ရှေ့မဆက်နိုင်တဲ့ မောတောင်လမ်း နှစ်လကြာထိုးစစ်
ရှေ့မဆက်နိုင်တဲ့ မောတောင်လမ်း နှစ်လကြာထိုးစစ်

စစ်တပ်အာဏာမသိမ်းခင်အချိန်က တနင်္သာရီတိုင်းက ရေထွက်ကုန်တွေကို အဓိကတင်ပို့ရာ လမ်းပိုင်းတစ်ခုဖြစ်ခဲ့တဲ့ တနင်္သာရီ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းမဟာ ခုတော့ ဟိုတစ်ကွက်ဒီတစ်ကွက် စစ်တလင်းပြင်ကြီးဖြစ်နေပါပြီ။
တနင်္သာရီတိုင်းရဲ့ အဓိက သယံဇာတ လို့ခေါ်ဆိုနိုင်တဲ့ ရေထွက်ကုန်တွေထွက်ရှိရာမြို့တွေနဲ့ ဆိပ်ကမ်းမြို့တွေ တည်ရှိရာ မြိတ်ခရိုင်ကနေ နယ်စပ် စီးပွားရေးဂိတ်တံခါး မောတောင်မြို့ အထိ တိုက်ရိုက်သွားလာနိုင်တဲ့ ဒီလမ်းကို စစ်ကောင်စီက နေ့ညမပြတ် စစ်ကြောင်းတွေ ပို့ဆောင်ပြီး နယ်မြေစိုးမိုးဖို့ကြိုးပမ်းနေပါတယ်။
စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိနေတဲ့ မောတောင်မြို့ ကို ထိန်းချုပ်ထားနိုင်ပါတယ်။
မောတောင်မြို့ကို သွားရာလမ်းကိုတော့ တော်လှန်ရေးတပ်တွေ က နယ်မြေစိုးမိုးထားတာပါ။ အဓိက ထိန်းချုပ်ထားသူတွေကတော့ ကရင်အမျိုးအစည်းအရုံး KNU တပ်မဟာ ၄ ရဲ့ တပ်ရင်း ၁၁ နဲ့ ကော်သူးလေတပ်မတော်တို့ ဖြစ်ပါတယ်။
ဒီလမ်းပိုင်းကို နယ်မြေစိုးမိုးဖို့ အလိုရှိနေတဲ့ စစ်ကောင်စီ ဟာ ၂၀၂၄ ဒီဇင်ဘာလလယ်ကစလို့ နှစ်လကျော်ကြာ ထိုးစစ်ဆင်နေပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ မောတောင်မြို့ကို ဦးတည်ထိုးစစ်ဆင်နေပေမယ့် နှစ်လကြာတဲ့ အထိ အကြောင်းမထူးသေးဘဲ တော်လှန်ရေးတပ်တွေက ခုခံထားနိုင်ဆဲဖြစ်ပါတယ်။
စစ်ကောင်စီ ရဲ့ ထိုးစစ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရဲ့ခုခံတွန်းလှန်မှုတွေ အကြား တနင်္သာရီ – မောတောင် ကားလမ်းမ ရဲ့ ဗဟိုချက်မှာရှိတဲ့ သိန်ခွန်းရွာကတော့ စစ်တလင်းပြင် အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
“ရွာက လုံးဝပျက်သွားလောက်ပြီ” လို့ တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်လာရတဲ့ သိန်ခွန်းရွာခံအမျိုးသား ကိုဝေ (အမည်လွှဲ) က ညည်းတွားဖွင့်ဟပါတယ်။
“မနေ့ကအထိ တိုက်လေယာဉ်နဲ့ ရွာကို ဗုံးလာချတုန်းပဲလေ။ အသံတွေ ကြားနေရတာပဲ” လို့သူကဆက်ပြောပါတယ်။
ကိုဝေ နဲ့ထပ်တူသိန်ခွန်းရွာခံတွေဟာလည်း “အဝတ်တထည် ကိုယ်တခု” နဲ့ ရွာကိုစွန့်ခွာလာတာ နှစ်လကျော် ရှိခဲ့ပါပြီ။ စစ်ကောင်စီက မအောင်မြင်တဲ့ ထိုးစစ်ကိုဆက်လက်တိုက်ခိုက်နေတုန်းပါ။
