ထားဝယ်နဲ့ မောင်းမကန်မှာ တချိန်တည်းတိုက်ပွဲပြင်းထန်

ထားဝယ်နဲ့ မောင်းမကန်မှာ တချိန်တည်းတိုက်ပွဲပြင်းထန်

ပုံစာ - ထားဝယ်မြို့အဝင်က အိမ်ရှေ့ပြင်ရပ်ကွက်လမ်းဆုံ (ပုံဟောင်း)

ထားဝယ်မြို့မြောက်ဘက်က ဆင်ဆိပ်၊ အိပ်ရှေ့ပြင်ရပ်ကွက်တွေနဲ့ လောင်းလုံးမြို့နယ်က မောင်းမကန်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တချိန်တည်းတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့ညနေ ၅ နာရီလောက်ကစပြီး ထားဝယ်မြို့ပေါ်က ဆင်ဆိပ်ရပ်ကွက်နဲ့ အိမ်ရှေ့ပြင်ရပ်ကွက်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဆင်ဆိပ်နဲ့ အိမ်ရှေ့ပြင်ရပ်ကွက်တွေမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေကလာရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေလည်းရှိနိုင်တယ်လို့ မြို့ခံတွေကပြောပါတယ်။

“တိုက်ပွဲက ကြီးကြီးမားမားကိုဖြစ်တာ။ လက်နက်ကြီးပစ်တာက အချက်နှစ်ဆယ်လောက်ရှိတယ်လေ၊ ဟိန်းနေတာပဲ။ လေယာဥ်ကွင်းထဲကနေလည်း ဆင်ဆိပ်ဘက်ကိုပစ်နေတယ်ကြားတယ်” လို့ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း စစ်ကောင်စီတပ်သားကားနဲ့ ပျူစောထီးကားတွေကို ဆင်ဆိပ်နဲ့ အိမ်ရှေ့ပြင်ရပ်ကွက်တွေဘက်ကို ဒီနေ့ညနေပိုင်းမှာ ဆက်တိုက်စစ်ကူပို့ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။

အခုည ၇ နာရီ‌လောက်မှာတော့ ထားဝယ်မြို့ပေါ်မှာ ပစ်ခတ်သံတွေပြန်ငြိမ်သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

အဲဒီပစ်ခတ်မှုတွေကြောင့် အိပ်ရှေ့ပြင်ရပ်ကွက်နဲ့ ဆပ်ဆိပ်ရပ်ကွက်မှာနေထိုင်သူတချို့ အရေးပေါ်ထွက်ပြေးခဲ့ရပါတယ်။

တချိန်တည်းမှာပဲ လောင်းလုံးမြို့နယ်က ‌မောင်းမကန်ကျေးရွာမှာလည်း ဒီနေ့ညနေပိုင်း တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

မောင်းမကန်ရွာက မောင်းမကန်နယ်မြေရဲစခန်းကို ဒီနေ့ညနေ ၄ နာရီ‌လောက်ကစလို့ တော်လှန်ရေးတပ်တွေ ကဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ညနေ ၆ နာရီလောက်မှာတော့ ရဲစခန်းဘက်မှာလည်း ပစ်ခတ်သံတွေ ပြန်ငြိမ်သွားတယ်လို့ မောင်းမကန်ရွာခံတွေက ပြောပါတယ်။

ထားဝယ်မြို့ပေါ်နဲ့ မောင်မကန်ရဲစခန်းတိုက်ပွဲတွေရဲ့ ဖြစ်စဥ်အတိအကျနဲ့ ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်သားတွေကတော့ အခုညပိုင်းမှာလည်း ထားဝယ်မြို့ပေါ်မှာ ကားတွေနဲ့ အရှိန်ပြင်းပြင်းမောင်းနှင်သွားလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

The Tanintharyi Times