေပါကို ၈၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ ပဲလုံးဆီတစ်ပါကင်ကို ၈၁,၀၀၀ ကျပ်ဝန်းကျင် ရှိခဲ့ပါတယ်။

မြိတ်မှာ အခုလိုမျိုး ထိုင်းဘက်ကတင်သွင်းတဲ့ စားသုံးဆီတွေ ပစ္စည်းပြတ်လုနီးပါး ဖြစ်နေချိန်မှာ ရန်ကုန်စားအုန်းဆီအသင်းက ရောင်းပေးတဲ့ ပြည်တွင်းထုတ်စားအုန်းဆီပမာဏကလည်း နည်းသထက်နည်းလာနေတယ်လို့ မြိတ်မြို့စားအုန်းဆီဒိုင်တွေဆီကသိရပါတယ်။

The Tanintharyi Times