■ ဘာကြောင့် မောတောင်လမ်း
စစ်ကောင်စီ ဟာ ပြီးခဲ့တဲ့ နှစ် နှစ်အတွင်းမှာ နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက် အားလုံးနီးပါးကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ တွေထံ လက်လွှတ်ခဲ့ရပါတယ်။
တရုတ် – မြန်မာ နယ်စပ်ဂိတ်အများအပြားကို ၁၀၂၇ စစ်ဆင်ရေး အတွင်းမှာ ကိုးကန့်တပ် MNDAA နဲ့ တအောင်း တပ်မတော်တို့ဆီလက်လွှတ်ခဲ့ရသလို ၊ မြန်မာပြည်တောင်ပိုင်း ပြည်နယ်တွေ အတွက် အရေးပါတဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိက လမ်းမကြီး ဖြစ်တဲ့ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကိုလည်း ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ မဟာမိတ် တပ်တွေက ထိန်းချုပ်ထားပါတယ်။
ဒါ့အပြင် ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီ ကရင်အမျိုးသား အစည်းအရုံး KNU က ထိန်းချုပ်ခါနီး အထိ အခြေအနေရောက်ရှိခဲ့တာကလည်း စစ်ကောင်စီ အတွက် နောက်ထပ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု အမြန်အကောင်အထည်ဖော်ဖို့ အကြောင်းအရင်းတစ်ခုဖြစ်လာပါတယ်။
မြဝတီ တိုက်ပွဲမှာ KNU ဘက်က ပြန်လည်နောက်ဆုတ်ပေးခဲ့ရတဲ့တိုင် အာရှိလမ်းမကြီးကိုတော့ ဆက်လက်စိုးမိုးထားပါတယ်။ ဒီလမ်းပိုင်းကိုပြန်ရဖို့ စစ်ကောင်စီ ကနိုင်ငံတော် အဆင့် အောင်ဇေယျစစ်ကြောင်း နဲ့ တိုက်ခိုက်နေပမယ့် ဒီကနေ့ ထိ နယ်မြေစိုးမိုးဖို့ မတတ်နိုင်သေးပါဘူး။
တနင်္သာရီတိုင်းထဲက နယ်စပ်လမ်းပိုင်းတစ်ခုဖြစ်တဲ့ ထားဝယ် – ထီးခီး လမ်းပိုင်းဟာ လည်း ကရင်အမျိုးသား အစည်းရုံး KNU နဲ့ ကော်သူလေး တပ်မတော် KTLA တို့အပြင် ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့တွေ အပိုင်းလိုက်နယ်မြေစိုးမိုးထားတာပါ။
အဲ့လိုချိန်မှာ လက်ရှိ ထိုင်းအစိုးရ ဟာ ဆင်းခွန် -မောတောင် နယ်စပ် ဂိတ်ကို စိတ်ဝင်စားလာပါတယ်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ထဲက မောတောင်နယ်စပ်ဂိတ်နဲ့ ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခံခရိုင်၊ ပရာကျွတ်မြို့နယ်၊ဒန်းဆင်းခွန်ကျေးရွာရှိ ဆင်းခွန်နယ်စပ်ဂိတ်ကို ထိုင်းဘက်က အဆင့်မြှင့်တင်ပြီး အမြဲတမ်း ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်လာဖို့ ထိုင်း နဲ့ မြန်မာစစ်ကောင်စီတို့က စိတ်ဝင်စားလာတာပါ။
