ထားဝယ်မြို့မှာတစ်ပတ်အတွင်း အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
ထားဝယ်မြို့မှာတစ်ပတ်အတွင်း အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
ထားဝယ်မြို့ပေါ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အရပ်သား ၁၁ ဦးထက်မနည်းကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ဖြစ်စဥ်တွေဟာ အခုလ ၁၃ ရက်၊ ၁၆ ရက်၊ ၁၈ ရက်နဲ့ ၁၉ ရက်နေ့မှာ ရှိခဲ့တာဖြစ်ပြီး အများစုဟာ လူငယ်အမျိုးသားတွေဖြစ်တယ်လို့ဆိုပါတယ်။
အခုလ ၁၉ ရက်နေ့ညပိုင်းက ဗျောတောဝရပ်ကွက်မှာ စစ်ကောင်စီတပ်သားတွေက ဧည့်စာရင်းအကြောင်းပြစစ်ဆေးပြီး လူငယ်အမျိုးသား လေးဦးကိုဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဧည့်စာရင်းတိုင်ထားပြီးသားဖြစ်ပေမဲ့ ထောက်ပို့လုပ်နေတယ်လို့စွပ်စွဲပြီး ဖမ်းဆီးသွားတာလို့ ရပ်ကွက်နေသူတွေကပြောပါတယ်။
“အိမ်ပေါ်တွေကိုပါ တက်ပြီးစစ်တယ်။ အိမ်သုံးဆေးထုပ်ကို တောထဲကိုသယ်သွားဖို့လားဆိုပြီး ဖမ်းခေါ်သွားတာ” လို့ ဗျောတောဝရပ်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
အဲဒီမတိုင်ခင် အခုလ ၁၈ ရက်နေ့ကလည်း ထားဝယ်မြို့အဝင် ဗျောတောဝစစ်ဆေးရေးဂိတ်မှာ လူငယ်အမျိုးသားနှစ်ဦးကို လက်ကိုင်ဖုန်းစစ်ဆေးပြီးနောက် စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီလူငယ်နှစ်ဦးထဲကတစ်ဦးပဲပြန်လွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
အခုလ ၁၆ ရက်နေ့ကလည်း လူမှုကွန်ရက်က တော်လှန်ရေးနဲ့ပတ်သက်တဲ့ကွန်မန့်ရေးသားလို့ဆိုပြီး ထားဝယ်မြို့ခံ ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီကဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတွေကဆိုပါတယ်။ အဲဒီနှစ်ဦးထဲမှာလည်း အမျိုးသားဖြစ်သူတစ်ဦးသာ ပြန်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်မှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခုလ ၁၃ ရက်ညပိုင်းမှာလည်း အိမ်ရှေ့ပြင်ရပ်ကွက်က အမျိုးသား သုံးဦးကို စစ်ကောင်စီတပ်သားတွေက ဧည့်စာရင်းအကြောင်းပြ စစ်ဆေးပြီးဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေသူတွေကဆိုပါတယ်။
အဲဒီအမျိုးသားသုံးဦးကိုလည်း စစ်ကောင်စီတပ်သားတွေက ငွေကျပ်ငါးသိန်းနဲ့ ဆယ်သိန်းကြားတောင်းခံပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ထားဝယ်မြို့ခံအမျိုးသားတစ်ဦးကတော့ မြို့ပေါ်မှာ ဖမ်းဆီးခံရတာတွေ ဒီထက်မကရှိပြီး ကာယကံရှင်တွေဘက်က စိုးရိမ်လို့ထုတ်မပြောကြတာများတယ်လို့ ဆိုပါတယ်။
သရက်ချောင်းမြို့ပေါ်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေလို့ တိမ်းရှောင်လာတဲ့ ကနက်သီရိရွာ ဒေသခံတွေကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးတာတွေ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာရှိခဲ့ပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလကလည်း စစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးတာ၊ စစ်သားနဲ့ရဲတွေက မြို့ပေါ်မှာလိုက်လံဖမ်းဆီးတာတွေကြောင့် အရပ်သား ၉၀ နီးပါးဖမ်းဆီးခံခဲ့ရပါတယ်။
The Tanintharyi Times