ထားဝယ်ကမ်းနားစျေးမှာ ဗုံးပေါက်

ထားဝယ်ကမ်းနားစျေးမှာ ဗုံးပေါက်

ပုံစာ- ထားဝယ်ကမ်းနားစျေး (ပုံဟောင်း)

ထားဝယ်မြို့ပေါ်က ကမ်းနားစျေးမှာ ဒီနေ့မနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

အခုမနက် ၁၁ နာရီ‌ကျော်လောက်မှာ ကမ်းနားစျေးရဲ့ အနောက်ဘက်ခြမ်းက ဆိုင်ကယ်နဲ့ကားတွေရပ်နားထားတဲ့ နေရာမှာ ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့တာပါ။

“ကျမကြားတာ အသံတစ်ချက်ပဲ။ တော်တော်ကိုကျယ်တယ်။ မီးခိုးတွေတောင်ထွက်လာတယ်” လို့ ကမ်းနားစျေးမှာ စျေးရောင်းနေတဲ့ စျေးသည်အမျိုးသမီးတစ်ဦးကပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ကနဦးသိရပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကမ်းနားစျေးကစျေးသည်‌တွေ ဆိုင်သိမ်းပြီး အိမ်ကိုပြန်နေကြတယ်လို့ ကာယကံရှင်တွေက ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး မိနစ်ပိုင်းအကြာမှာပဲ စစ်ကောင်စီတပ်သား‌တွေ ‌ရောက်လာပြီး ဗုံးပေါက်တဲ့နေရာတစ်ဝိုက်မှာ ရှာဖွေစစ်ဆေးပြီး လမ်းတစ်လျှောက်လုံးမှာ အင်အားအများအပြားနဲ့ လုံခြုံ‌ရေးယူထားတယ်လို့ မြို့ခံတွေကပြောပါတယ်။

“တစ်လမ်းလုံးစစ်သားတွေ ပြည့်နေပြီ” လို့ ထားဝယ်မြို့ခံတစ်ဦးက ဒီနေ့မနက် ၁၂ နာရီ‌လောက်မှာပြောပါတယ်။

အခုဗုံးပေါက်ကွဲမှုဖြစ်တဲ့ ကမ်းနားစျေးနဲ့ လမ်းတစ်ဆက်တည်းဖြစ်တဲ့ သဲကွင်းမှာလည်း ထားဝယ်ရိုးရာသပိတ်မျှောပွဲအတွက် စစ်ကောင်စီက အခမ်းအနားပြင်ဆင်တာတွေကို လုပ်‌ဆောင်နေတာပါ။

ပြီးခဲ့တဲ့တဲ့ ၂၀၂၂ ခုနစ်နဲ့ ၂၀၂၃ ခုနစ်တွေမှာလည်း သပိတ်မျှောပွဲကျင်းပဖို့ မဏ္ဍပ်တွေဆောက်လုပ်နေတဲ့ နေရာတွေမှာ နှစ်နှစ်ဆက်တိုက် ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ဖူးပါတယ်။

စစ်ကောင်စီတပ်ဟာ ထားဝယ်မြို့အဝင် အထွက်ကို စစ်ဆေးရေးဂိတ်လေးခုနဲ့ အစစ်အဆေးတင်းကြပ်ထားပြီး သန်းခေါင်စာရင်းကောက်နေတဲ့ အခုရက်ပိုင်းမှာလည်း မြို့ပေါ်မှာကင်းလှည့်တာနဲ့ ရှောင်တခင်စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

The Tanintharyi Times