မောတောင် နယ်စပ်ဂိတ်ဂိတ် ဟာ မြိတ်မြို့ကနေ ၁၂၃ မိုင်သာ ကွာဝေးတဲ့အပြင် ဆင်းခွန်နယ်စပ်ဂိတ်ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ကီလိုမီတာ ၁၂၄ မိုင်သာကွာဝေးပြီး ဒန်းဆင်းခွန်ရွာကလည်း ဘန်ကောက်လမ်းမကြီးပေါ်မှာတည်ရှိနေတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဦးဆောင်ပြီး မောတောင် တစ်ဖက်ခြမ်းက ဆင်းခွန်ကို ရောက်လာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဆင်းခွန်ဂိတ်ကိုအမြဲတမ်းဂိတ်အဖြစ်တိုးမြှင့်သွားမယ်လို့ ထိုင်းအစိုးရ ဘက်က လေသံပစ်လာပါတယ်။
ဒီလိုအခြေအနေတွေမှာ စစ်ကောင်စီက တနင်္သာရီ-မောတောင်ကားလမ်းကို နယ်မြေစိုးဖို့ ခြေလှမ်း တစ်လှမ်းချင်း ရှေ့တိုးလုပ်ဆောင်လာပါတယ်။
စစ်ကောင်စီ ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ လောက်ကစလို့ တနင်္သာရီ- မောတောင် လမ်းပိုင်းကို စစ်ရေးပြင်ဆင်ခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးတပ်တွေဘက်ကပြောပါတယ်။
ဒီဇင်ဘာလအတွင်း ချည်းနင်းဝင်ရောက်ချိန်မှာတော့ စစ်ကောင်စီဟာ မောတောင်လမ်း နယ်မြေစိုးမိုးရေး ဗျူးဟာကိုစတင်လိုက်ပါတော့တယ်။
စစ်ကောင်စီဟာ မောတောင်မြို့မှာ ပျူစောထီးတပ်သားသစ်တွေစုဆောင်းတာ၊ နယ်ခံ အလုပ်သမားတွေ ခေါ်ယူပြီး အဓမ္မ စစ်သင်တန်းပေးတာ မြို့အပြင်ဘက်က ဘုရားတောင်ကုန်းမှာ လက်နက်ကြီးအထိုင်ချ တပ်စွဲတာ တွေ ကြိုဆင်ပြင်ဆင်ခဲ့ပါတယ်။
ဒါကို ရိပ်မိတဲ့ တော်လှန်ရေး တပ်တွေဘက်တော့ ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက တနင်္သာရီ – မောတောင် လမ်းပိုင်းကို ပိတ်ပင်လိုက်ပါတော့တယ်။
အဲ့ဒီနောက် ဒီဇင်ဘာ ၁၈ ရက်ကစလို့ တနင်္သာရီ-မောတောင်ကားလမ်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။
ဒီတိုက်ပွဲကတော့ တနင်္သာရီ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းမရဲ့ ဗဟိုချက်က သိန်ခွန်းရွာမှာ ဦးတည်ဖြစ်ပွားနေတာ နှစ်လကျော်နေရှိပါပြီ။
စစ်ကောင်စီ တပ်ရဲ့ ထိုးစစ်နဲ့ပတ်သက်ပြီး တနင်္သာရီမြို့နယ်ထဲက စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးကတော့ စစ်ကောင်စီဟာ ထိုင်းဘက်ကနေ စစ်လက်နက်ပစ္စည်းတွေသွင်းဖို့နဲ့ မောတောင်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ပြီးရင် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖော်ဆောင်နိုင်ကို ရည်ရွယ်ထားကြောင်း သိရတယ်လို့ ပြောပါတယ်။
