ကျွန်းစုက သဲတန်းကြီးရွာမှာ ဘုရားထီးတင်ပွဲ ခွင့်ပြုမိန့် ရဖို့ စစ်ကောင်စီကို ငွေဆယ်သိန်းပေးရ
ကျွန်းစုက သဲတန်းကြီးရွာမှာ ဘုရားထီးတင်ပွဲ ခွင့်ပြုမိန့် ရဖို့ စစ်ကောင်စီကို ငွေဆယ်သိန်းပေးရ

ကျွန်းစုမြို့နယ်၊ သဲတန်းကြီးရွာမှာ ဘုရားထီးတင်ပွဲကျင်းပခွင့်ရဖို့အတွက် ကျွန်းစုမြို့နယ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ငွေကျပ်ဆယ်သိန်းအထိ ပေးရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သဲတန်းကြီးရွာမှာ အခုလ ၇ ရက်နေ့ကနေ ဒီကနေ့အထိ ဘုရားထီးတင်ပွဲကျင်းပနေတာပါ။
ဘုရားထီးတင်ပွဲလုပ်ဖို့ ခွင့်ပြုချက်ထောက်ခံစာအတွက်ကို ကျွန်းစုမြို့နယ် ရဲနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်အချို့က ပိုက်ဆံဆယ်သိန်းတောင်းခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
“ အရင်လက ပွဲစစီစဥ်တော့ ရဲနဲ့ပြည်သူ့စစ်တွေရောက်လာပြီး ထောက်ခံစာတွေယူခိုင်းတယ်။ ဆယ်တန်းစာမေးပွဲနဲ့အချိန်ကိုက်နေလို့ လုပ်ခွင့်မပြုဘူး လုပ်ချင်ရင် ဆယ်သိန်ပေးဆိုပြီး တောင်းတာ” လို့ သဲတန်းကြီးရွာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ကျွန်းစုမြို့နယ် ရဲနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ သဲတန်းရွာခံတွေကို ဘုရားထီးတင်ပွဲလုပ်မဲ့အချိန်နဲ့ ဆယ်တန်းစာမေးပွဲကာလ ကိုက်နေတဲ့အတွက် အလှူလုပ်ခွင့်မပေးနိုင်ကြောင်းနဲ့ လုပ်ချင်ရင် ထောက်ခံစာတွေယူမှာဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် လာရောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ သဲတန်းကြီးရွာမှာတော့ အထက်တန်းကျောင်းမရှိဘဲ မူလတန်းကျောင်းအထိသာရှိတယ်လို့ ရွာခံတွေက ဆိုပါတယ်။
ထောက်ခံစာယူခိုင်းရာမှာလည်း ကျွန်းစုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးထောက်ခံစာ၊ မြို့နယ်ထွေအုပ်ရုံးထောက်ခံစာအပြင် အလှူမှာတရားဟောမဲ့ သံဃာတော်ဟာ သာသနိကဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာနဲ့ အဲ့ဒီဘုန်းကြီးဟာ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာတွေကိုပါ တောင်းဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
အဲ့ဒီနောက် ရဲနဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ထောက်ခံစာယူဖို့အတွက်ကို ပိုက်ဆံကျပ်ဆယ်သိန်း တောင်းယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ အချိန်ကလည်း ကပ်နေပြီ၊ သူတို့မှာကလည်း လက်နက်နဲ့ဆိုတော့ ပိုက်ဆံပေးလိုက်ရတာပေါ့” လို့ သဲတန်းကြီးရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခုလိုမျိုး အလှူလုပ်ဖို့အတွက် ထောက်ခံစာယူရတာနဲ့ ရဲ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ပိုက်ဆံပေးရတာ အရင်ကမရှိဘဲ အခုပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
နောက်ပိုင်းမှာလည်း အလှူလုပ်ဖို့အတွက် ရဲနဲ့ပြည်သူ့စစ်တွေကို အခုလိုပိုက်ဆံသီးသန့်ပေးနေရမှာကို ဒေသခံတွေကတော့ စိုးရိမ်လျှက်ရှိနေကြပါတယ်။
သဲတန်းကြီးရွာအပြင် တခြားရွာတွေမှာတော့ အခုလိုပိုက်ဆံကောက်ခံတာမျိုးမရှိသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။
ကော့သောင်းမြို့နယ်ထဲက ပုလုံးတုံးတုံးရွာမှာတော့ အသုဘအခမ်းအနားကျင်းပခွင့်အတွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် ငါးသိန်းနဲ့ အထက်တောင်းခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
The Tanintharyi Times