မောတောင် – ဆင်းခွန် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ဖို့ ထိုင်းကအလိုရှိနေမဲ့ စစ်ကောင်စီက နယ်မြေစိုးမိုးမှုမရှိ လို့အခက်တွေ့နိုင်
မောတောင် – ဆင်းခွန် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ဖို့ ထိုင်းကအလိုရှိနေမဲ့ စစ်ကောင်စီက နယ်မြေစိုးမိုးမှုမရှိ လို့အခက်တွေ့နိုင်

တနင်္သာရီမြို့နယ်က မောတောင်နယ်စပ်ဂိတ်နဲ့ ကုန်သွယ်ရေးလုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံဆင်းခွန်ယာယီ နယ်စပ်ဂိတ်ကို အမြဲတမ်းဂိတ်အဖြစ်ဖွင့်လှစ်နိုင်ဖို့ ထိုင်းဘက်ကစီစဥ်နေပေမဲ့ မြန်မာနယ်စပ်ဘက်ခြမ်း မှာ စစ်ကောင်စီက နယ်မြေစိုးမိုးမှု မရှိဘူးလို့ မောတောင်ဒေသမှာ အခြေစိုက်တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
လက်ရှိမှာ မောတောင်နယ်စပ်ဂိတ်ဟာ အမြဲတမ်းဂိတ်ဖြစ်ပေမဲ့ ဆင်းခွန်ဂိတ်ကတော့ အထူးယာယီနယ်စပ်ဂိတ်အဖြစ်သာရှိနေသေးပြီး အမြဲတမ်းဂိတ်အဖြစ် အဆင့်မြှင့်နိုင်ဖို့ကို ထိုင်းတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဧပြီလအစက စတင်ဆွေးနွေးခဲ့ကြတာကို ဧပြီလ ၉ ရက်နေ့မှာ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ဒါပေမဲ့ တနင်္သာရီမြို့နယ်ရဲ့ စစ်ရေးအခြေအနေ၊ နယ်မြေမလုံခြုံမှု၊ လမ်းကြောင်းပိတ်ဆို့မှုနဲ့ စစ်ကောင်စီရဲ့ နယ်မြေမစိုးနိုင်မှုတွေကြောင့် မောတောင်-ဆင်းခွန် နယ်စပ်ကုန်သွယ်ရေး အကောင်အထည်ဖော်ဖို့ လွယ်ကူမှာမဟုတ်ဘူးလို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
မြို့ခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ မောတောင်မြို့ပေါ်ကလွဲလို့ မောတောင်နယ် မြေကနေ ဘုတ်ပြင်းနယ်မြေအထိကို KNUတပ်မဟာ ၄၊ တပ်ရင်း၁၁ နဲ့ ကော်သူးလေအာမီတို့က လမ်းပိုင်းအလိုက် နယ်မြေစိုးမိုးထားပြီး စစ်ကောင်စီဘက်က နယ်မြေစိုးမိုးနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
“ကျနော်တို့ဘက်က နယ်မြေထိန်းချုပ်နိုင်မှုကတော့ ကိုးဆယ်ရာခိုင်နှုန်းနဲ့ အထက်မှာရှိပါတယ်။ မောတောင်မြို့ထဲမှာတော့ စစ်ရေးလှုပ်ရှားမှုမလုပ်ဘူး။ စစ်ရေးကိစ္စအလုပ်လုပ်ဖို့ရှိရင်တော့ ကျနော်တို့ဘက်က အဲ့ဒီကုန်သွယ်မှုလမ်းပိုင်းကို ပိတ်ချလိုက်တာများပါတယ်။ စစ်ကောင်စီက လုပ်ချင် သွားချင်တဲ့အတိုင်း သွားဖို့လာဖို့မလွယ်အောင်ပါ” လို့ KNU တနင်္သာရီမြို့နယ် ဥက္ကဌ ပဒိုညာဝါးက လက်ရှိ နယ်မြေစိုးမိုးမှု အခြေအနေနဲ့ ကုန်သွယ်မှုလမ်းကြောင်းအခြေအနေကို ရှင်းပြပါတယ်။