“ဒီနှစ် မတ်လထဲမှာအပြီးထိန်းချုပ်ဖို့ အမိန့်ရထားတယ်။ ပြီးရင် အခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ကုန်သွယ်ရေးလုပ်ငန်းတွေ တာဝန်တွေ လက်နက်ကြီးအထိုင်ချတာတွေပါ အကုန်နေရာချနိုင်ဖို့ ညွှန်ကြားချက်ထုတ်ထားတယ်” လို့ စစ်ကောင်စီ နဲ့ နီးစပ်တဲ့သူကဆက်ပြောပါတယ်။
ထိုင်း နဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အရေးပေါ်အလိုရှိနေတဲ့ စစ်ကောင်စီဖို့ ဒီတိုက်ပွဲကို ရှေ့ဆက်တိုးသွားဖို့ရှိနေတယ်လို့လည်း သူကဆိုပါတယ်။
■ အားကောင်းနေဆဲ ခုခံမှုတွေ
စစ်ကောင်စီဟာ မောတောင်နယ်စပ်တပ် စကစတပ်စခန်းကို တပ်အပြောင်းအလဲပြုလုပ်ဖို့၊ မောတောင်မြို့က ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးဖို့နဲ့ တနင်္သာရီ-မောတောင်ကားလမ်းကို နယ်မြေစိုးမှု ပြန်လည်ရယူနိုင် စတဲ့ အချက်သုံးချက်နဲ့ ဒီထိုးစစ်ကို လုပ်ဆောင်နေတယ်လို့ တော်လှန်ရေး အဖွဲ့တွေက ဆိုပါတယ်။
ဒီထိုးစစ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ စတင်လိုက်ပြီး ရေဖြူ – ထုံခါ လမ်းဆုံကို စစ်ကောင်စီတပ်က အင်အား ၃၀၀ ဝန်းကျင် နဲ့ စတင်စစ်ကြောင်းထိုးခဲ့တာပါ။
စစ်ကောင်စီ စစ်ကြောင်းရဲ့ မြားဦးကတော့ ထိုင်း – မြန်မာ နယ်စပ်မျဥ်းပေါ်က မောတောင်မြို့ပါ။
နောက်တစ်နေ့ ဒီဇင်ဘာ ၁၈ ရက်မှာတော့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲ စတင်ခဲ့ပါတယ်။ တိုက်ပွဲစတင်ဖြစ်ပွားပြီး လေးရက်အကြာမှာတော့ စစ်ကောင်စီစစ်ကြောင်းက သိန်ခွန်းရွာအထိ ဆက်တိုးလာနိုင်ခဲ့ပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ သိန်ခွန်းရွာထဲကို သေနတ်တွေ တရစပ်ပစ်ခတ်ပြီး ဝင်ရောက်လာခဲ့တယ်လို့ ရွာခံတွေက ပြန်ပြောပြပါတယ်။
နှစ်လကျော်တိုက်ပွဲကာလအတွင်း စစ်တပ်နဲ့တော်လှန်ရေးတပ်တွေအကြား နေ့တိုင်းနီးပါး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ စစ်တပ်က ကုန်းကြောင်းအင်အားအပြင် လေကြောင်းပစ်ကူတွေပါသုံးပြီး ရှေ့ဆက်တိုးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သိန်ခွန်းရွာကို စစ်ကောင်စီစစ်ကြောင်း မကျော်လာနိုင်အောင် တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က ခံစစ်အခိုင်အမာနဲ့ ခုခံထားနိုင်ခဲ့ပါတယ်။
