ထားဝယ်မှာ ဈေးလာဝယ်တဲ့နယ်ကားတွေဆီက စားသောက်ကုန်တွေကို စစ်ကောင်စီတပ် က သိမ်းဆည်း
ထားဝယ်မှာ ဈေးလာဝယ်တဲ့နယ်ကားတွေဆီက စားသောက်ကုန်တွေကို စစ်ကောင်စီတပ် က သိမ်းဆည်း
သန်းခေါင်စာရင်းအတွက် ထားဝယ်မြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေဟာ ကျေးရွာတွေကိုသွားမယ့်ကားတွေဆီမှာ စားသောက်ကုန်တွေကို သိမ်းယူနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက သန်းခေါင်စာရင်းကောက်နေတဲ့ အချိန်အတွင်း ထားဝယ်မြို့ပေါ်က လူသွားလူလာများတဲ့လမ်းဆုံတွေအပြင် ရပ်ကွက်အတွင်းလမ်းတွေမှာပါ ကင်းလှည့်တာ ကားရပ်ပြီး စစ်ဆေးတာတွေလုပ်ဆောင်နေတာပါ။
ဒီနေ့မနက်ပိုင်းမှာတော့ မီးသတ်လမ်းဆုံမှာရှိနေတဲ့ စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေက လောင်းလုံးမြို့နယ်အောက်ပိုင်းကရွာတွေကိုသွားမယ့် ကားတစ်စီးကို စစ်ဆေးပြီး ကားပေါ်မှာပါလာတဲ့ ဆန်အိတ် ၁၂ အိတ်၊ စားသုံးဆီ ၂ ဖာနဲ့ ခေါက်ဆွဲခြောက်တွေကို သိမ်းယူခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ဒီမနက် အခွန်လွတ်စျေးကနေ ကမြောကင်းတံတားသွားမယ့်တစ်လမ်းလုံးမှာ စစ်သားတွေရှိနေတယ်။ ကားတွေကို အကုန်လှန်ရှာပြီးစစ်တယ်။ မနက်ကဆိုရင် ဘယ်ကိုသွားမယ့်ကားလဲဆိုတာကိုမေးပြီးတော့ ကားပေါ်ကနေ ဆွဲချခဲ့တာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မနေ့ကလည်း ထားဝယ်မြို့ပေါ်မှာလုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေ လောင်းလုံးမြို့နယ် မောင်းမကန်ရွာဘက်ကို သွားမယ့်ကားတစ်စီးပေါ်က ဆန်နဲ့စားသောက်ကုန်တွေကို သိမ်းယူခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အခုလို စစ်ဆေးပြီး ကုန်ပစ္စည်းတွေ သိမ်းယူခံနေရတာဟာ လောင်းလုံးမြို့နယ်အတွင်းက ကားတွေအပြင် ထားဝယ်ခရိုင်အတွင်းက ကျေးရွာတွေဆီသွားမယ့်ကားတွေလည်းပါတယ်လို့ ယာဥ်မောင်းတွေကဆိုပါတယ်။
“အခုရက်ပိုင်းမှဖြစ်နေတာ။ နယ်ကားဆိုရင်ကို ရစ်ပြီးလိုတာဆွဲချနေတာ။ လမ်းကြားတွေထဲမှာစစ်နေတဲ့ စစ်သားတွေကပိုဆိုးတယ်။ ကားပေါ်က ဝက်ခြံတွေကိုတောင်ဖြုတ်ထားကြတယ်” လို့ လောင်းလုံးဒေသခံ ယာဥ်မောင်းတစ်ဦးကပြောပါတယ်။
အခုရက်ပိုင်း ထားဝယ်မြို့ပေါ်မှာ ပစ္စည်းတင်ပြီး ကားနဲ့သွားလာဖို့အတွက် လမ်းကြောင်းရှင်းမရှင်း အရင်ဆုံးကြည့်ခိုင်းပြီးသွားနေရတယ်လို့လည်း သူကဆက်ပြောပါတယ်။
ထားဝယ်မြို့အဝင်ဂိတ်တွေကတော့ တင်းတင်းကြပ်ကြပ်စစ်ဆေးတာမျိုးရှိပေမဲ့ အခုလို စစ်ဆေးပြီး ကုန်ပစ္စည်းအများအပြားသိမ်းယူတာမျိုး မရှိဘူးလို့ ဖြတ်သန်းသွားလာနေသူတွေက ဆိုပါတယ်။
သန်းခေါင်စာရင်းအတွက် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထားဝယ်မြို့ပေါ်က ဒေသခံတွေကို စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။
အခုလပထမပတ်အတွင်း လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မြို့အဝင်ဂိတ်တွေကနေ ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်က ဒေသခံ တစ်ဆယ်ကျော်လောက်ကို မသင်္ကာလို့ဆိုကာ ဖမ်းဆီးခဲ့တယ်လို့လည်း ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေ ဆီကသိရပါတယ်။ အဲဒီထဲက တချို့ဟာ လက်ရှိအချိန်ထိ ပြန်မလွတ်လာသေးဘူးလို့လည်း နီးစပ်သူတွေဆီက သိရပါတယ်။
တနင်္သာရီတိုင်းအတွင်း သန်းခေါင်စာရင်းကောက်ယူတာကိုတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ပေါ်တွေမှာ အဓိကလုပ်ဆောင်နေပြီး ကျေးရွာအများစုကိုတော့ သန်းခေါင်စာရင်းသွားရောက်ကောက်ယူတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
The Tanintharyi Times