ထိုင်းနိုင်ငံ ဆင်းခွန် ယာယီနယ်စပ်ဂိတ်ကို အမြဲတမ်းဂိတ်အဖြစ်ဖွင့်လှစ်ဖို့ စီစဥ်တာ၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တိုးမြှင့်တာနဲ့ပတ်သက်လို့ KNU အနေနဲ့ကလည်း ထိုင်းနဲ့ အထိုက်အလျောက်ဆက်ဆံရေးတွေရှိတဲ့အတွက် နယ်စပ်ဂိတ်အနီးမှာ စစ်ရေးဖော်ဆောင်မယ့် အခြေအနေတွေကို ပြောဖို့ ခက်ပေမယ့် မောတောင်ကနေ ပြည်တွင်းကို ပြန်လည်ပို့ဆောင်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကတော့ ပိတ်ဆို့မှုရှိနိုင်တယ်လို့ ပဒိုညာဝါးက သူရဲ့ အမြင်ကို သုံးသပ်ပြောဆိုပါတယ်။
ဒါ့အပြင် နယ်စပ်ကိစ္စဖြစ်တဲ့အတွက် မြို့နယ်တပ်ရင်းတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိဘူးလို့ ပဒိုညာဝါးက ဆိုပါတယ်။
“ လက်ရှိအနေအထားအရ စစ်ကောင်စီဘက်က နယ်စပ်ဂိတ်တွေကို မောတောင်နယ်စပ်ဂိတ်မှမဟုတ်ဘူး။ နယ်စပ်ဂိတ်တော်တော်များများကို ဖွင့်ဖို့အတွက်က သူတို့ရဲ့ သဘောထားနဲ့ပဲ လုပ်လို့တော့မရဘူး။ သဘောတူညီချက်မရှိဘူးဆိုရင် ကျနော်တို့ဘက်က ဒီလမ်းပိုင်းတွေကို အကုန်လုံးထိန်းထားနိုင်တာ ဖြစ်တဲ့အတွက် ခွင့်မပြုရင် လာလို့မရပါဘူး” လို့ ပဒိုညာဝါးက ဆိုပါတယ်။
မောတောင်မြို့ခံတွေကတော့ စစ်ရေးအခြေအနေနဲ့ နယ်မြေလုံခြုံရေးတွေကြောင့် နယ်စပ်ဂိတ် ကုန်သွယ်ရေးတိုးမြှင့်ဖို့က အဆင်ပြေနိုင်ချေနည်းတယ်လို့ ခန့်မှန်းပြောဆိုနေကြပေမဲ့ နယ်စပ်ဂိတ် ကုန်သွယ်ရေးကို အမြဲတမ်းအနေနဲ့ တိုးမြှင့်နိုင်ရင်တော့ ဒေသခံတွေအတွက် အလုပ်အကိုင်နဲ့ ဝင်ငွေ တိုးလာနိုင်တဲ့အတွက် အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်တယ်လို့ တနင်္သာရီတိုင်းမ်ကို ပြောကြပါတယ်။
“ကျမတို့လည်း ဒီအကြောင်းကို ကြားထားပါတယ်။ ပြည်တွင်းစစ်ကဖြစ်နေတော့ သိပ်တော့ မမျှော်လင့်ရဲပါဘူး။ ဖြစ်သွားရင်တော့ ကျမတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းပိုကောင်းသွားမှာပေါ့” လို့ မောတောင်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်ကုန်သွယ်မှုကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလက ကိုဗစ်-၁၉ ကြောင့် ထိုင်းဘက်က ယာယီပိတ်သိမ်းထားခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၂၁ ဖေဖော်ဝါရီလမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လူဖြတ်သန်းသွားလာခွင့်မပေးပဲ ကုန်ပစ္စည်းသာ သယ်ယူပို့ဆောင်ခွင့်ပြုထားပါတယ်။
The Tanintharyi Times