သိန်ခွန်းရွာမှာ တိုက်ပွဲကာလကြာရှည်လာတာနဲ့အမျှ စစ်တပ်ဘက်က မောတောင်မြို့ကိုဦးတည်တဲ့ နောက်ထပ်လမ်းကြောင်းတစ်ခုကနေ စစ်မျက်နှာတစ်ခု ထပ်ဖွင့်လာပါတယ်။ အဲဒါကတော့ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စုကကနေ မောတောင်မြို့၊ သဲဖြူရွာကို ဦးတည်တဲ့ လမ်းကြောင်းပါ။
အခုနှစ် ဖေဖော်ဝါရီလအစမှာ ညောင်ပင်ကွင်းအရှေ့ကမ်းရွာနဲ့ ထုံမခါရွာတဝိုက်ကို အင်အား ၁၀၀ ဝန်းကျင် ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာခဲ့ပြီး တိုက်ပွဲတွေ ထပ်မံပြင်းထန်လာခဲ့ပါတယ်။ တချိန်တည်းမှာပဲ တိုက်ပွဲကာလနှစ်လကျော်လာပြီဖြစ်တဲ့ သိန်ခွန်းရွာမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။
ကော်သူးလေတပ်မတော် KTLA ထီးဆဲ့မဲ့ရွာတပ်ရင်းရဲ့ ပြန်ကြားရေးအရာရှိ ဗိုလ်စိုင်းညီက တော့ စစ်ကောင်စီရဲ့ ထိုးစစ်နဲ့ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။
“စစ်မျက်နှာကို အနောက်ဘက်က ပြန်ဖွင့်တဲ့သဘောပဲ။ ညောင်ပင်ကွင်းစစ်မျက်နှာရော သိန်ခွန်းစစ်မျက်နှာရော နှစ်ခုစလုံးက မောတောင်ကိုပဲဦးတည်တာပါ”
သိန်ခွန်းနဲ့ ညောင်ပင်ကွင်းရွာ စစ်မျက်နှာတွေမှာ စစ်တပ်က အင်အား ၃၀၀ ကနေ ၅၀၀ ဝန်းကျင်ကြား အသုံးပြုထိုးစစ်ဆင်နေတာကို KNU တနင်္သာရီမြို့နယ်ဥက္ကဌ ပဒိုစောညာဝါးနဲ့ မြေပြင်စစ်ရေး သတင်းအရင်းအမြစ်တွေက အတည်ပြုပါတယ်။
စစ်ကောင်စီ ဟာ တနင်္သာရီ- မောတောင် လမ်းထိုးစစ်အတွင်း စစ်မှုထမ်းဥပဒေ နဲ့ အဓမ္မစုဆောင်းထားတဲ့ တပ်သားသစ်တွေကို ပိုမိုအသုံးပြုလာတယ်လို့ ဆိုပါတယ်။
အခုနှစ်လအတွင်း သိန်ခွန်းတိုက်ပွဲကိုပို့တဲ့ စစ်ကောင်စီ တပ်သားတွေထဲမှာ စစ်မှုထမ်းသင်တန်းဆင်းစစ်ကောင်စီတပ်သားတွေအများကြီးပါဝင်နေတာပါ။ ခလရ ၁၀၃ တပ်ရင်းက စစ်ကောင်စီတပ်သားတွေကလွဲလို့ ကျန်တပ်ရင်းတွေကလာသူတွေဟာ စစ်ကောင်စီတပ်သားသစ် အများစုဖြစ်တယ်လို့ ပဒိုစောညာဝါးက အတည်ပြုပါတယ်။
စစ်တပ်ရဲ့ နှစ်လတာ မောတောင်ထိုးစစ်မှာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးတာများတဲ့အပြင် ထွက်ပြေးနေတဲ့ တပ်သားအရေအတွက်လည်း များပြားခဲ့ပါတယ်။ နှစ်လအတွင်း စစ်တပ်ဘက်က အရာရှိ အပါအဝင် ၅၀ ကျော်ကျဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KTLAထီးဆဲ့မဲ့ရွာတပ်ရင်းရဲ့ ပြန်ကြားရေးအရာရှိ ဗိုလ်စိုင်းညီက တွက်ပြပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်တွေဘက်ကလည်း ကျဆုံးတဲ့ တပ်ဖွဲ့ဝင် ၉ ဦးအထိရှိနေပြီး ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။
ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု အများအပြားလုပ်ဆောင်ခဲ့တယ်လို့ တော်လှန်ရေး တပ်တွေဘက်ကပြောပါတယ်။
အဓိကတိုက်ပွဲနေရာတွေဖြစ်တဲ့ သိန်ခွန်းနဲ့ ညောင်ပင်ကွင်း ကျေးရွာအုပ်စုတွေကို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၅ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ တနင်္သာရီမြို့နယ်အတွင်းက နှစ်ဖက်တိုက်ပွဲတွေမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကို မြိတ်မြို့လေတပ်ကနေ K8W နဲ့ MI2 အမျိုးအစား တိုက်လေယာဥ်တွေနဲ့ လုပ်ဆောင်ခဲ့တာပါ။
စစ်တပ်ဟာ လေကြောင်းပစ်ကူအပြင် ဒရုန်းဗုံးသီးချတိုက်ခိုက်မှုကိုလည်း နေ့စဥ်ရက်ဆက် လုပ်ဆောင်နေပါတယ်။ နှစ်လကျော် တိုက်ပွဲကာလအတွင်း တစ်ရက်ကို ဒရုန်းနဲ့တိုက်ခိုက်မှု လေး၊ ငါးကြိမ်ထက်မနည်းရှိတယ်လို့ ADF ဒရုန်းတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ရဲဘော်ကိုဟိန်းက ဆိုပါတယ်။
စစ်တပ်ဘက်က အသုံးပြုလာတဲ့ ဒရုန်းအရွယ်အစားက အရင်ထက် ပိုကြီးသလို ဒရုန်းမှာအသုံးပြုတဲ့ ဗုံးသီးတွေရဲ့ ပေါက်ကွဲအားကလည်း အရင်ကထက် ပိုအားကောင်းလာတယ်လို့ သူက သုံးသပ်ပါတယ်။
“စစ်တပ်ဒရုန်းတွေက ပစ္စည်းကောင်းတယ်။ သုံးတဲ့ ဗုံးသီးတွေကလည်း စက်ရုံထုတ်တွေဖြစ်တဲ့အတွက် ပေါ့ပါးပြီး ပေါက်ကွဲမှုအားပြင်းတယ်။ နောက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်ရဲ့ ဒရုန်းက အတော်လေး သတိထားရမဲ့အထဲ ပါလာတယ်” လို့ ADF ဒရုန်းတပ်ဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။
တနင်္သာရီ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်က နှစ်လကြာတိုက်ပွဲနဲ့ပတ်သက်လို့ KNU တနင်္သာရီမြို့နယ်ဥက္ကဌ ပဒိုစောညာဝါးကတော့ အခုလို သုံးသပ်ပါတယ်။
“အရင်က တိုက်ပွဲတွေမှာ ဒီလိုမျိုး အခိုင်အမာပုံစံနဲ့ ရက်အကြာကြီး ပြန်မတိုက်ခဲ့ဖူးဘူး။ အခုက ရက်ပေါင်းတော်တော်ကြာ စစ်တပ်ဘက်က ရှေ့တက်လို့မရအောင် ခံတိုက်ထားတယ်ဆိုတော့ လေကြောင်းပစ်ကူတွေပိုအားကိုးလာတာပါ”
■ စစ်ကောင်စီ ထိုးစစ်ကြားက ဓားစားခံတွေ
စစ်ကောင်စီတပ်က တနင်္သာရီ-မောတောင်ကားလမ်းကို နယ်မြေစိုးမိုးဖို့ ကြိုးပမ်းတဲ့ ထိုးစစ်ကြောင့် စစ်တလင်းဖြစ်ခဲ့တဲ့ ကျေးရွာတွေ ကတော့ သိန်ခွန်းနဲ့ ညောင်ပင်ကွင်ကျေးရွာအုပ်စုတွေ ဖြစ်ပါတယ်။
တိုက်ပွဲကာလ နှစ်လကျော်မှာ အိုးပစ်၊ အိမ်ပစ်ထွက်ပြေးခဲ့ကြရတဲ့ စစ်ရှောင်အရေအတွက်ကတော့ ၄၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ နွေဦးမေတ္တာစစ်ရှောင်ကူညီရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ သိန်ခွန်းနဲ့ ညောင်ပင်ကွင်ကျေးရွာအုပ်စုက ဒေသခံတွေ အရေးပေါ် စစ်ရှောင်ခဲ့ကြရတာပါ။
ယမ်းငွေ့တွေကြား စစ်တလင်းဖြစ်ခဲ့ရတဲ့ သိန်ခွန်းကျေးရွာအုပ်စုကနေ စစ်ရှောင်လာရတဲ့ ဒေသခံ ၁၇၀၀ ကျော်မှာ သိန်ခွန်းရွာသား ကိုဝေတစ်ယောက်လည်း အပါအဝင်ပါ။
ကိုယ်တိုင်လည်းစစ်ရှောင်ဖြစ်နေတဲ့ ကိုဝေဟာ သူ့အမျိုးတွေရှိတဲ့ မြိတ်မြို့ကိုသွားလို့ရပေမဲ့ သူ့ရွာကစစ်ရှောင်တွေနဲ့အတူနေထိုင်ပြီး ကူညီပေးဖို့ကို ရွေးချယ်ခဲ့သူပါ။
သူ့အမျိုးသမီးနဲ့ သမီးလေးနှစ်ယောက်ကိုတော့ မြို့ကိုသွားစေခဲ့ပါတယ်။ သူဟာ သိန်းခွန်းရွာစစ်ရှောင်တွေရဲ့ လတ်တလောစားဝတ်နေရေးအတွက်ကို အလှူရှင်တွေနဲ့ ချိတ်ဆက်တာ၊ စီမံခန့်ခွဲတာတွေကို လုပ်ကိုင်ပေးနေပါတယ်။
ကိုဝေရဲ့ ပြောပြချက်အရ သိန်ခွန်းရွာကို စစ်တပ်စဝင်လာချိန်မှာ စစ်မရှောင်ဘဲကျန်နေတဲ့ သိန်ခွန်းရွာသား ၃၀၀ ဝန်းကျင်လောက် ရွာထဲမှာတစ်ပတ်လောက်ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဟာရွာသားတွေကို ကိုယ့်အိမ်တွေကနေ အပြင်ထွက်ခွင့်မပေးခဲ့ဘူးလို့ သူကပြောပြတယ်။
ရွာထဲမှာ ရွာသားတွေပိတ်မိနေခဲ့တဲ့ တစ်ပတ်တာအတွင်း သိန်ခွန်းရွာမှာ လူ ၃၀ ထက်မနည်း လူသားဒိုင်းအတွက် အဖမ်းခံခဲ့ရပြီး ဖမ်းခံရတဲ့ထဲကရွာသားတစ်ယောက်ကတော့ အခုထိ အစအနပျောက်နေတယ်လို့ ကိုဝေက စိတ်မသက်မသာနဲ့ ပြောပါတယ်။
ရွာကလူတွေ နေရာအနှံ့ပျံ့ကျဲနေခဲ့တဲ့ အဲ့ဒီကာလမှာ သိန်ခွန်းရွာက ဆယ်ကျော်သက်အမျိုးသမီးငယ် ၃ ယောက် ကို စစ်တပ်က အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ကိုဝေတို့ရွာသားတွေဆက်တိုက် ကြားခဲ့ရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ လိုက်စုံစမ်းခဲ့ပေမဲ့ အတိအကျ မသိရလို့ ကိုဝေတို့ သိန်ခွန်းရွာသားတွေ စိတ်မတင်မကျနဲ့ ဖြစ်နေကြရပါတယ်။
စစ်ရှောင်ကာလအတွင်း သေဆုံးခဲ့တဲ့ သိန်ခွန်းရွာသားစစ်ရှောင်တွေကတော့ ၄ ယောက်ရှိပြီဖြစ်တယ် လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က သိန်ခွန်းရွာမှာ ပစ္စည်းပြန်သွားယူတဲ့ စစ်ရှောင်အမျိုးသားတစ်ဦး မိုင်းနင်းမိသေဆုံးခဲ့ပါတယ်။
နောက်ထပ်သေဆုံးသူ ၃ ယောက်ကတော့ အသက် ၆၀ ဝန်းကျင်အရွယ် စစ်ရှောင်အမျိုးသားတွေဖြစ်ပြီး စစ်ရှောင်နေချိန် မြေပြင်မှာဖြစ်သလိုအိပ်ရတာမို့ လေဖြတ်သေဆုံးခဲ့ကြတာပါ။
နှစ်လကျော်တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ရှို့မီး၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြောင့် ပျက်စီးခဲ့တဲ့အိမ်အရေအတွက်ကတော့ ၆၀ ဆောင်ထက်မနည်းရှိခဲ့ပါတယ်။ အခုလ ၁၇ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ပင်ကွင်းရွာက နေအိမ်တွေ မီးလောင်ပျက်စီးပြီး ဒေသခံတွေလည်း အရေးပေါ် စစ်ရှောင်ခဲ့ကြရပါတယ်။
နောက်တနေ့ ဖေဖော်ဝါရီလ ၁၈ ရက် မွန်းလွဲပိုင်းမှာ ညောင်ပင်ကွင်းရွာဒေသခံ စစ်ရှောင် အမျိုးသမီးနဲ့ ကလေးစုစုပေါင်း ၁၃ ဦး လိုက်ပါလာတဲ့ လိုက်ထရပ်ကားဟာ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ပနပ်ငယ်ရွာကားလမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ နှစ်ဖက်တိုက်ပွဲကြားညှပ်ခဲ့ပြီး ဒရုန်းဗုံးသီးထိမှန် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။
KNU တနင်္သာရီမြို့နယ်ဥက္ကဌ ပဒိုစောညာဝါးကတော့ အခုလက်ရှိစစ်ရေးအခြေနေတွေအရ စစ်တပ်ဘက်ကလည်း မောတောင်ကိုရောက်အောင် ထိုးစစ်ဆင်သွားဖို့ရှိနေပြီး တော်လှန်ရေးတပ် တွေဘက်ကလည်း ခံစစ်အထပ်ထပ်နဲ့ ခုခံသွားမှာဖြစ်တဲ့အတွက် တိုက်ပွဲကာလကြာရှည်ဦးမှာ ဖြစ်တယ်လို့ ခန့်မှန်းပါတယ်။
“အခုစစ်တပ်ဘက်က ထိုးစစ်မှာ ပြည်သူတွေကတော့တော်တော်လေးကို ဒုက္ခတွေ့ရတယ်ပေါ့။ ကျနော်တို့လည်း ထုတ်ပြန်ချက်တွေထုတ်ထားပါတယ်။ ရိက္ခာတွေ ဆေးဝါးတွေကို အတတ်နိုင်ဆုံး သိုလှောင်ထားဖို့ပါ။ ဒီတိုက်ပွဲ ဘယ်ထိဆက်ကြာမလဲဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး” လို့ သူက ပြောပါတယ်။
စစ်ကောင်စီ ရဲ့ ထိုးစစ်ကြောင့် ဇာတိချက်ကြွေရွာ နဲ့ နေအိမ်ပျောက်ခဲ့ရသူ ကိုဝေကတော့ သူ နဲ့ သူ့ရွာခံတွေ အဖို့ မျှော်လင့်ချက်မဲ့ နေပြီလို့ ရင်ဖွင့်ပါတယ်။
“ရွာသားတွေကတော့ ရွာပြန်ရဖို့ကိုပဲ တရက်ပြီး တစ်ရက် စောင့်နေတာပေါ့။ ဒါပေမဲ့လည်း စစ်ရေးအခြေအနေအရ မျှော်လင့်ချက်မဲ့နေတဲ့ လူတွေပဲ ပိုများတယ်။ ဘဝတစ်ခုကို ပြန်ထူထောင်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။” လို့ဆိုပါတယ်။
ဟန်သာ
The Tanintharyi Times